၂၀၂၂ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေး အစွဲတွေကို ကျော်နိုင်ဖို့ လိုမယ်လို့ ယာယီသမ္မတဒူဝါလရှီးလ ပြောကြား
📌 ၂။ Transitional Constitution ရေးဆွဲရေးအင်မတန် အရေးကြီးတာမို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကပြင်ဆင်သင့်တာကို အသင့်ပြင်ဆင်ထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၃။ နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန်ဖက်ဒရယ်ရေးရာဝန်ကြီး ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိ
📌 ၄။ လွတ်လပ်တဲ့တရားစီရင်ရေး ဖွဲ့စည်းနိုင်ပြီဖြစ်လို့ အမှုအခင်းတွေကို တိုင်တန်းနိုင်တယ်လို့ ကာကွယ်ရေး ဒုဝန်ကြီးအသိပေး
📌 ၅။ ပြည်တွင်းနေရပ်စွန့်ခွာနေရသူအမျိုးသမီးနှင့် ကလေးငယ်များ စားနပ်ရိက္ခာနှင့် အာဟာရ မပြည့်ဝမှု၊ ခိုလှုံရန်နေရာအခက်အခဲများကို ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၆။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသော ကိုမောင်ငယ်သည် လွိုင်ကော် အကျဉ်းထောင်တွင်း လုံလောက်သော ဆေးကုသခွင့် မရ၍ သေဆုံး
📌 ၇။ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ ရေးသားပြုစုထားတဲ့ “ငရဲခန်းမှ လက်ရုံးများဆန့်တန်းခြင်း” စာအုပ်ကိုဖြန့်ချိ
📌 ၈။ နှလုံးသားတွေနေတဲ့အိမ် အမည်နဲ့ ပီဒီအက်ဖ်ရဲဘော်များ၏ ကဗျာစာအုပ် ထွက်ရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေး အစွဲတွေကို ကျော်နိုင်ဖို့ လိုမယ်လို့ ယာယီသမ္မတဒူဝါလရှီးလ ပြောကြား
အောက်တိုဘာ ၁၈ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားလိုက်ပါတယ်။
"မြန်မာ့နွေဦးတော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နဲ့ ဦးတည်ချီတက်နေကြတာ မဟုတ်ဘဲ အားလုံးပါဝင်မှုဆိုတဲ့ မူကို ကိုင်ပြီး ချီတက်နေကြတာကိုလည်း အားလုံးအသိပင် ဖြစ်ပါတယ်။ အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ပြီးတော့ နွေဦးတော်လှန်ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆပါတယ်။မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့ နေရာမှာ သဘောထားအမြင် ကျဉ်းမြောင်းစွာ ချည်းကပ်လုပ်ဆောင်ဖို့ မသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေး အစွဲတွေကို ကျော်နိုင်ဖို့ လိုပါလိမ့်မယ်"လို့ဆိုပါတယ်။
ဒါ့အပြင် "အုပ်စုအကျိုးစီးပွားတွေအပေါ်မှာပဲ ကျောက်ချနေမယ်ဆိုရင် ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ သေးငယ်ပြီး ကျုံ့ဝင်သွားပါလိမ့်မယ်။ ကြီးမားကျယ်ပြန့်ပြီး အားကောင်းတဲ့ လူထုတော်လှန်ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကို သတိချပ်ပြီးတော့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ မဟာမိတ်ဆက်ဆံရေး တပ်ပေါင်းစုကို အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်နဲ့ ပတ်သက်ပြီး လက်ရှိ ဖြတ်သန်းနေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့လည်း လိုက်ဖက်သင့်တော်ပြီး လက်တွေ့အသုံးပြုဖို့ ဖြစ်နိုင်ချေရှိတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သင့်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ Transitional Constitution ရေးဆွဲရေးအင်မတန် အရေးကြီးတာမို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကပြင်ဆင်သင့်တာကို အသင့်ပြင်ဆင်ထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
အောက်တိုဘာ ၁၈ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြေက အခုလိုပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ Road Map ကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်နေအောင်၊ နားလည်နေအောင် နိုင်ငံ တကာကိုလည်း ရှင်းပြနိုင်ဖို့ လိုပါတယ်။ ဒီ Road Map ထဲက အဆင့်နံပါတ် (၆) ဖြစ်တဲ့ Transitional Constitution ရေးဆွဲရေးကိစ္စဟာလည်း အင်မတန် အရေးကြီးတာမို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း ပြင်ဆင်သင့်တာကို အသင့်ပြင်ဆင်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ Transitional Constitution Working Group မှာလည်း မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ လိုအပ်ပါလိမ့်မယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးအဖွဲ့အတွင်းပေါင်းစပ်လုပ်ဆောင်ရမယ့်ကိစ္စတွေကိုလည်း ပေါင်းစပ် လုပ်ဆောင်ကြရင်း တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့လည်း ပေါင်းစပ်ညှိနှိုင်းကာ တော်လှန် ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်ဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားကြဖို့အတွက်လည်း ပြည်ထောင်စုဝန် ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန်ဖက်ဒရယ်ရေးရာဝန်ကြီး ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိ
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း ဟာအောက်တိုဘာလ (၁၈) ရက်မှာ ကိုရီးယားသမ္မတနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။
ကိုရီးယား သမ္မတနိုင်ငံ Asia Center - Seoul National University တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၁) ရက်သောကြာနေ့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖက်ဒရယ်ရေးရာဝန်ကြီးဒေါက်တာ လျန်မှုန်းဆာခေါင်းဟာ အထူးဖိတ်ကြားခံခဲ့ရပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် တောင်ကိုရီးယားနိုင်ငံတွင် ရက်သတ္တပတ် တစ်ပတ်ကြာ နေထိုင်ပြီး ကိုရီးယားသမ္မတနိုင်ငံအစိုးရ အာဏာပိုင်အဖွဲ့အစည်းများ၊ ကိုရီးယားအစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ကိုရီးယားနိုင်ငံရောက် ချင်းတိုင်းရင်းသားနှင့်အတူ မြန်မာနိုင်ငံသား မိသားစုများနှင့်လည်း တွေ့ဆုံသွားရန် အစီစဉ်ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ လွတ်လပ်တဲ့တရားစီရင်ရေး ဖွဲ့စည်းနိုင်ပြီဖြစ်လို့ အမှုအခင်းတွေကို တိုင်တန်းနိုင်တယ်လို့ ကာကွယ်ရေး ဒုဝန်ကြီးအသိပေး
အောက်တိုဘာ ၁၆ ရက် ကျင်းပတဲ့ချောင်းဦး PDF-Project 10K ထောက်ပို့ကံစမ်းလက်မှတ်များဆုမဲဖောက်ပွဲအခမ်းအနားမှာ ကာကွယ်ရေး ဝန်ကြီး ဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်က အခုလိုဆိုလိုက်ပါတယ်။
"ဒီတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးပါ။NUGအစိုးရရဲ့ တော်လှန်ရေးတစ်ခုတည်းမဟုတ်ပါဘူး။အခုဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေး ဆိုတာလည်းဖွဲ့နိုင်ခဲ့ပြီ။အမှုအခင်းတွေ ဖြစ်လာလို့ရှိရင် တိုင်တန်းကြပါ"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြို့နယ်၂၄ မြို့နယ်မှာ တရားရုံးများစတင်ထူထောင်နိုင်ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ပြည်တွင်းနေရပ်စွန့်ခွာနေရသူအမျိုးသမီးနှင့် ကလေးငယ်များ စားနပ်ရိက္ခာနှင့် အာဟာရ မပြည့်ဝမှု၊ ခိုလှုံရန်နေရာအခက်အခဲများကို ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
အောက်တိုဘာ ၁၇ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဥ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့ပါတယ်။
"ကုလသမဂ္ဂမှ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ ရိုဟင်ဂျာ (၃) သိန်းကျော် အပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိကြောင်း၊ လွန်ခဲ့သော လပေါင်း (၂၀) အတွင်းတွင်ပင် ပြည်တွင်း နေရပ်စွန့်ခွာသူ (၉၈၆,၅၀၀) ဦးကျော်ရှိပြီး ဤစာရင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာလည်း ပါဝင်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာနေရသူအမျိုးသမီးနှင့် ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာနှင့် အာဟာရ မပြည့်ဝမှု၊ မသန့်ရှင်းမှုနှင့် ခိုလှုံရန်နေရာများ စသည့်အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း"ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် တရားမဝင်စစ်အာဏာသိမ်းမှု နှင့် စစ်တပ်၏ လူမဆန်သောလုပ်ရပ်များကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ပြည်တွင်းနေရာ အနှံ့အပြားတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ အမြောက်အများ ဖြစ်ပေါ်လာစေတယ်လို့ သံအမတ်ကြီးကဆိုခဲ့ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသော ကိုမောင်ငယ်သည် လွိုင်ကော် အကျဉ်းထောင်တွင်း လုံလောက်သော ဆေးကုသခွင့် မရ၍ သေဆုံး
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခြင်းခံထားရသော ကိုမောင်ငယ်သည် လွိုင်ကော် အကျဉ်းထောင်တွင်း၌ လုံလောက်သော ဆေးကုသခွင့် မရသောကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထောင်တွင်း၌ သေဆုံးသွားခဲ့ကြောင်းAAPPကဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်တွင် ၎င်းကိုမောင်ငယ်ဟာ လွိုင်ကော်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်နွယ်သည်ဟု စွပ်စွဲခြင်းခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။
ယခုသေဆုံးသွားတဲ့ ၎င်း၏ ရုပ်အလောင်းကို မိသားစုမှ ပြန်လည် ရရှိခြင်း မရှိကြောင်း သတင်းရရှိပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၆၇၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၅၄၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၇။ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ ရေးသားပြုစုထားတဲ့ “ငရဲခန်းမှ လက်ရုံးများဆန့်တန်းခြင်း” စာအုပ်ကိုဖြန့်ချိ
အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ ရေးသားပြုစုထားတဲ့ “ငရဲခန်းမှ လက်ရုံးများဆန့်တန်းခြင်း” စာအုပ်ကိုဖြန့်ချိလိုက်တယ်လို့ အောက်တိုဘာလအတွင်းမှာ General Strike Collaboration Committee-GSCC ကအသိပေးဆိုပါတယ်။
"အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ ရေးသားပြုစုထားသည့် “ငရဲခန်းမှ လက်ရုံးများဆန့်တန်းခြင်း” စာအုပ်ကိုဖြန့်ချိလိုက်ပါတယ်။ စာအုပ်ပါ အကြောင်းအရာများအားလုံးသည် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ၏ ရေးသား ဖော်ထုတ်ချက်များသာ ဖြစ်ပြီး၊ GSCC ၏ရေးသားချက်များ လုံးဝ မပါရှိပါ။ GSCC အနေဖြင့် အခက်အခဲအကျပ်အတည်းကြားမှ နိုင်ငံရေးရဲဘော်များ၏ ကျားခုတ်ကျားခဲ ကြိုးပမ်းအားထုတ်မှုကို ဝန်းရံကူညီသည့်အနေဖြင့် ဖြန့်ချိပေးခြင်းသာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အဆိုပါစာအုပ်တွင် အင်းစိန် အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများအား ကိုယ်အဂ်ါချိူ့ယွင်းတဲ့အထိ ညှင်းပန်းနှိပ်စက်မှုများနဲ့ ရာဇဝင်လူဆိုးများနဲ့အတူ ရောနှောထားခြင်း၊ တိုက်ပိတ် အကျဥ်းချခြင်းတို့ကို ကွက်ကွက်ကွင်းကွင်းရေးသားဖော်ပြထားပါတယ်။
========================
📌📌 ၈။ နှလုံးသားတွေနေတဲ့အိမ် အမည်နဲ့ ပီဒီအက်ဖ်ရဲဘော်များ၏ ကဗျာစာအုပ် ထွက်ရှိ
ထိုင်းနိုင်ငံမှာ ပုံနှိပ်ပြီး မဟာချိုစာပေက ထုတ်ဝေတဲ့ ပီဒီအက်ဖ်ရဲဘော်တွေ ပါဝင်ရေးသားထားတဲ့ နှလုံးသားတွေ နေတဲ့အိမ် ကဗျာစာအုပ် ထုတ်ဝေဖြန့်ချိထားတယ်လို့ သိရပါတယ်။ ကဗျာရေးသူ ၅၁ ဦးပါဝင်ပြီး စာမျက်နှာ ၁၈၂ မျက်နှာရှိတဲ့ ကဗျာစာအုပ်ဖြစ်ပါတယ်။ ထောက်ပို့ရန်ပုံငွေအတွက် ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ အမေရိကန်ရှိ စေတနာရှင်များကနေတဆင့် ဖြန့်ချိ ရောင်းချတယ်လို့ ဆိုပါတယ်။
စာအုပ်စီစဉ်သူများက သူတို့ကဗျာစာအုပ်လေးဖြစ်ပေါ်လာပုံကို သည်လို ရေးထားတာ ဖတ်ရပါတယ်။ ဖုန်းမသုံးရတဲ့ကာလတစ်လျှောက်လုံး ရဲဘော်တွေက(ကျနော်အပါအဝင်) သူတို့ရဲ့ခံစားချက်တွေ အလွမ်းအဆွေးတွေကို စားရိပ်သာနံရံပေါ်မှာလာရေး ကပ်ထားကြတယ်။ တစ်နှစ်ကျော်ကာလအတွင်းမှာ ကျနော့်ရဲဘော်တချို့ကျဆုံးသွားခဲ့ပေမယ့် သူတို့ရေးသားခဲ့တဲ့ကဗျာလေးတွေကိုတော့ သမိုင်းမှတ်တမ်းအနေနဲ့ အမှတ်ရစရာချန်ထားရစ်ခဲ့ပါတယ်။
ကျနော်ကိုယ်တိုင်လည်း တိုက်ပွဲတွေဝင်ရင်း တိုက်ပွဲထဲက ကျနော်တို့ရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ လက်နက်နဲ့ ခဲယမ်း ပြသနာကို နဖူးတွေ့ ဒူးတွေ ရင်ဆိုင်တွေ့ကြုံလာရပါတယ်။ အစကတော့ ငွေကြေးရယူလိုမှုမပါဘဲ လက်ဆောင်ချည်းသပ်သပ် ထုတ်ဝေဖို့စိတ်ကူးရှိခဲ့ပေမယ့် လိုအပ်ချက်တွေသိပ်များပြီး ပွဲပမ်းနေကြပြီဖြစ်တဲ့ ရဲဘော်တွေရော အားပေးကူညီနေတဲ့ ပြည်သူလူထုကိုပါ အကျိုးဖြစ်စေမယ့်"လက်ဆောင်လည်းယူ ငွေလည်းလှူ"ဆိုတဲ့အစီအစဥ်လေးနဲ့ "နှလုံးသားတွေနေတဲ့အိမ်" စားရိပ်သာနံရံပေါ်ကတော်လှန်သူတို့ကဗျာများ စာအုပ်ကို ထုတ်ဝေလိုက်ရတယ်လို့ ဆိုထားပါတယ်။ စာအုပ်ထဲက ကဗျာတချို့ကို ရေဒီယိုအင်န်ယူဂျီမှာလည်း ရွေးချယ် ဖတ်ရှုထားပါတယ်။ ဖေ့စ်ဘွတ်မှာ မဟာချိုစာပေ လို့ စာရိုက်ပြီး ရှာဖွေနိုင်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment