၂၀၂၂ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူတွေကိုကာကွယ် စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ၂ ဆ ၃ ဆ ပိုပြီး ကြိုးပမ်းရတော့မယ်လို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ NUGအစိုးရအဖွဲ့မှာ မဟုတ်မမှန်လုပ်တဲ့လူတွေကို စာရင်းစစ် တွေ့ရှိချက်ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်မယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဆို
📌 ၃။ အကြမ်းဖက် စစ်တပ်ဟာ တရားစီရင်မှုများကို စစ်တပ်၏ အတု အယောင် တရားရုံးများတွင်သာ လျှို့ဝှက်စွာ စစ်ဆေးမေးမြန်းခြင်းလုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြောကြား
📌 ၄။ စစ်အုပ်စုရဲ့ စိတ်ဓါတ်ဆင်ရေး လုပ်ရပ်ကို ထပ်ပြီး ရောယောင် ပါကြရင် နှစ်ခါနစ်နာမယ်လို့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ်ဆို
📌 ၅။ ကချင်တိုင်းရင်းသားများအပေါ် စစ်ရာဇဝတ်မှု ကျုးလွန်သည့် စစ်ကောင်စီအား ကန့်ကွက် ရှုတ်ချတဲ့ ဆန္ဒပြပွဲကိုအမေရိကန်ရောက် မြန်မာတိုင်းရင်း သားများ စုဝေးကျင်းပ
📌 ၆။ အများပြည်သူများရဲ့ စိတ်ကျန်းမာရေးပြဿနာများကို တိုင်ပင်ဆွေးနွေးပေးမယ့် နွေဦးဆေးခန်း တိုးချဲ့ဖွင့်လှစ်
📌 ၇။ မုံရွာ_အရာတော်လမ်းပိုင်းတစ်နေရာ၌ ကင်းပုန်းဝပ်နေသော စကစတပ်များကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ ဗိုလ်ကြီးတစ်ဦး အပါအဝင် သုံးဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူတွေကိုကာကွယ် စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ၂ ဆ ၃ ဆ ပိုပြီး ကြိုးပမ်းရတော့မယ်လို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ပြည်သူတွေကိုကာကွယ် စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ၂ ဆ ၃ ဆ ပိုပြီး ကြိုးပမ်းရတော့မယ်လို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်ကျင်းပတဲအမျိုးသားညီညွတ်ရေးအစိုးရ တနှစ်တာ လုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု အခြေအနေအတွက် အစည်းအဝေးကျင်းပရာမှာဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော့်အနေနဲ့ အရင်ဆုံး ပြောကြားလိုတာကတော့ တနင်္ဂနွေနေ့ ည ၈ နာရီခွဲဝန်းကျင်က KIA တပ်မဟာ (၉) မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုအတွက် အလွန်ကို စိတ်မကောင်းဖြစ်ရပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီကတော့ တကယ့်ကိုလူမဆန်စွာနဲ့ ယုတ်မာရက်စက်မှုတွေကို စဉ်ဆက်မပြတ် ကျူးလွန်နေတာတွေ့ရလို့ မြန်မာနိုင်ငံ တွင်းက တိုင်းရင်းသားပြည်သူတွေအတွက် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။ ကျွန်တော်တို့ ဟာ အစိုးရတစ်ရပ်ဖြစ်နေတာကြောင့် စိတ်ထိခိုက်နေရုံပဲ ဖြစ်လို့ မရတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ ပြည်သူတွေကို ဒီထက်ပိုပြီး ကာကွယ် စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ၂ ဆ ၃ ဆ ပိုပြီး ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လေ ကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားတဲ့ ပြည်သူတွေအပါအဝင် ဒီတော်လှန်ရေးကြီးမှာ မတရားကျဆုံးခဲ့ရတဲ့ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီ တရားမျှတမှု ပြန်လည်ရရှိရေးအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ တရားဥပဒေများနဲ့အညီ အစွမ်းကုန် ကြိုးစားသွားမယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ NUG အစိုးရအဖွဲ့မှာ မဟုတ်မမှန်လုပ်တဲ့လူတွေကို စာရင်းစစ် တွေ့ရှိချက်ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်မယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဆို
NUG အစိုးရအဖွဲ့မှာ မဟုတ်မမှန်လုပ်တဲ့လူတွေကို စာရင်းစစ် တွေ့ရှိချက်ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်မယ်လို့ပြောကြားတဲ့ ကိစ္စနှင့်ပတ်သက်ပြီး လတ်တလောမှာ ဝန်ကြီး ၊ဒုဝန်ကြီးများ လစာငွေ ခံစားတာမရှိဘဲ အစိုးရ အသုံးစရိတ်အားလုံးကို ဘဏ္ဍာရေး စည်းမျဥ်း၊စည်းကမ်းများနဲ့အညီဆောင်ရွက်နေတယ်လို့ Radio NUG ကို သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကဖြေကြားပါတယ်။
((((((ဦးကျော်ဇော်-သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ)))))
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ စာရင်းစစ်ချုပ်ထားရှိကာ သုံးစွဲမှုများကို မှတ်တမ်းထား ဆောင်ရွက်ထားရှိနေတယ်လို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်တပ်ဟာ တရားစီရင်မှုများကို စစ်တပ်၏ အတု အယောင် တရားရုံးများတွင်သာ လျှို့ဝှက်စွာ စစ်ဆေးမေးမြန်းခြင်းလုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြောကြား
အောက်တိုဘာ၂၅ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။
"တရားမဝင် အာဏာသိမ်းစစ်တပ်ဟာ ထင်ရှားကျော်ဇောသည့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူ (၄) ဦးအား ယခုနှစ် ဇူလိုင်လအတွင်း၌ အကျဉ်းချုပ်မျှနှင့် တရားလက်လွတ် သေဒဏ်စီရင် ခဲ့ကြောင်း၊ အထက်ဖော်ပြပါ လူပုဂ္ဂိုလ် (၄) ဦးတို့အား တရားစီရင်သည်ဟုဆိုရာတွင်လည်း စစ်တပ်၏ အတု အယောင် တရားရုံးများတွင်သာ လျှို့ဝှက်စွာ စစ်ဆေးမေးမြန်းခြင်းဖြစ်ပြီး တရားမျှတသောစံနှုန်းများပေါ် အခြေခံခြင်း လုံးဝမရှိကြောင်း" ဆိုခဲ့ပါတယ်။
တရားမဝင် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်အုပ်ချုပ်ခံ တရားရုံးများအနေဖြင့် သေဒဏ် ချမှတ်ထားသည့် အမှုပေါင်း (၁၂၆) ခုရှိပြီး ထိုအမှုများအနက် (၄၂) ခုမှာ ကာယကံရှင်ရှေ့မှောက်တွင် ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ ယခုအခါ စစ်တပ်၏ ဥပဒေမဲ့တရားစီရင်မှုအောက်တွင် သေဒဏ်ချမှတ် ခြင်းခံရန် တန်းစီစောင့်ဆိုင်းနေရသည့်သူ (၈၄) ဦးရှိတယ်လို့ ဆိုပါတယ်။
========================
📌📌 ၄။ စစ်အုပ်စုရဲ့ စိတ်ဓါတ်ဆင်ရေး လုပ်ရပ်ကို ထပ်ပြီး ရောယောင် ပါကြရင် နှစ်ခါနစ်နာမယ်လို့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ်ဆို
အောက်တိုဘာ ၂၆ ရက်မှာ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေ ကအခုလိုသတိပေးဆိုပါတယ်။
"အရပ်သားလူထုကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်ပြီးတိုင်း ဆိုရှယ်မီဒီယာတွေမှာ အမြဲလိုက်လာတဲ့ လှုံ့ဆော်မှုက NUG ဘာလုပ်နေလဲ၊ ဘာလဲ၊ ဘယ်လဲ စသည်ဖြင့်ပေါ့။ ကိုယ့်ဖက်က ထိခိုက်နစ်နာဆုံးရှုံးရရင် မချိတင်ကဲဖြစ်ရ၊ ကိုယ့်လူကိုယ် အားမလိုအားမရ ဖြစ်ရတာ သဘာဝပါ။ ဒီ သဘာဝကို အခြေခံပြီး နောက်ကလိုက်လာတဲ့ စစ်အုပ်စုရဲ့ စိတ်ဓါတ်ဆင်ရေး လုပ်ရပ်ကို ထပ်ပြီး ရောယောင် ပါကြဦးမယ်ဆိုရင်တော့ ၂ ခါ နစ်နာရပါလိမ့်မယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ လေကြောင်းစစ်ဆင်ရေးကို စစ်ကိုင်းတိုင်း၊ကရင်ပြည်နယ်နဲ့ ကချက်ကြည်နယ်တို့မှာ မီးကုန် ယမ်းကုန်တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၅။ ကချင်တိုင်းရင်းသားများအပေါ် စစ်ရာဇဝတ်မှု ကျုးလွန်သည့် စစ်ကောင်စီအား ကန့်ကွက် ရှုတ်ချတဲ့ ဆန္ဒပြပွဲကိုအမေရိကန်ရောက် မြန်မာတိုင်းရင်း သားများ စုဝေးကျင်းပ
ကချင်တိုင်းရင်းသားများအပေါ် စစ်ရာဇဝတ်မှု ကျုးလွန်သည့် စစ်ကောင်စီအား ကန့်ကွက် ရှုတ်ချသည့် ဆန္ဒပြပွဲကို အမေရိကန်ပြည်၊ ကယ်လိဖိုးနိးယား၊ ဆန်ဖရန်ဘေးဧရိယာရောက် မြန်မာတိုင်းရင်း သားများ စုဝေးလှုပ်ရှားခဲ့တယ်လို့သတင်းရရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်တွင် ကချင်ပြည်နယ်ရှိ အနန့်ပါ (A Nang Pa) ဒေသတွင် ကချင်တိုင်းရင်းသားများ စုဝေးနေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ် (၄) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကျုးလွန်ခဲ့ပါတယ်။ လက်နက်မဲ့ ပြည်သူများ ၁၀၀ ကျော် သေကြေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
အဆိုပါ ကချင်တိုင်းရင်းသားများအပေါ် စစ်ရာဇဝတ်မှု ကျုးလွန်သည့် စစ်ကောင်စီအား ကန့်ကွက် ရှုတ်ချသည့် ဆန္ဒပြပွဲကို အမေရိကန်ပြည်၊ ကယ်လိဖိုးနိးယား၊ ဆန်ဖရန်ဘေးဧရိယာရောက် မြန်မာတိုင်းရင်းသားများက အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ဆန်ဖရန်မြို့တော်ခန်းမ ရင်ပြင်မှာ စုဝေးကျင်းပခဲ့ကြပါတယ်။ ကချင်တိုင်းရင်းသားများနဲ့တကွ စစ်အာဏာရှင်၏ ဖိနှိပ်သတ်ဖြတ်ခြင်း ခံစားနေရသော မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ထို့အတူ နိုင်ငံတကာကလည်း မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက် တိုးမြှင့်အရေးယူဖို့ တောင်းဆိုမှုများ ထုတ်ဖော်ခဲ့ကြပါတယ်။
========================
📌📌 ၆။ အများပြည်သူများရဲ့ စိတ်ကျန်းမာရေးပြဿနာများကို တိုင်ပင်ဆွေးနွေးပေးမယ့် နွေဦးဆေးခန်း တိုးချဲ့ဖွင့်လှစ်
အများပြည်သူများရဲ့ စိတ်ကျန်းမာရေးပြဿနာများကို တိုင်ပင်ဆွေးနွေးပေးမယ့် နွေဦးဆေးခန်း တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့အောက်တိုဘာလအတွင်းမှာ နွေဦးဆေးခန်းကအသိပေးဆိုပါတယ်။
"လက်ရှိဖြစ်ပေါ်နေသော နိုင်ငံအတွင်းအထွေထွေကျပ်တည်းမှု ၊ ဖိနှိပ်မှုမျိုးစုံကြောင့် ပြည်သူများအတွင်း စိတ်ဖိစီးမှုများ တိုးပွားခံစားရခြင်း ၊ စိတ်သောကရောက်ရခြင်းများအပါအဝင် စိတ်ကျန်းမာရေးပြဿနာအမျိုးမျိုးကို ရင်ဆိုင်ခံစားနေရသည်မှာ အမှန်ပင်ဖြစ်ပါတယ်။သို့ဖြစ်ပါ၍...အများပြည်သူများ၏ စိတ်ကျန်းမာရေးပြဿနာများကို တိုင်ပင်ဆွေးနွေးပေးမည့် အထူးကုဆေးခန်းတစ်ခုကို ထပ်တိုးဖွင့်လှစ်လိုက်ပါပြီ"လို့ဆိုပါတယ်။
စိတ်ကျန်းမာရေးအထူးကုသမားတော်ကြီး Dr ဥက္ကာ (MBBS, MRCPsych U.K.) က အပတ်စဉ် ကြာသပတေးနေ့ ည (၇) နာရီ မှ (၉) နာရီအထိ စိတ်ကျန်းမာရေးလူနာများကို လက်ခံကြည့်ရှုပေးသွားမှာဖြစ်ပါတယ်။ လူနာအသစ်များအတွက် တိုင်ပင်ဆွေးနွေးကုသချိန် (၁)နာရီ ရရှိမှာဖြစ်ပြီးလူနာအဟောင်းများကိုလည်း နာရီဝက်အထိ အချိန်ပေးပြီး ဂရုတစိုက်ကြည့်ရှုကုသပေးသွားမှာ ဖြစ်ပါတယ်။ ဆေးခန်းပြသလိုတယ်ဆိုရင်တော့ နွေဦးဆေးခန်းပေ့ချ် messenger ကို ဆက်သွယ်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
========================
📌📌 ၇။ မုံရွာ_အရာတော်လမ်းပိုင်းတစ်နေရာ၌ ကင်းပုန်းဝပ်နေသော စကစတပ်များကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ ဗိုလ်ကြီးတစ်ဦး အပါအဝင် သုံးဦးသေဆုံး
"အောက်တိုဘာ ၂၅ ရက်နေ့တွင်စစ်ကိုင်းတိုင်း မုံရွာ_အရာတော်လမ်းပိုင်းတစ်နေရာ၌ ကင်းပုန်းဝပ်နေသော စကစတပ်များကို ရိက္ခာလာပို့သော MR(2) ကားသည် ကံကောင်းစွာဖြင့် Point ရှေ့တည့်တည့်မှာရပ်ခဲ့ပါတယ်။ ကားကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထို MR (2) ကား သည် ရှေ့ဆက် မမောင်းနိုင်တော့ပဲ Point နေရာမှာထားခဲ့ရပါတယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးကြောင့် သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် နောက်လိုက်နှစ်ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို God Of Monywa People Defence Force-GPDF နှင့် သပြေညိုပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း မုံရွာ _အရာတော်လမ်းပိုင်းတစ်နေရာ၌ မုံရွာမှ အရာတော်သို့ ဖြတ်သန်းမောင်းနှင်လာတဲ့ စကစတပ်ရဲ့ကားကို မိုင်းခွဲတိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်တယ်လို့
God Of Monywa People Defence Forceကဖော်ပြပါတယ်။ စစ်ဆင်ရေးကို God Of Monywa People Defence Force-GPDF & Red Eagle People Defence Force မဟာမိတ်များပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ နှင့် Danger Force တို့ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်ပါပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment