၂၀၂၂ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUGအစိုးရ၏ ဖယ်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကိုရီးယား ဒီမိုကရေစီဖောင်ဒေးရှင်း ဒုဥက္ကဌ နှင့် တွေ့ဆုံ
📌 ၂။ တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့တဲ့အချိန်မှစ၍ ပြည်သူများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် သတင်းထောက်များ၏ လုပ်ဆောင်နိုင်ခွင့်များမှာ ဆိုးရွားစွာ ကန့်သတ်ခံနေရတယ်လို့ မြန်မာသံအမတ်ကြီးပြောကြား
📌 ၃။ မြန်မာ့ပညာရေးကိုတော်လှန်ပြောင်းလဲပေးမယ့် ဖန်တီးသူတွေလက်ထဲကို Biology စာမူတွေအခမဲ့ ကူးယူသင်ကြားခွင့်ပြုတယ်လို့ မြောက်ဒဂုံမြို့နယ် တိုင်းအမတ် ဒေါက်တာဘိုင်အိုဆို
📌 ၄။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရဲစခန်းနဲ့ စစ်ကောင်စီရုံးများ တိုက်ခိုက်ခံရ၍ အကြမ်းဖက်စစ်တပ်က ကုန်းကြောင်း၊လေကြောင်း မီးကုန် ယမ်းကုန်ပစ်ခတ်ရာ အရပ်သား နှစ်ဦးသေ၊ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရ
📌 ၅။ မံယူးကြီးကျေးရွာ ဆေးရုံဖွင့်ပွဲ ကို ဗုံးကျဲ တိုက်ခိုက်၍ အမျိုးသမီး၁ဦးသေဆုံးကာ ကလေးငယ် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိ
📌 ၆။ မြင်းမူမြို့နယ် ရဲစခန်းနဲ့ အထက်တန်းကျောင်းရှိ စကစတပ်များကို မိုင်းပစ်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံး
📌 ၇။ NUG Pay ကို ငွေထုတ်ရလွယ်ကူတဲ့ စနစ်ဖြစ်စေလိုကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထောက်ပြပြောဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUGအစိုးရ၏ ဖယ်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကိုရီးယား ဒီမိုကရေစီဖောင်ဒေးရှင်း ဒုဥက္ကဌ နှင့် တွေ့ဆုံ
NUG အစိုးရ၏ ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ ဂယောင်ဂီဒိုပြည်နယ် အွီးဝမ်းမြို့ရှိ ကိုရီးယား ဒီမိုကရေစီဖောင်ဒေးရှင်း ရုံးချုပ်သို့ သွားရောက်လည်ပတ်ပြီး ဒုဥက္ကဌ MR.KANG SEONG GU နှင့် တွေ့ဆုံပြီး ရင်နှီးပွင့်လင်းစွာဖြင့် မြန်မာ့အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။
NUG အစိုးရ၏ ပြည်ထောင်စု ဝန်ကြီးကပြောကြားမှာ လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပညာရေးဆိုင်ရာ အခွင့်လမ်းများ ဆုံးရှုံးနေသည့် လူငယ်များအတွက် ကာလတိုသင်တန်းများနှင့် ပညာရေးဆိုင်ရာ အကူညီများအတွက် ကိုရီးယားအရပ်ဖွဲ့စည်းများ ဖောင်ဒေးရှင်းများ၏ ထောက်ပံ့ပေးမှုများ လိုအပ်လျှက်ရှိကြောင်းနှင့် ဖယ်ဒရယ်ပြည်ထောင်စုဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် ဖယ်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေရေးဆွဲရေးအတွက် သုတေသန၊နည်းပညာ၊ဥပဒေနှင့် ကဏ္ဍပေါင်းစုံမှ အကူညီများ လိုအပ်နေကြောင်းနှင့် ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုလားကြောင်း ပြောကြားခဲ့ပါတယ်။
ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်းအား ၂၀၀၁ ခုနှစ်တွင် တောင်ကိုရီးယားလွှတ်တော်မှနေ၍ ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားခဲ့မှုများအား စနစ်တကျမှတ်တမ်းပြုစုနိုင်ရန် ရည်ရွယ်ပြီး ဥပဒေပြဌာန်းကာ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနအောက်ရှိ ပြည်သူပိုင် ဖောင်ဒေးရှင်း တစ်ခုအနေနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ကိုရီးယား ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် သက်ဆိုင်သည့် အချက်လက်ပေါင်း (၁.၉) သန်းခန့်ကို စုဆောင်းထားနိုင်ခဲ့ပြီး ဒီမိုကရေစီ ပြန့်ပွားရေးနှင့် သက်ဆိုင်သည့် ပြည်သူ့ ပညာပေး အစီအစဉ်များနှင့် ဆွေးနွေးသုံးသပ်မှုများကို အရပ်ဖက်ဖွဲ့စည်းများ တက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။
========================
📌📌 ၂။ တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့တဲ့အချိန်မှစ၍ ပြည်သူများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် သတင်းထောက်များ၏ လုပ်ဆောင်နိုင်ခွင့်များမှာ ဆိုးရွားစွာ ကန့်သတ်ခံနေရတယ်လို့ မြန်မာသံအမတ်ကြီးပြောကြား
အောက်တိုဘာ၂၀ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီမှ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှုမှာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြားခဲ့ပါတယ်။
"လွတ်လပ်သည့် မီဒီယာကဏ္ဍသည် သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ လုပ်ရပ်များကြောင့် ပြည်သူများခံစားနေရမှုကို နိုင်ငံတကာမှ ကြားသိနိုင်ခွင့်ရစေသည့် အဓိကလမ်းကြောင်းဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာ သိမ်းမှုဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် သတင်းထောက်များ၏ လုပ်ဆောင်နိုင်ခွင့်များမှာ ဆိုးရွားစွာ ကန့်သတ်ခံနေရကြာင်း၊ စစ်တပ်အား ဆန့်ကျင်သည်ဟု ယူဆသည့် သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအားလူမဆန်သည့် စစ်တပ်မှ နည်းလမ်းမျိုးစုံသုံး၍ တရားမျှတမှုမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်"လို့ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး လပေါင်း (၂၀) အတွင်း စစ်တပ်မှ လွတ်လပ်သည့် သတင်းဌာန (၅) ခုအား မှတ်ပုံတင်များရုပ်သိမ်းခဲ့ကာသတင်းဌာန ရုံးခန်းများအထိ ဝင်ရောက်၍ အခန်းရှိပစ္စည်း ကိရိယာများကို ဖျက်ဆီးခဲ့ပြီးနောက် သတင်းဌာန စုစုပေါင်း (၁၂) ခုကို ပိတ်သိမ်းစေခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်း၊ ပြည်ပသတင်းသမားများနှင့် မီဒီယာဝန်ထမ်း (၁၅၀) ဦးအား တရားမျှတမှုကင်းမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာ့ပညာရေးကိုတော်လှန်ပြောင်းလဲပေးမယ့် ဖန်တီးသူတွေလက်ထဲကို Biology စာမူတွေအခမဲ့ ကူးယူသင်ကြားခွင့်ပြုတယ်လို့ မြောက်ဒဂုံမြို့နယ် တိုင်းအမတ် ဒေါက်တာဘိုင်အိုဆို
မြန်မာ့ပညာရေးကိုတော်လှန်ပြောင်းလဲပေးမယ့် ဖန်တီးသူတွေလက်ထဲကို Biology စာမူတွေအခမဲ့ ကူးယူသင်ကြားခွင့်ပြုတယ်လို့ မြောက်ဒဂုံမြို့နယ် တိုင်းအမတ် ဒေါက်တာဘိုင်အိုကအောက်တိုဘာ ၂၁ရက်မှာ မြောက်ဒဂုံမြို့နယ် တိုင်းအမတ် ဒေါက်တာဘိုင်အိုကတရားဝင်ဆိုလိုက်ပါတယ်။
"ပညာရေးဆိုတာ လွတ်လပ်မှရှင်သန်ပါတယ်။ရှင်သန်မှဖွံ့ဖြိုးပါတယ်။ပညာရေးလွတ်လပ်မှုမှာ....Academic freedom,Right to education,Self determination for education စတဲ့ ကဏ္ဍတွေအကုန်လွတ်လပ်စွာရှင်သန်မှ တိုးတက်မှာပါ။မြန်မာ့ပညာရေးကအရင်ခေတ်အဆက်ဆက် အားနည်းတယ်။ ချူချာတယ်။ အမြင်ကျဥ်းတယ်။ဒါကြောင့် Grade11 biology text ကို တိတိကျကျ ပြည့်ပြည့်စုံစုံဘာသာပြန်ပေးနေတာပါ။ ခု အခန်း ၆ Environmental Biology အတွက် ပြန်ဆိုပေးထားပါတယ်။ဘယ်သူသုံးသုံးပါ။မြန်မာ့ပညာရေးကိုတော်လှန်ပြောင်းလဲပေးမယ့် ဖန်တီးသူတွေလက်ထဲကိုကျနော့်Biology စာမူတွေ ကူးယူသင်ကြားခွင့်ပြုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်ဇီဝဗေဒလောကတိုးတက်ဖို့အတွက် ဘိုင်အိုလော်ဂျီဆရာဆရာမများသီးသန့် biology teachers workshop နိုဝင်ဘာလအတွင်းကျင်းပချင်သေးတယ်လို့ ဒေါက်တာဘိုင်အိုကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရဲစခန်းနဲ့ စစ်ကောင်စီရုံးများ တိုက်ခိုက်ခံရ၍ အကြမ်းဖက်စစ်တပ်က ကုန်းကြောင်း၊လေကြောင်း မီးကုန် ယမ်းကုန်ပစ်ခတ်ရာ အရပ်သား နှစ်ဦးသေ၊ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရ
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရဲစခန်းနဲ့ စစ်ကောင်စီရုံးများ တိုက်ခိုက်ခံရ၍ အကြမ်းဖက်စစ်တပ်က ကုန်းကြောင်း၊လေကြောင်း မီးကုန် ယမ်းကုန်ပစ်ခတ်ရာ အရပ်သား နှစ်ဦးသေ၊ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူတပ်ခွဲ၁ကဖော်ပြပါတယ်။ အောက်တိုဘာ၂၁ ရက် မနက်ပိုင်းက စတင်တဲ့ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စကစတပ်များ ပစ်ခတ်တဲ့တိုက်ပွဲမှာ မနက်၁၀ နာရီကျော်ကစလို့ တိုက်လေယာဉ် ၂စီးနဲ့ ရဟတ်ယာဉ် ၂ စီးနဲ့ စကစတပ်က လေကြောင်းကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
"တိုက်ပွဲကတော့ တော်တော်ပြင်းထန်ပါတယ်"လို့ ကျားဖြူတပ်ခွဲ၁ကဗိုလ်မှူးစောဝင်းဇော်ကအတည်ပြုပါတယ်။ တိုက်ပွဲ ဖြစ်ပွားရာနေရာမှာကော့ကရိတ် မြို့ရုံးကြီးကုန်းအပိုင်း အမှတ် ၇ ရပ်ကွက်ဘက်ရဲစခန်း၊ အချုပ်ထောင်၊ စစ်ကောင်စီရုံး၊ ၉၇ စစ်တပ်ရှိရာနေရာဖြစ်သော်လည်း လေကြောင်းပစ်ခတ်မှုကို ပျားပင် ၊ ကောင်းမှု၊ တံတားဦး၊ ခနိမ်းမူ နောင်ကိုင်း ကရင်ရွာများဘက်သို့ တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
"လေယာဥ်က ဗုံးကျဲတာတွေ၊ ပစ်တာတွေတော့ ဆက်တိုက်ကြားနေရတယ်"လို့ PDFပူးပေါင်းအဖွဲ့ကရဲဘော်တစ်ဦးကဆိုပါတယ်။ လတ်တလောစစ်ကောင်စီဘက်မှ ရဲ ၅ ဦးကျဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိထားပါတယ်။
စကစဖက်မှ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် လက်ရှိအခြေအနေထိ ကော့ကရိတ်ဆေးရုံကြီးတွင် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရ လူ (၁၀)ဦးကျော်ခန့်နှင့် ကလေးသူငယ် (၆)ဦးခန့်ရှိနေပြီး သေဆုံးမှုများဆက်လက်မြင့်တက်နိုင်တယ်လို့ ကျားဖြူတပ်ခွဲ၁က သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မံယူးကြီးကျေးရွာ ဆေးရုံဖွင့်ပွဲ ကို ဗုံးကျဲ တိုက်ခိုက်၍ အမျိုးသမီး၁ဦးသေဆုံးကာ ကလေးငယ် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဗန်းမောက်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မံယူးကြီးကျေးရွာ ဆေးရုံဖွင့်ပွဲ ကို ဗုံးကျဲ တိုက်ခိုက်၍ အမျိုးသမီး၁ဦးသေဆုံးကာ ကလေးငယ် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းမှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတော်လှန်ရေးအင်အားစုများကအတည်ပြုပါတယ်။
"မနေ့ကအောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ် ခန့်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မံယူးကြီးကျေးရွာ ဆေးရုံဖွင့်ပွဲ ကိုစကစစစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ဖြစ်စဥ်မှာ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်မာချို ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကလေးငယ် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင်ကျေးရွာအတွင်းရှိ ဆေးရုံဖွင့်ပွဲသို့ လာရောက်ကြသည့် ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မြင်းမူမြို့နယ် ရဲစခန်းနဲ့ အထက်တန်းကျောင်းရှိ စကစတပ်များကို မိုင်းပစ်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ရဲစခန်းနဲ့ အထက်တန်းကျောင်းရှိ စကစတပ်များကို မိုင်းပစ်တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ၂၁ ရက်မနက် ၅ နာရီ မြင်းမူအထက်တန်းကျောင်းမှာတပ်စွဲနေတဲ့စကစတပ်ဂိတ်စခန်းကို မိုင်းပစ်တိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း၇၊ ZERO ပြောက်ကျားတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"မနေ့ည ၇ နာရီကျော်က မြင်းမူမြို့မရဲစခန်းမှာ အရက်ထိုင်သောက်နေတဲ့ ရဲတွေကို မိုင်းနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ ရဲ ၃ ဦးသေဆုံးခဲ့ပြီး မနက် ၅ နာရီ ၁၁ မိနစ်က မြင်းမအထက်တန်းကျောင်းမှာတပ်စွဲနေတဲ့ စကစတပ်တွေရဲ့ကင်းဂိတ်ကို မိုင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစကစတပ်က ၄ ဦးသေဆုံးခဲ့ပါတယ်။စစ်ဆင်ရေးက ညကနဲ့ ဒီနေ့မနက်ပါ"လို့ဆိုပါတယ်။ တိုက်ခိုက်မှုအားမြင်းခြံခရိုင်တပ်ရင်း ၇ ၊ ZERO ပြောက်ကျားတပ်ဖွဲ့နဲ့တပ်ရင်း၇ရဲ့တပ်ခွဲ TRUE FIGHTER အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၇။ NUG Pay ကို ငွေထုတ်ရလွယ်ကူတဲ့ စနစ်ဖြစ်စေလိုကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထောက်ပြပြောဆို
အောက်တိုဘာလအတွင်းမေးမြန်းရာမှာ NUG Pay ဟာ ငွေလွှဲမှုနဲ့ငွေ ဖြည့်သွင်းမှုလွယ်ကူလျင်မြန်စိတ်ချရသော်လည်း ငွေထုတ်ရခက်ခဲမှုတချို့ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကဆိုပါတယ်။
"ကူညီရေးကိစ္စအတွက် ငွေက ချက်ချင်းသွားရမယ့်အချိန်အေးဂျင့်ရဲ့ အထက်က လူက ဖောင်ဖြည့်ခိုင်းပြီး ၂၄ နာရီစောင့်ရမယ့်သဘောပြောတယ်။ တစ်ခါကသိန်း ၃၀ ကျော်ထုတ်တာ အဆင်မပြေဖြစ်သွားတယ်"လို့ ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုကဆိုပါတယ်။
ဒါ့အပြင် NUG Payရဲ့ အေးဂျင့်အချို့ ဆက်ဆံရေးဟာလည်း အဆင်ပြေချောမွေ့ဖို့လိုတယ်လို့ ထောက်ပြပါတယ်။
"အဓိက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်ဆံတဲ့နေရာမှာ ပြေပြစ်ဖို့ပေါ့။ ကျနော်တို့လည်း ဒါ ပြည်သူကူတဲ့ငွေကို တော်လှန်ရေးအတွက်အသုံးပြုတယ်။ သူတို့ဘက်ကလည်း ဒီငွေကို ထုတ်ပေးတဲ့နေရာမှာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ချိတ်ဆက်ပေးပေါ့ဗျာ"လို့ ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment