၂၀၂၂ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၂။ တောင်ကိုရီးယား Halloween ပွဲတော်ဖြစ်စဥ်အပေါ် တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
📌 ၃။ ကိုရီယားနိုင်ငံမှာ Halloween ဖြစ်ရပ် မိသားစုများနဲ့အတူဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရသွားသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း
📌 ၄။ KIA တပ်မဟာ (၃) ရှေ့တန်း တပ်စခန်းများကို စစ်ကောင်စီက အငြိုးအတေးနဲ့စတင် ထိုးစစ်ဆင်နေတယ်လို့ ဆို
📌 ၅။ ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" ဖြေဆိုခွင့် လျှောက်ထားနည်းပုံစံကို ကြိုတင်အသိပေးနှိုးဆော်
📌 ၆။ NUG pay က ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး နဲ့ ပြည်တွင်းက လျှို့ဝှက်ပြီးသုံးမယ့် သူများ လက်ညီလာပါက ထောက်ပံ့ရေးမှာ သန်းချီရရှိလာနိုင်တယ်လို့ဆို
📌 ၇။ သံဃသမဂ္ဂ(မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဦးကလျာဏကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
📌 ၈။ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီကား ၃ စီးကို PDF (Kalay) ဖောက်ခွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၂/၂၀၂၂) ကိုအောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှတက်ရောက်ခဲ့ပါတယ်။
"ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် မြေပြင်ရှိ ဆောင်ရွက်နေသူများအားလုံးတွေ့ဆုံပွဲဖြစ်သဖြင့် မြေပြင်ရှိ အခက်အခဲများကို ဆွေးနွေးပြောကြားရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားလုံးညှိနှိုင်းကာ ဖြည့်ဆည်းကြရန်ဖြစ်ပါကြောင်း၊ တော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ လုံခြုံ သတိပြု၍ အဘက်ဘက်က ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း"ဝန်ကြီးကပြောကြားခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများမှ အမှာစကားများပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ တောင်ကိုရီးယား Halloween ပွဲတော်ဖြစ်စဥ်အပေါ် တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
တောင်ကိုရီးယား Halloween ပွဲတော်ဖြစ်စဥ်အပေါ် တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ရက်စွဲနဲ့တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Kim Jin-pyo ထံသို့ ဆိုးလ်မြို့တော်၊ Itaewon ၌ Halloween ပွဲတော်ကျင်းပနေစဉ် လူအုပ်ပိခြင်းကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ယင်းသဝဏ်လွှာမှာ "ဆိုးလ်မြို့တော်၊ Itaewon ၌ Halloween ပွဲတော်ကျင်းပနေစဉ် လူအုပ်ပိခြင်းကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြားသိရသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် များစွာ ဝမ်းနည်းရပါကြောင်း၊ မြန်မာပြည်သူတို့၏ ကိုယ်စား သေဆုံးခဲ့ရသူများ၏ မိသားစုများ၊ မိတ်ဆွေများအတွက် များစွာ ဝမ်းနည်းရပါကြောင်း၊ ထိခိုက်ခဲ့ရသူများအတွက် အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုတောင်းပေးပါကြောင်း၊ ယခုကဲ့သို့ ခက်ခဲသည့် ကာလတွင် တောင်ကိုရီးယားနိုင်ငံ အစိုးရ၊ လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပါကြောင်း" ဖြင့် ဖော်ပြပါရှိပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကဏ္ဍအတွက် များစွာ ပံ့ပိုးကူညီခဲ့သည့် မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခု ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းမှုတွင်လည်း တောင်ကိုရီးယား အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများက ခိုင်ခိုင်မာမာ ထောက်ခံအားပေးကာ ပံ့ပိုးကူညီလျက်ရှိပါတယ်။
========================
📌📌 ၃။ ကိုရီယားနိုင်ငံမှာ Halloween ဖြစ်ရပ် မိသားစုများနဲ့အတူဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရသွားသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း
ကိုရီယားနိုင်ငံမှာ Halloween ဖြစ်ရပ် မိသားစုများနဲ့အတူဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရသွားသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အောက်တိုဘာ ၃၀ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွစ်တာမှာရေးသားဆိုထားပါတယ်။
တောင်ကိုရီးယားနိုင်ငံတွင် ဝမ်းနည်းဖွယ် Halloween ဖြစ်ရပ်မှ ၎င်းတို့၏ မိသားစုများနဲ့အတူချစ်ရသူ ဆုံးရှုံးခဲ့ရသူများအားလုံးကို အလေးအနက် ဝမ်းနည်းပြီး ဒဏ်ရာရသွားသူများကို အမြန်ဆုံး ပြန်လည်ကျန်းမာလာစေရန် ဆုမွန်ကောင်း တောင်းအပ်ပါတယ်"လို့ ဆိုပါတယ်။ ကိုရီးယား သမ္မတ နိုင်ငံ ဆိုးလ်မြို့ အီထယ်ဝေါန်းမှာ Halloween ပွဲအတွက် လူများတန်းစီတိုးရာမှ လူဦးရေ တစ်ရာကျော်အသက်ရှုရပ် သေဆုံးမှုတွေ အောက်တိုဘာ၂၉ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၄။ KIA တပ်မဟာ (၃) ရှေ့တန်း တပ်စခန်းများကို စစ်ကောင်စီက အငြိုးအတေးနဲ့စတင် ထိုးစစ်ဆင်နေတယ်လို့ ဆို
KIA တပ်မဟာ (၃) ရှေ့တန်း တပ်စခန်းများကို စစ်ကောင်စီက အငြိုးအတေးနဲ့စတင် ထိုးစစ်ဆင်နေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ကချင်ပြည်နယ်နဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ကဆိုပါတယ်။
"စကစဟာ နွေဦးတော်လှန်ရေးမှာ ငွေအား လူအား ပူးပေါင်းပါဝင်နေတဲ့ KIA ကို အငြိုးထား ကာ KIA တပ်မဟာ (၃) ရှေ့တန်း တပ်စခန်းများကို စတင် ထိုးစစ်ဆင်နေကြပါတယ်။ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များ ကြံ့ကြံ့ခံ ခုခံနေဆဲပါ။ ဒေသခံ ပြည်သူများအနေနဲ့လဲ အတတ်နိုင်ဆုံး ထောက်ပို့ ကူညီကြတယ်။ စစ်သားများကတော့ စစ်တိုက်ရမှာဖြစ်ပြီး စစ်နည်းဗျူဟာများကို စစ်ဦးစီးများက အာရုံစိုက်နေရချိန် ထောက်ပို့ကိုတော့ ပြည်သူများတာဝန်ယူဖို့ စတင်လှူပ်ရှားနေကြပါတယ်။နိုင်ငံတကာရောက်မိတ်ဆွေများအနေနဲ့ ခုခံစစ်ကြံ့ကြံ့ခံ ကြိုးစားနေကြတဲ့ ကချင်ပြည်သူများနဲ့ အတူ တတ်နိုင်တဲ့ဖက်က ပူးပေါင်းပါဝင်ကြဖို့ တခါမှ အသုံးမပြုရသေးတဲ့ ကျနော့ NUGPay Acc မှ တဆင့် ပါဝင်နိုင်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
အဆိုပါရှေ့တန်းစစ်မျက်နှာအတွက် NUGPay ကိုယ်စားလှယ်များမှတဆင့် ထောက်ပို့နိုင်ပြီဖြစ်ကာ ငွေစာရင်းများကို အစုအဖွဲ့နဲ့ စနစ်တကျ စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ အောက်တိုဘာလ ၂၃ ကချင်ပြည်နယ်ဖားကန့်အနန့်ပါမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်မှု (၆၂) နှစ်ပြည့် အခမ်းအနား အကြိုပွဲကျင်းပဖို့ စတိတ်ရှိုးပြုလုပ်နေချိန်အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူဦးရေ ၆၀ ကျော်သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၅။ ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" ဖြေဆိုခွင့် လျှောက်ထားနည်းပုံစံကို ကြိုတင်အသိပေးနှိုးဆော်
၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" ဖြေဆိုခွင့် လျှောက်ထားနည်းပုံစံကို ကြိုတင်အသိပေးနှိုးဆော်လိုက်ပါတယ်။ အောက်တိုဘာ၂၉ ရက်နေ့ ၊ ညနေ (၄) နာရီ အချိန်မှစတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကသတင်းရရှိပါတယ်။
လျှောက်ထားသူများဟာအခြေခံပညာနဝမတန်း (စနစ်ဟောင်း) အထိ (သို့မဟုတ်) အစိုးရနည်းပညာအထက်တန်းကျောင်း (ပထမနှစ်) အထိ တက်ရောက်ဖူးပြီး၊၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် အသက် (၁၇) နှစ် ပြည့်ပြီးသူများ “၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း” ဖြေဆိုခွင့်ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
"အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" အစီအစဉ်ကို Basic Education Completion Assessment (BECA)လို့ အတိုကောက်သုံး ခေါ်ဆိုပါတယ် ။
BECA ဖြေဆိုခွင့်စာရင်းသွင်းတဲ့အခါ သတိပြုရမယ့် (၃) ချက်ရှိပြီး BECA ဖြေဆိုရန်စာရင်းသွင်းခြင်းလမ်းညွှန် ဗီဒီယိုကို သေချာအရင်ကြည့်ပြီး မှတ်သားရန်၊တစ်ကြိမ်သာ ဖြည့်သွင်းရန်နဲ့ ID Code, Password ကို သေချာသိမ်းယူရန်တို့ဖြစ်ပါတယ်။ BECA ဖြေဆိုလျှောက်ထားခြင်းဆိုင်ရာ သိချင်သောအချက်အလက်များကို Bluemark အမှတ်အသားပါတဲ့ Myanmar Basic Education Home (MBEH) Page မှာလည်း မေးမြန်းနိုင်ပါတယ်။
========================
📌📌 ၆။ NUG pay က ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး နဲ့ ပြည်တွင်းက လျှို့ဝှက်ပြီးသုံးမယ့် သူများ လက်ညီလာပါက ထောက်ပံ့ရေးမှာ သန်းချီရရှိလာနိုင်တယ်လို့ဆို
NUG pay က ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး နဲ့ ပြည်တွင်းက လျှို့ဝှက်ပြီးသုံးမယ့် သူများ လက်ညီလာပါက ထောက်ပံ့ရေးမှာ သန်းချီရရှိလာနိုင်တယ်လို့ဒုဝန်ကြီး မော်ထွန်းအောင်ကဆိုပါတယ်။ အောက်တိုဘာနောက်ဆုံးပတ်မှာ ဒုဝန်ကြီးက NUG Pay နဲ့ပတ်သက်လို့ မှတ်ချက်ပြုဆိုပါတယ်။
"NUG pay က ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး နဲ့ ပြည်တွင်းက လျှို့ဝှက်ပြီးသုံးမယ့် သူများ လက်ညီပြီဆိုရင်တော့ တလ ဆိုတလ သန်းချီရပြီး ထောက်ပံ့ရေးမှာ စနစ်ကျပြီး မြင်လိုကြားလိုတဲ့ ရလာဒ်တွေ ဖြည်းဖြည်းချင်းရောက်လာမှာပါ"လို့ဆိုပါတယ်။
အောက်တိုဘာလအတွင်းကြေညာချက်အရ NUG Pay သုံးစွဲသူဟာ လူဦးရေ ၁၅၀၀၀ ရှိပြီလို့သတင်းရရှိပါတယ်။ NUG Payဟာ စစ်အာဏာရှင် လက်အောက်မှ လွတ်ကင်းတဲ့ တစ်ခုတည်းသော ဘဏ္ဍာရေး စနစ်လည်းဖြစ်ပါတယ်။
========================
📌📌 ၇။ သံဃသမဂ္ဂ(မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဦးကလျာဏကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
သံဃသမဂ္ဂ(မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဦးကလျာဏကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီအချိန်မှာသံဃသမဂ္ဂ(မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဦးကလျာဏကို စစ်တပ်ကဖမ်းဆီးလိုက်တာလို့သံဃသမဂ္ဂ (မန္တလေး) ကအတည်ပြုထုတ်ပြန်ပါတယ်။
"သံဃသမဂ္ဂ(မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဦးကလျာဏ ကိုအောက်တိုဘာ ၃၀ ရက် နေ့ညနေမှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးမိစ္ဆာများ၏ မတရားအကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။ အကြမ်းဖက် စစ်မိစ္ဆာများ၏ ဖမ်းဆီးခြင်းမခံရမှီအချိန်အထိ ဦးကလျာဏ သည် ကျန်းမာရေး အလွန်ကောင်းမွန်ပြီး ပျော်ရွှင်စွာနေတတ်သော ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါးဖြစ်ပြီးတော့ ဦးကလျာဏ၏ ကျန်းမာရေးနှင့် အသက် အန္တရာယ်တစ်စုံတရာ ဖြစ်ခဲ့သော် အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမယ်လို့သံဃသမဂ္ဂ(မန္တလေး)ကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၈။ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီကား ၃ စီးကို PDF (Kalay) ဖောက်ခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီကား ၃ စီးကို PDF (Kalay)ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းမှာ စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့တယ်လို့ People's Defence Force (Kalay) ကအတည်ပြုဆိုပါတယ်။
" အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီကား ၃ စီးကို PDF (Kalay) ၏ မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့က နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ကြို့သုံးပင်ရပ်ကွက် ဆင်ရွာလမ်းခွဲအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ်တန်းမှ နောက်ဆုံးကား မိုင်းအပြင်းအထန်ထိမှန်ပြီး လမ်းဘေးထိုးရပ်သွားခဲ့ကာ ကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားအများအပြား မိုင်းထိမှန်သွားကြောင်း သတင်းရရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးစာရင်းကို သိရှိနိုင်ရန် စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment