၂၀၂၂ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်သား စစ်သားခြင်းတိုက်ဖို့ မဝံ့ရဲတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ကချင်ပြည်နယ် ဖားကန့်အနန့်ပါတွင် စစ်ကောင်စီမှ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ကချင်တိုင်းရင်းသားများအတွက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဆုတောင်းပွဲကျင်းပ
📌 ၃။ မြန်မာအကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရန် အမေရိကန်သမ္မတဘိုင်ဒင်ထံလက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုစတင်
📌 ၄။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသရှိ ကျေးရွာများသို့ ယနေ့မနက် အကြမ်းဖက် စစ်တပ် ဝင်ရောက်မွှေနှောက်
📌 ၅။ ကချင်ပြည်နယ်အနန်ပါအတွက် လက်တုံပြန်တဲ့အနေနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA နဲ့ပူးပေါင်းအဖွဲ့များတိုက်ခိုက်သိမ်းပိုက်
📌 ၆။ မှာယူထားတဲ့မောင်းပြန်သေနတ်များရောက်ရှိပြီလို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ကအသိပေးဆို
📌 ၇။ Spring Mandalay Investment အိမ်ရာစီမံကိန်း ၇၁ ရာခိုင်နှုန်းရောင်းချပြီးဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်သား စစ်သားခြင်းတိုက်ဖို့ မဝံ့ရဲတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
အောက်တိုဘာ၂၈ ရက် ညပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုသို့ ပြောကြားချက် မှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောပါတယ်။
"မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်သား စစ်သားခြင်းတိုက်ဖို့ မဝံ့ရဲတဲ့အတွက် အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက် သတ်ဖြတ်မှုတွေကိုသူရဲဘောကြောင်စွာနဲ့ ကျူးလွန်လာခဲ့တာ မကြာခင်ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အနန့်ပါ (A Nang Pa) ဖြစ်ရပ်ဟာ ပြည်သူအများဆုံးအစုလိုက်အပြုံလိုက် ကျဆုံးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်မှာလဲ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်း မုန်တိုင်ပင်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဆားလင်းကြီး ဒုံးတောကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ကယား(ကရင်နီပြည်နယ်) မိုဆိုရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ချင်းပြည်နယ် မတူပီမြို့နယ်အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှု စတဲ့ ရာဇဝတ်မှုတွေကိုလဲ နိုင်ငံအနှံ့အပြားမှာ ကျူးလွန်ခဲ့တာကိုအားလုံးမျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအချင်းချင်း အမြင်မတူတာတွေ၊ ညှိနှိုင်းဖြေရှင်းရမှာတွေကိုလည်း ညှိနှိုင်းဖြေရှင်းကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ကထပ်လောင်းပြောကြားပါတယ်။
========================
📌📌 ၂။ ကချင်ပြည်နယ် ဖားကန့်အနန့်ပါတွင် စစ်ကောင်စီမှ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ကချင်တိုင်းရင်းသားများအတွက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဆုတောင်းပွဲကျင်းပ
အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ ဖားကန့်အနန့်ပါတွင်ကျဆုံးသွားတဲ့ကချင်တိုင်းရင်းသားများအတွက် ဆုတောင်းပွဲကို NUGအစိုးရ လူ့အခွင့်ရေးရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်တက်ရောက်ခဲ့ပါတယ်။
"ကချင်ပြည်နယ် ဖားကန့်အနန့်ပါတွင် စစ်ကောင်စီမှ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ကချင်မိဘညီအစ်ကို မောင်နှမများ ကချင်အာဇာနည်သူရဲကောင်းများအတွက် မဲလ်ဘုန်းမြို့ရှိတော်လှန်ရေးညီအစ်ကိုအဖွဲ့အစည်းများနှင့် ကချင်ကွန်မြူနတီမှ ဦးစီးကာ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။ ဤဆုတောင်းပွဲကို ကျနော့်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စား ပါဝင်တက်ရောက်ခဲ့သလို အားပေးအမှာစကားလည်း ပြောကြားခဲ့ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။
ထိုနည်းတူ ဆုတောင်းပွဲအခမ်းအနားကို Wyndham Vale Councillors Cr-Jennie Barrera မှ ပါဝင်တက်ရောက်ခဲ့သလို မြန်မာပြည်သူနှင့်အတူရပ်တည်ကြောင်းနဲ့ဆုတောင်းမေ့တ္တာ အားပေးစကားလည်းပြောကြားပေးခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာအကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရန် အမေရိကန်သမ္မတဘိုင်ဒင်ထံလက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုစတင်
အောက်တိုဘာ ၂၉ ရက်မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာနွေဦးတော်လှန်ရေးက အခုလိုဖော်ပြအသိပေးပါတယ်။
"အကြမ်းဖက် စစ်တပ်ကို လေယာဉ်ဆီရောင်းချမှု အမြန်ဆုံး ပိတ်ပင်ဖို့ သမ္မတဘိုင်ဒင်ထံ တိုက်တွန်းတဲ့ ဒီ Petition မှာ အားလုံး အားလုံး ပူးပေါင်ရပါဝင်လက်မှတ်ရေးထိုးပေးကြပါ"လို့ဆိုပါတယ်။ ယမန်နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ကြရသည့် ခန့်မှန်းခြေ လူ ၇၀၀,၀၀၀ အနက် အများစုမှာ လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် လေကြောင်းတိုက်ခိုက်မှု ခြိမ်းခြောက်မှုများကြောင့် ထွက်ပြေးခဲ့ကြရပါတယ်။
"လေကြောင်းအတွက် လေယာဉ်လောင်စာသည် မဖြစ်မနေလိုအပ်ပါတယ်။လေယာဉ်လောင်စာတွေမရရှိလျှင် ဂျက်လေယာဉ် မပျံသန်းနိုင်ဖို့ဖြစ်နိုင်သလို လုံးဝ ဗုံးခွဲလို့လည်း မရနိုင်ပါဘူး။ ဒါ့ကြောင့် ပြည်တွင်း/ပြည်ပ ဖက်ဒရယ်အရပ်ဘက်အဖွဲ့အစည်းများ / ဒီမိုကရေစီအင်အားစုများထံ မြန်မာနိုင်ငံကို လေယာဉ်ဆီရောင်းချမှု အမြန်ဆုံး ပိတ်ပင်ဖို့ တောင်းဆိုလိုက်ရပါတယ်"လို့ဆိုပါတယ်။ လက်မှတ်ရေးထိုးတောင်းဆိုပေးဖို့ နေရာကို ကမ္ဘာလုံးဆိုင်ရာ မြန်မာနွေဦးတော်လှန်ရေး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသရှိ ကျေးရွာများသို့ ယနေ့မနက် အကြမ်းဖက် စစ်တပ် ဝင်ရောက်မွှေနှောက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသရှိ ကျေးရွာများသို့ ယနေ့မနက် အကြမ်းဖက် စစ်တပ် ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့အောက်တိုဘာ ၂၉ ရက်မှာ စကစတပ် စစ်ကြောင်းသတင်းကို ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"မနေ့က ကိုးတောင်ဘို့ပြန်ဝင်သွားသော စကစတပ်များ ယခုမနက်ပြန်ထွက်လာကာကိုင်းမအရှေ့ ဦးဉာဏ်ကုန်းရောက်နေ ပြီးမွှေနှောက်နေပါတယ်"လို့ဆိုပါတယ်။ အဆိုပါ စကစတပ်များရန်ကိုအရှေ့ဘက်ကျေးရွာပြည်သူများနှင်စစ်ရှောင်များ သတိထားကြဖို့လည်းနှိုးဆော်ထားပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ဝါ စကစတပ်များ နယ်မြေစိုးမိုးရေးအတွက်အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၅။ ကချင်ပြည်နယ်အနန်ပါအတွက် လက်တုံပြန်တဲ့အနေနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA နဲ့ပူးပေါင်းအဖွဲ့များတိုက်ခိုက်သိမ်းပိုက်
"ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA တပ်ရင်း (၁၈) နှင့် ဒေါန စစ်ကြောင်း တပ်ခွဲ (၁) ပူးပေါင်းအဖွဲ့ကအောက်တိုဘာလ (၂၈) ရက် သောကြာနေ့ည (၉:၃၀)အချိန်တွင်ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။တိုက်ပွဲကြာမြင့်ချိန် (၁၀) မိနစ်ဝန်းကျင်ခန့်ရှိခဲ့ပါတယ်"လို့ဒေါန စစ်ကြောင်းကဆိုပါတယ်။
သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများမှာ ရှေ့ထွက်မိုင်း (၄) လုံး၊ မိုင်းကြိုး (၂) ခွေ၊ လက်ပစ်ဗုံး (၂၃) လုံး၊7.62 ကျည်မ (၂၅၀၀) ကျော် ၊၆၀မမ ဗုံးသီး (၂၃) လုံးနှင့်အခြားလက်နက်ခဲယမ်းတို့ဖြစ်ပါတယ်။ ယခုတိုက်ခိုက်မှုဟာ KIO/KIA နယ်မြေအနန့်ပါ ဖြစ်စဉ်နှင့်တကွ နိုင်ငံတဝန်း စစ်ကောင်စီ၏ တရားမဲ့လုပ်ရပ်များအပေါ် တုန့်ပြန်သော တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ဒေါနစစ်ကြောင်းကဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက် အကျအဆုံးတစ်စုံတစ်ရာမရှိဘဲ စကစ တပ်သားများ၏ထိခိုက် သေဆုံးမှုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မှာယူထားတဲ့မောင်းပြန်သေနတ်များရောက်ရှိပြီလို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ကအသိပေးဆို
မောင်းပြန် သေနတ်သုံးလက်အပါအဝင်အခြားသေနတ်တစ်လက်ကိုရရှိပြီလို့အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ကအတည်ပြုဆိုပါတယ်။
"စကစတပ်တွေကို ဖိုက်ဖို့အတွက် ရဲဘော်တွေ လိုချင်နေတဲ့ အရှည်တချို့ မှာယူထားခဲ့ရာမှာ အောက်တိုဘာ ၂၈ ရက် မနေ့က ဘဲ ဝံပုလွေထံကို ရောက်ရှိလာပါပြီ။လိုချင်တာရတော့ ရဲဘော်တွေက ပျော်နေကြတာပေါ့"လို့ဆိုပါတယ်။ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ဟာ စကစတပ်များကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၇။ Spring Mandalay Investment အိမ်ရာစီမံကိန်း ၇၁ ရာခိုင်နှုန်းရောင်းချပြီးဖြစ်
Spring Mandalay Investment အိမ်ရာစီမံကိန်းကို ၇၁ ရာခိုင်နှုန်းရောင်းချပြီးဖြစ်တယ်လို့ အောက်တိုဘာ၂၈ ရက်မှာ endofdictatorship EOD ကအသိပေးဆိုပါတယ်။
"Spring Yangon Investment Phase I ရဲ့ နွေဦးရိပ်မွန် @Min Dhamma နဲ့ နွေဦးမော်ကွန်းသစ် @Thanthuma တို့ ရောင်းချပေးပြီးမှာ EOD team က Spring Mandalay Investment ကို ဖေါ်ထုတ်ခဲ့ကြပါတယ်။လက်ရှိ Spring Mandalay Investment မှာ Development လုပ်ဖို့ သတ်မှတ်ထားတာမှာ မန္တလေးကျုံးနဲ့ နန်းတော်ရာ၊ အောင်ဆန်းစုကြည်လမ်းမပေါ်က တပ်ပိုင်မြေ၊ မန္တလေးတောင်ခြေက တပ်ပိုင်မြေနဲ့၊ ရေတံခွန်တောင်ခြေက တပ်ပိုင်မြေတို့ ဖြစ်ပါတယ်။ ထူးခြားတာက စီးပွားရေးလုပ်ကွက်တွေကို ပထမဆုံး ထည့်သွင်းရောင်းချပေးလာခြင်းပါ။
Spring Mandalay Investment စတင်ရောင်းချခဲ့တဲ့ 1 Oct 2022 မှ ယနေ့အထိ မြေကွက်စုစုပေါင်းရဲ့ 71% ကို တော်လှန်ပြည်သူများက တခဲနက်အားပေးဝယ်ယူခဲ့ကြပြီးပါပြီ"လို့ဆိုပါတယ်။အရေးတကြီးလိုအပ်နေတဲ့ တော်လှန်ရေးရန်ပုံငွေများကို ဖြည့်တင်းနိုင်ဖို့ Spring Yangon Investment Phase II ကို ဆက်လက်ဖေါ်ထုတ်ခဲ့ရာမှာလည်း အားသွန်ခွန်စိုက် လိုက်ပါနေကြပါတယ်လို့အသိပေးဖော်ပြပါတယ်။ ရောင်းချပြီး ကိန်းဂဏန်းများအရ နွေဦး ရန်ကုန် စီမံကိန်းများက ဒေါ်လာ ၂၇ သန်းခန့် ဖော်ဆောင်ပေးထားသလို ရွှေမန်းမြို့၏ မြေကွက်တန်ဖိုးက ဒေါ်လာ ၁၂ သန်းခန့် ရရှိနေပြီး ဖြစ်တယ်လို့သိရပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment