၂၀၂၂ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ တိုက်ပွဲဝင်ရမဲ့အရာဖြစ်ပြီး အခွင့်အလမ်းအတွက်လှေကြုံလိုက်စရာနေရာမဟုတ်ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲ မဖြစ်အောင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို
📌 ၃။ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်နဲ့လေကြောင်းမှပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဝမ်းဗိုက်ထိမှန်သေဆုံး
📌 ၄။ မြောင်မြို့နယ်မှာ စကစတပ်များစစ်ကြောင်းထိုးမယ့်အခြေအနေများရှိ၍ ဒေသခံပြည်သူများသတိပြုရန် မြောင် MUA တပ်ကသတိပေး
📌 ၅။ ရေဦးမှ ခင်ဦးနယ်ဘက်သို့ရိက္ခာလာပို့သော မိုးကာအုပ်စစ်ကားအတွက် လုံခြုံရေးပေးရန်လာသော စကစတပ်များလမ်းမှာ မိုင်းဆွဲခံရ
📌 ၆။ မမများနဲ့ပွဲကမယ်ပရော့ဂျက် သိန်း ပေါင်း (၁၅၀၀၀) ရည်မှန်းထက်ကျော်လွန်အောင်မြင်
📌 ၇။ တော်လှန်အင်အား ဖယ်ဒရယ်ဖလား ဂျပန်နိုင်ငံ Yokohama တွင်ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ တိုက်ပွဲဝင်ရမဲ့အရာဖြစ်ပြီး အခွင့်အလမ်းအတွက်လှေကြုံလိုက်စရာနေရာမဟုတ်ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
နွေဦးတော်လှန်ရေးဟာ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမဲ့အရာဖြစ်ပြီး အခွင့်အလမ်းအတွက်လှေကြုံလိုက်စရာနေရာမဟုတ်ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက အောက်တိုဘာ ၁၇ ရက်မှာလူမှုကွန်ရက်မှတစ်ဆင့်ပြောကြားလိုက်ပါတယ်။
"တော်လှန်ရေးဆိုတာ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမဲ့အရာပါ။ အခွင့်အလမ်းအတွက် ရေစုန်မှာ လှေကြုံလိုက်စရာနေရာမဟုတ်ပါဘူး။တော်လှန်ရေးဆိုတာ ကိုယ်ကျတဲ့နေရာမှာ တာဝန်ယူရသလို တာဝန်လဲ ကျေရမဲ့နေရာပါ။ ပွဲလန့်တုန်း ဖျာခင်းပြီး နေရာရှာဖို့မဟုတ်ပါဘူး။ ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကိုသွေးအေးသွားရင် ခွင့်မလွှတ်ကြေးလို့ ခံယူပြီးသားပါ"လို့ဆိုပါတယ်။
လက်ရှိမှာ နွေဦးတော်လှန်ရေးကို ပြည်သူအများစုဟာ ငွေတိုက်စာချုပ်များဝယ်ယူခြင်းနဲ့ EOD ရှယ်ယာများဝယ်ယူခြင်းတို့အပြင် အညာဒေသခံများဟာ လက်ဝတ်ရတနာများကိုပါ ချွတ်၍ တော်လှန်ရေးအတွက်ကူညီပေးအပ်လျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲ မဖြစ်အောင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို
အကြမ်းဖက် စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲ မဖြစ်အောင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်လို့ အောက်တိုဘာ ၁၆ ရက် မှာကျင်းပတဲ့ ချောင်းဦး PDF-Project 10K ထောက်ပို့ကံစမ်းလက်မှတ်များဆုမဲဖောက်ပွဲအခမ်းအနားမတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။
"အကြမ်းဖက် စစ်ကောင်စီကို တိုက်ထုတ်ဖို့က ၂၀၂၃ ဟာအရေးကြီးတဲ့နှစ်ဖြစ်တယ်။ သူတို့ဘက်ကလည်းတရားဝင်ဖြစ်ဖို့ဆိုရင် ဒီရွေးကောက်ပွဲကိုလုပ်မယ်။ဒီရွေးကောက်ပွဲကို ဘယ်လိုမှ ခွင့်ပြုလို့မရဘူး။ သူတို့ရဲ့ ဟန်ပြရွေးကောက်ပွဲ ၊တိုင်းပြည် ချောက်ထဲ ထိုးဆင်းသွားအောင် လုပ်မယ့်ရွေးကောက်ပွဲကို အရှိန်အဟုန်မပျက်တိုက်ခိုက်သွားဖို့လိုတယ်။ဒီရွေးကောက်ပွဲ မဖြစ်ဖို့ အားလုံးပူးပေါင်းလုပ်ဆောင်သွားဖို့လိုပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လမှာ စကစဟာ ရွေးကောက်ပွဲတစ်ခုကျင်းပကာ နိုင်ငံရေးထွက်ပေါက်ရှာဖွေဖို့လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်နဲ့လေကြောင်းမှပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဝမ်းဗိုက်ထိမှန်သေဆုံး
အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း ၈ နာရီ ၃၀ အချိန်မှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့တာလို့ burmese independent armyကအတည်ပြုခဲ့ပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရဟတ်ယဥ်နဲ့ လာပစ်ပါတယ်။ဝက်လက်မြို့နယ် ယင်းမတောက မိန်းကလေးတယောက်ဗိုက်ကိုမှန်ပြီးသေသွားပါတယ်။ မြေပြင်ကထပ်လာမှာစိုးပြီး ပြည်သူများ ပြေးနေကြရပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာ၁၇ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း အရာတော်နယ် မူးမြစ်တလျှောက်ကို အကြမ်းဖက် စစ်တပ်က Mi35တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်တို့ကအတည်ပြုပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကို အောက်တိုဘာ လအတွင်းလေကြောင်းတိုက်ခိုက်မှုများ အပြင်းအ ထန်လုပ်ဆောင်နေပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၄။ မြောင်မြို့နယ်မှာ စကစတပ်များစစ်ကြောင်းထိုးမယ့်အခြေအနေများရှိ၍ ဒေသခံပြည်သူများသတိပြုရန် မြောင် MUA တပ်ကသတိပေး
စစ်ကိုင်းတိုင်းမြောင်မြို့နယ်မှာ စကစတပ်များစစ်ကြောင်းထိုးမယ့်အခြေအနေများရှိ၍ ဒေသခံပြည်သူများသတိပြုရန် အောက်တိုဘာ ၁၇ ရက်နေ့မှာ မြောင် MUA တပ်ကအသိပေးဆိုပါတယ်။
"မြောင် ကျောက်ရစ် စကစတပ် တွေ အယောင်ပြ ချီစစ်ထိုးနေပါတယ်။မနေ့ကညနေက ကျောက်ရစ်ခြံက တစ်ဖွဲ့က အနောက်ရွာဘက် သေနတ်ဖောက်ဝင် ပါတယ်။ကျန်စကစတပ်တချို့တွေက မြစံ၊ အုန္နဲဘုတ်၊ တွင်းကြီး ကြား အထွက်ပြကာ နေမဝင်မီ ခြံထဲ ပြန်ဝင်သွားတယ်။ခန့်မှန်း ရသလောက် သည်နေ့ ညပိုင်းမှာ ကျောက်ရစ် အရှေ့ဘက် ဘူးကိုင်း ဆင်မင်း ၊ ကိုးပင် ကင်းကျောင်ကြီးဘက်ဆီ စကစတပ်တွေ ထွက်လာ နိုင်တယ်"လို့ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက်ညပိုင်းကို ဒေသခံပြည်သူများသတိပြုရန် ကျောက်ရစ်ပက်ချာလည် ပြည်သူများ အထူး ဂရုစိုက်မြောင် MUA ကဆိုပါတယ်။
========================
📌📌 ၅။ ရေဦးမှ ခင်ဦးနယ်ဘက်သို့ရိက္ခာလာပို့သော မိုးကာအုပ်စစ်ကားအတွက် လုံခြုံရေးပေးရန်လာသော စကစတပ်များလမ်းမှာ မိုင်းဆွဲခံရ
စစ်ကိုင်းတိုင်း ရေဦးမှ ခင်ဦးနယ်ဘက်သို့ရိက္ခာလာပို့သော မိုးကာအုပ်စစ်ကားအတွက် လုံခြုံရေးပေးရန်လာသော စကစတပ်များလမ်းမှာ မိုင်းဆွဲခံရတယ်လို့ အောက်တိုဘာ- ၁၇ ရက် နံနက်-၉ နာရီ ၃၀ အချိန်မှာ ကားမိုင်းမိတာတွေရှိတယ်လို့ တော်လှန်ရေးအင်အားစုများထံက သတင်းရရှိပါတယ်။
"ယနေ့မနက်ပိုင်း ရေဦးမှ ခင်ဦးနယ်ဘက်သို့ မိုးကာအုပ်စစ်ကားကြီး၁ကြီးဖြင့် မူးတိမ်ချောင်းတံတား စကစတပ် ပျူများထံ လက်နက်စားရိက္ခာများ လာရောက်ပို့ဆောင်ရာတွင် ရွာသစ်ကုန်းနှင့် မူးတိမ်ချောင်းတံတားဝပ်ကျင်းမှ စကစတပ်များဟာ လမ်းပိုင်းလုံခြုံရေးအတွက် အင်းပတ်ကွေ့-သရက်ပင်စု-မြင်းဒေါင်း လမ်းပိုင်းတစ်လျှောက် ဖြန့်ကျက်နေရာယူဖို့ လာရာ လမ်းမှာ မိုင်းများဆွဲခံခဲ့ရပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ စကစတပ်များအသေအပျောက်မသိရသေးပေမယ့် ၄င်းတို့ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သရက်ပင်စု ကျေးရွာမှ အသက် ၅၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး လက်နက်ငယ် မှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မမများနဲ့ပွဲကမယ်ပရော့ဂျက် သိန်း ပေါင်း (၁၅၀၀၀) ရည်မှန်းထက်ကျော်လွန်အောင်မြင်
မမများနဲ့ပွဲကမယ်ပရော့ဂျက် သိန်း ပေါင်း (၁၅၀၀၀) ရည်မှန်းထက်ကျော်လွန်အောင်မြင်ခဲ့တယ်လို့ အောက်တိုဘာလအတွင်းမှာ မမများနဲ့ပွဲကမယ် ပရော့ဂျက်ကအသိပေးဆိုပါတယ်။
"မမများနဲ့ပွဲကမယ်ပရော့ဂျက် သိန်း ပေါင်း (၁၅၀၀၀) ရည်မှန်းထားသော်လည်းသိန်းပေါင်း (၁၅၄၃၀) ဖြင့်အောင်မြင် စွာပြီးဆုံးခဲ့တယ်"လို့ဆိုပါတယ်။ ပရော့ဂျက်တွေအများကြီးရှိခဲ့တာကြောင့် ချင်း၊ မကွေးပွဲဟာ နှေးခဲ့ပေမယ့် ပြည်သူတွေရဲ့စေတနာကြောင့် ပွဲပြီးချိန်မှာတော့ ရာခိုင်နှုံးပြည့်မှီအောင်မြင်ခဲ့တယ်လို့ဆိုပညတယ်။
အဆိုပါရရှိငွေများကိူ ချင်းပြည်နယ်နဲ့မကွေးတိုင်းက တော်လှန်ရေးအင်အားစုများကို ပေးပို့ထောက်ပံ့မှာဖြစ်ပါတယ်။ ရှေ့ပရောဂျက် (၃) ခုအောင်မြင်ပြီးနောက် စတုတ္ထမြောက်ပရော့ဂျက်ကိုလည်းမကြာမီကြေညာပေးမယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ တော်လှန်အင်အား ဖယ်ဒရယ်ဖလား ဂျပန်နိုင်ငံ Yokohama တွင်ကျင်းပ
တော်လှန်အင်အား ဖယ်ဒရယ်ဖလား ဂျပန်နိုင်ငံ Yokohama တွင် အောက်တိုဘာ၁၆ရက်နေ့မှာ ဖယ်ဒရယ်ဖလားဘောလုံးပြိုင်ပွဲကိုကျင်းပခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားရုံးကဖော်ပြပါတယ်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း ဂျပန် (AUN-Japan) မှ ပြည်တွင်းတော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားဒေသများသို့ လှူဒါန်းနိုင်ရန် ကျင်းပပြုလုပ်သည့် ‘တော်လှန်အင်အား ဖက်ဒရယ်ဖလား’ ရံပုံငွေပွဲတွင်ပါဝင်သော အသင်း ၄၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန် နိုင်ငံဆိုင်ရာကိုယ်စားလှယ်မှတက်ရောက်ခဲ့ပါတယ်။ ၄င်းနောက်ဂျပန် နိုင်ငံဆိုင်ရာကိုယ်စားလှယ်မှ အမှာစကားပြောကြားပြီးဂုဏ်ပြုလွှာများကိုပေးအပ်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment