၂၀၂၂ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြေပြင်အခက်အခဲများ ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အားစိုက်ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က Association of World Election Bodies (AWEB) ထံသို့ ကန့်ကွက်စာပေးပို့
📌 ၃။ NUG ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကိုရီးယားပါတီအသီးသီးမှ လွှတ်တော်အမတ်(၃)ဦးနှင့်တွေ့ဆုံ
📌 ၄။ နွေဦးတော်လှန်ရေးဟာ အမှုမဲ့အမှတ်မဲ့ ချီတက်နေတာမဟုတ်ဘဲ ပြည်သူပေးတဲ့အားနဲ့ရှေ့ဆောင်ချီတက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌 ၅။ Click2donate က သိန်းတစ်ထောင်ကျော် တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေထား
📌 ၆။ ရန်ကုန်မြို့မှာ ဧည့်စာရင်း စစ်ဆေးမှု ညတိုင်းလိုလိုရှိနေတဲ့ မြို့နယ်အချို့ရှိနေ
📌 ၇။ အကြမ်းဖက် စစ်တပ်ရဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်အချို့ ပိုင်ဆိုင်မှုများကို တိတ်တဆိတ်ထုခွဲရောင်းချကာ ခြေရာဖျောက်ဖို့ လုပ်ဆောင်နေ
📌 ၈။ ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် (၂) ယောက်အမျိုးသမီးတစ်ဦးအားလက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့ကြောင်းပေါ်လွင်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါ ချမှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြေပြင်အခက်အခဲများ ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အားစိုက်ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
မြေပြင်အခက်အခဲများ ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အားစိုက်ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။ အောက်တိုဘာ၂၀ ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၃၃/၂၀၂၂) မှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
"မိမိတို့ကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖွဲ့စည်းထားသည့်ကော်မတီများထဲတွင် ဖွဲ့စည်းပုံကြီးမားသည့် ကော်မတီတစ်ရပ်ဖြစ်ပါကြောင်း၊ ကော်မတီတွင် ဝန်ကြီး၊ဒုတိယဝန်ကြီး၊အတွင်းဝန်များပါ ပါဝင်ဖွဲ့စည်းထားသည့်အတွက် လုပ်ငန်းများလည်း များပြားပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဆင့်ဆင့်ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့်မူဝါဒများနှင့် လုပ်ဆောင်နိုင်မှုများတွင် တော်လှန်ရေးကာလဖြစ်သဖြင့် အခက်အခဲများလည်းရှိပါကြောင်း၊ မြေပြင်အခက်အခဲများသည် ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အားစိုက်ဆောင်ရွက်စေလိုပါကြောင်း၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများသည် ဤကော်မတီတွင် အရေးကြီးသည့် ဝန်ကြီးဌာနများ ဖြစ်သဖြင့် ပိုမို အားစိုက်ဆောင်ရွက်စေလိုပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၃၂/၂၀၂၂)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ် တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ(၁)၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က Association of World Election Bodies (AWEB) ထံသို့ ကန့်ကွက်စာပေးပို့
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က Association of World Election Bodies (AWEB) ထံသို့ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ အောက်တိုဘာ၂၀ ရက်နေ့ညပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကအသိပေးဖော်ပြပါတယ်။
"Association of World Election Bodies (AWEB) က အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ တာဝန်ခံများကို AWEB ၏ အထွေထွေညီလာခံသို့တက်ရောက်ရန် ဖိတ်ကြားခဲ့သဖြင့် အဆိုပါဖိတ်ကြားမှုအားကန့်ကွက်ကြောင်း ကန့်ကွက်စာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ AWEB ထံသို့ ပေးပို့ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ကန့်ကွက်စာအရ အမျိုးသားညီညွတ်ရေးအစိုးရဟာလက်ရှိအချိန်မှာ တရားဝင်အစိုးရဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာအာဏာသိမ်းယူခဲ့ကြောင်း၊၄င်းစစ်တပ်ဟာ အစိုးရအကြီးအကဲများဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်နဲ့နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုမတရားဖမ်းဆီးထားတယ်လို့ စသဖြင့်ဖော်ပြအသိပေးထားပါတယ်။
========================
📌📌 ၃။ NUG ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကိုရီးယားပါတီအသီးသီးမှ လွှတ်တော်အမတ်(၃)ဦးနှင့်တွေ့ဆုံ
NUG ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကိုရီးယားပါတီအသီးသီးမှ လွှတ်တော်အမတ်(၃)ဦးနှင့်တွေ့ဆုံခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း ကိုရီးယားပါတီ အသီးသီးမှ လွတ်တော်အမတ်များက ဆိုးလ်မြို့ရှိ ကိုရီးယားပြည်သူ့လွတ်တော်အတွင်း ယင်းတို့၏ ရုံးခန်းများတွင် သီးခြား တွေ့ဆုံခဲ့ပါတယ်။
တရားမျှတရေးပါတီမှ အမျိုးသမီး လူငယ်လွှတ်တော် အမတ်ဖြစ်သူ MRS-JANG HYE YEONG နှင့်တွေ့ဆုံဆွေးနွေးရာ သူမက မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေးလှုပ်ရှားသူများကို သေဒဏ်ပေးခြင်းအပေါ် မိမိတိုပါတီနှင့် ကိုရီးယားပြည်သူလူထုက လုံးဝ လက်ခံနိုင်ခြင်းမရှိကြောင်း ဆက်လက်ပြီး စကစမှ သေဒဏ်စီရင်ရန် အမိန့်ချမှတ်ခံထားရသူ ဒီမိုကရေစီရေးလှုပ်ရှားသူ များစွာ ရှိနေသေးကြောင်း ကြားသိထားရပါသဖြင့် ကိုရီးယားလွှတ်တော်မှ တရားဝင် ကန့်ကွက်တောင်းဆိုမှုဖြစ်ပေါ်လာနိုင်ရန် မိမိတို့ ပါတီအနေဖြင့် အပြင်းအထန် လှုပ်ရှားသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်ဖြစ်သူ MR-KO YOUNG IN နှင့် တွေ့ဆုံရာတွင် မစ္စတာဂိုမှ မိမိတို့ ဒီမိုကရက်တစ်ပါတီအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်တစိုက် အားပေးထောက်ခံခဲ့ကြောင်း၊ ယခုနှစ်အတွင်းတွင် အဏာရနှင့် အတိုက်အခံ လွှတ်တော် အမတ်(၈၀) ကျော်ဖြင့် ကော်မတီတစ်ရပ်ဖွဲ့ထားပြီး (NUG) အစိုးရကို ကိုရီးယား အစိုးရမှအသိ အမှတ်ပြုနိုင်ရန်အတွက် လွှတ်တော်တွင်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။
အလားတူအခြေခံလစာ ပါတီမှ အမျိုးသမီး လွှတ်တော်အမတ်ဖြစ်သူ MRS- YONG HYE IN က ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လေးစားမြတ်နိုးသူတိုင်း မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုကို အားပေးထောက်ခံရမှာဖြစ်ကြောင်း၊ယခုကိုရီးယား လွှတ်တော်အတွင်းတွင် သူမဆောင်ရွက်နေသည့် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့သည့် ဥပဒေကို အတည်ပြုပြဌာန်းနိုင်သည်အထိ ဆက်လက်အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးဟာ အမှုမဲ့အမှတ်မဲ့ ချီတက်နေတာမဟုတ်ဘဲ ပြည်သူပေးတဲ့အားနဲ့ရှေ့ဆောင်ချီတက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
နွေဦးတော်လှန်ရေးဟာ အမှုမဲ့အမှတ်မဲ့ ချီတက်နေတာမဟုတ်ဘဲ ပြည်သူပေးတဲ့အားနဲ့ရှေ့ဆောင်ချီတက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။ အောက်တိုဘာ၂၀ ရက်မှာ စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။
"ဒီတော်လှန်ရေးကို ကျနော်တို့အားလုံး အမှုမဲ့အမှတ်မဲ့ ချီတက်နေကြတာ မဟုတ်ပါဘူး..။ အောင်ကို အောင်ရမည်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ပြည်သူပေးတဲ့အားနဲ့ကျနော်တို့ လိုက်ပါရှေ့ဆောင်လျက်ရှိပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးဟာ တစ်နှစ်ကျော်ကာလအတွင်းကိုရောက်ရှိလာခဲ့ပြီး ၄င်းကာလအတွင်း မြို့နယ်၃၆မြို့နယ်ကို စိုးမိုးထိန်းချုပ်နယ်မြေအဖြစ် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။
"ဟိုကဒီ.. ဒီကဟို.. တောတွေကိုဖြတ်၊ တောင်တွေကိုကျော်မြေပြင်အနှံ့ စွမ်းသမျှကြိုးကုတ်လျက်ရှိပါတယ်..။ဒီအရေးတော်ပုံ.. မအောင်မြင်စရာဘာအကြောင်းမှ မရှိ"လို့ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။
========================
📌📌 ၅။ Click2donate က သိန်းတစ်ထောင်ကျော် တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေထား
Click2donate က သိန်းတစ်ထောင်ကျော် တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ၂၀ ရက်နေ့မှာ Click2donate ကအသိပေးဆိုပါတယ်။
"ဒီလမှာတော့ သိန်းတစ်ထောင်ကျော်ဖြန့်ဝေထားပြီးဖြစ်သလို ဆက်လက်ပြီးလဲ ဖြန့်ဝေနေပါတယ်ခင်ဗျာ။ မကြာခင်မှတ်တမ်းလေးတွေပြန်တင်ပြဖို့လည်းရှိပါတယ်။အမှန်ဆိုရင်တော့
10 ရက်နေ့မတိုင်ခင်ကတည်းကပြီးရမှာဖြစ်ပေမယ့် ငွေဈေးတွေမငြိမ်လွန်းတာကြောင့် စောင့်နေရတာကြောင့်ကြာသွားတာဖြစ်ပါတယ်"လို့ဆိုပါတယ်။ Click2 donateဟာ ကလစ်မှရရှိငွေများကိုတော်လှန်ရေးအင်အားစုထံ ပြန်လည်ထောက်ပို့ပေးအပ်ခြင်းဖြစ်ပါတယ်။
========================
📌📌 ၆။ ရန်ကုန်မြို့မှာ ဧည့်စာရင်း စစ်ဆေးမှု ညတိုင်းလိုလိုရှိနေတဲ့ မြို့နယ်အချို့ရှိနေ
ရန်ကုန်မြို့မှာ ဧည့်စာရင်း စစ်ဆေးမှု ညတိုင်းလိုလိုရှိနေတဲ့ မြို့နယ်အချို့ရှိနေတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ၂၀ ရက်နေ့ radio NUG က ဆက်သွယ်မေးမြန်းရာမှာ ရန်ကုန်မြို့နေ ပြည်သူအချို့က တညီတစ်ညွတ်တည်းဆိုကြပါတယ်။
"ကမာရွတ်၊စမ်းချောင်း၊ လှိုင်မြို့နယ် ဧည့်စာရင်းတစ်အားစစ်တယ်။ လူလိုက်ရှာတာလား သေချာမပြောတတ်ပေမယ့် အုပ်စုလိုက်ကြီးကို လိုက်စစ်တာ"လို့ ကမာရွတ်မြို့နယ် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒါ့အပြင် တောင်ဒဂုံ၊မြောက်ဒဂုံတို့အပြင် လှိုင်သာယာမြို့နယ်တို့မှာ အကြမ်းဖက် စစ်တပ်နဲ့ရဲအပါအဝင် စကစခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ဧည့်စာရင်းစစ်ဆေးမှုတို့ရှိတယ်လို့သတင်းရရှိပါတယ်။
"အဓိကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နေနိုင်တယ်လို့ထင်တဲ့နေရာတွေကိုလိုက်စစ်တာပေါ့။ လှိုင်သာယာတို့ ရွှေပြည်သာတို့မှာ သူတို့လက်ထဲက ဓာတ်ပုံနဲ့တိုက်ဆိုင်စစ်ဆေးတာတောင်ရှိတယ်"လို့ ရွှေပြည်သာမြို့နယ် နေထိုင်သူ အမည်မဖော်လိုသူအမျိုးသားတစ်ဦးကလည်းဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့အစိုးရလက်ထက် ဖျက်သိမ်းခဲ့တဲ့ ဧည့်စာရင်းတိုင်ကြားခြင်းဥပဒေကို အကြမ်းဖက် စစ်တပ်က ပြန်လည်ပြင်ဆင်ပြဌာန်းကာ နိုင်ငံရေးလှုပ်ရှားသူနဲ့ ၄င်းတို့အလိုရှိသူများနေအိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးမှုများ သတ်ဖြတ်မှုများရှိခဲ့ပါတယ်။
========================
📌📌 ၇။ အကြမ်းဖက် စစ်တပ်ရဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်အချို့ ပိုင်ဆိုင်မှုများကို တိတ်တဆိတ်ထုခွဲရောင်းချကာ ခြေရာဖျောက်ဖို့ လုပ်ဆောင်နေ
အကြမ်းဖက် စစ်တပ်ရဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်အချို့ ပိုင်ဆိုင်မှုများကို တိတ်တဆိတ်ထုခွဲရောင်းချကာ ခြေရာဖျောက်ဖို့ လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရပါတယ်။ ရန်ကုန်မြို့ရှိ အငြိမ်းစားစစ်ဗိုလ်ချုပ်များပိုင်ဆိုင်သောနေအိမ်များကို ရောင်းချကာ အချို့ စီးပွားရေးလုပ်ငန်းများကို လက်လွှဲ ပိုင်ဆိုင်မှုတို့ရှိနေတယ်လို့ ၄င်း အငြိမ်းစားစစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းကို လေ့လာစောင့်ကြည့်သူအချို့ကအတည်ပြုပါတယ်။
"များသောအားဖြင့် ရန်ကုန်က နေအိမ်တွေကို သူတို့ရောင်းပစ်လိုက်ကြတယ်။တချို့လည်း စီးပွားရေးလုပ်ငန်းကိုလက်လွှဲလိုက်တယ်။ ပိုင်ဆိုင်သူအမည်ပြောင်းသွားတယ်။ရန်ကုန်မှာ သူတို့မနေရဲတော့တဲ့ သဘောရှိတယ်။တချို့လည်း နိုင်ငံခြား ဆေးကုသွားသလိုလိုသတင်းလွှင့်တယ်။လက်ရှိရာထူးနဲ့အများစုကတော့ နေပြည်တော်မှာရှိနေကြပါသေးတယ်"လို့ ဆိုပါတယ်။ ရန်ကုန်မြို့တွင် စစ်ဗိုလ်ချုပ်အငြိမ်းစားများ အများဆုံးနေထိုင်ရာမှာ ကမ္ဘာအေးဗီလာနှင့် နဝဒေးရုပ်ရှင်ရုံရှေ့ ရှစ်မိုင်အနီးတစ်ဝိုက်နဲ့ သုဝဏ္ဏဗိုလ်ချုပ်ရွာ တို့အပါအဝင်ဖြစ်ပါတယ်။
========================
📌📌 ၈။ ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် (၂) ယောက်အမျိုးသမီးတစ်ဦးအားလက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့ကြောင်းပေါ်လွင်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါ ချမှတ်
ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် (၂) ယောက်အမျိုးသမီးတစ်ဦးအားလက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့ကြောင်းပေါ်လွင်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါ ချမှတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာလ (၂၀) ရက်မှာရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မှုခင်းသတင်းကိုထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
ရက္ခိုင့်တပ်တော်၊ စစ်ခုံရုံးအဖွဲ့မှ ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူမိသားစု၊ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်မှ သက်သေ အချို့အား ဆယ်ရက်ခန့် သေချာစွာစစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူ (၂) ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။
အဆိုပါတပ်သား (၂) ယောက်မှလည်း ၎င်းနေ့ရက်၌ ၎င်းတို့ဟာ ခွင့်ပြုချက်မရဘဲ အရက်သေစာသောက်စားမူးယစ်ပြီးနောက် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း နှစ်ယောက်စလုံးမှ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုခဲ့ပါတယ်။
ထို့ကြောင့် အဆိုပါပြစ်မှုကျူးလွန်ခဲ့သူ တပ်သား (၂) ယောက်အား တပ်တော်၏ စစ်ဥပဒေနှင့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ၎င်းပြစ်မှုနှင့်ထိုက်တန်သည့် ပြစ်ဒဏ်ကို နစ်နာခဲ့ရသည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့ နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါ ချမှတ်၍ "ကြိမ်ဒဏ်"ကို စီရင်ပြီးဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment