၂၀၂၂ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတကာရောက် မြန်မာပြည်သူများ ကချင်ပြည်နယ် ခုခံစစ်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ NUGPay ကတဆင့်ထောက်ပို့ကူညီနိုင်
📌 ၂။ စစ်ကိုင်းတိုင်းတစ်ခုလုံး ကြေလုနီးပါးဖြစ်နေကာ၊ရွာတွေကုန်လုနီးပါးဖြစ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌 ၃။ မြ၀တီမင်းကြီးဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန အခမ်းအနား ယနေ့ ကျင်းပ
📌 ၄။ အသက် ၁၈ နှစ်မပြည့်သေးတဲ့လူငယ်တစ်ဦးအား ပကဖသင်တန်းဆင်းလို့ဆိုကာ အကြမ်းဖက် စစ်တပ်က ကြိုးတုတ် ရိုက်သတ်ခဲ့
📌 ၅။ မြောင်မြို့နယ်ရှိ စကစတပ်များ အထိုင်ချရာ ကျောက်ရစ်စခန်းကို ကာကွယ်ရေးတပ်များ စုဖွဲ့တိုက်ခိုက်ရာ အနည်းဆုံးသုံးဦးထိခိုက်သေဆုံးနိုင်
📌 ၆။ NUGPay ဝန်ဆောင်မှုတွေ အကြောင်း အကုန်သိစေမယ့် NUGPay စွယ်စုံကျမ်း ထွက်ရှိ
📌 ၇။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်အထူးပွဲ ကို အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ Baldwin Park Performing Arts Center ပြသခဲ့ရာ $(40,000)ကျော်ရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတကာရောက် မြန်မာပြည်သူများ ကချင်ပြည်နယ် ခုခံစစ်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ NUGPay ကတဆင့်ထောက်ပို့ကူညီနိုင်
အောက်တိုဘာ ၃၀ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလို အသိပေးဆိုပါတယ်။
"နိုင်ငံတကာရောက်မိတ်ဆွေများအနေနဲ့ ခုခံစစ်ကြံ့ကြံ့ခံ ကြိုးစားနေကြတဲ့ ကချင်ပြည်သူများနဲ့ အတူ တတ်နိုင်တဲ့ဖက်က ပူးပေါင်းပါဝင်ကြဖို့ တခါမှ အသုံးမပြုရသေးတဲ့ ကျနော့ NUGPay Acc မှ တဆင့် ပါဝင်နိုင်ပါတယ်။နိုင်ငံအလိုက် NUGPay ကိုယ်စားလှယ်များမှတဆင့် ထောက်ပို့နိုင်ပြီဖြစ်ကြောင်း အကြောင်းကြားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ငွေစာရင်းများကို အစုအဖွဲ့နဲ့ စနစ်တကျ စီမံခန့်ခွဲသွားမှာ ဖြစ်ပြီးတော့ ကချင်ပြည်နယ်အတွက် ပြည်သူလူထုရဲ့ အကူအညီများကို တန်ဖိုးထားသွားမှာလည်းဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းတစ်ခုလုံး ကြေလုနီးပါးဖြစ်နေကာ၊ရွာတွေကုန်လုနီးပါးဖြစ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းတစ်ခုလုံးကြေလုနီးပါးဖြစ်နေကာ ရွာတွေကုန်လုနီးပါးဖြစ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
"စစ်ကောင်စီဟာ ဝေဟင်ကနေ ရွာတွေကို တိုက်ခိုက်ရုံတင်မဟုတ်ဘဲ စစ်လေယာဥ်တွေ၊ရေယာဥ်တွေ အသုံးပြုပြီး မြေပြင်ကို စစ်အင်အားတွေချတယ်။ ချထားတဲ့လူတွေဝါ ဒီအတိုင်းလှည့်ပြန်သွားတာ မဟုတ်ဘဲ တိမ်းရှောင်နေရတဲ့ ပြည်သူတွေကို တွေ့ကရာ ပစ်ခတ်သတ်ဖြတ်ပြီး အိမ်တွေကိုမီးရှို့ဖျက်ဆီးတယ်။ ရာဇဝတ်မှုတွေကို ကျူးလွန်တယ်။ဒါကြောင့် စစ်ကိုင်းတိုင်း တတိုင်စလုံးကြေလုနီးပါးဖြစ်နေသလို ရွာတွေလည်း ကုန်လုနီးပါးဖြစ်နေပြီ"လို့ဝန်ကြီးကဆိုပါတယ်။
တစ်နိုင်ငံလုံးမှာ အကြမ်းဖက် စစ်တပ်ဟာ အရပ်သားနေအိမ်နဲ့ အဆောက်အဦပေါင်း ၃၆၀၀၀ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးတော့ ၄င်းတို့ထဲမှ မီးလောင်ဆုံးရှုံးမှုအများဆုံးမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ပါဝင်ပါတယ်။
========================
📌📌 ၃။ မြ၀တီမင်းကြီးဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန အခမ်းအနား ယနေ့ ကျင်းပ
မြ၀တီမင်းကြီးဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန အခမ်းအနား ကိုထိုင်းနိုင်ငံ မဲဆောက်မြို့တနေရာမှာ အောက်တိုဘာ၃၁ရက် မွန်းလွဲပိုင်းကနေ ကျင်းပခဲ့ပြီးတော့ ဆရာတော့်ရဲ့ နိုင်ငံရေးအသိမိတ်ဆွေများ၊ဒကာ၊ဒကာမများ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ လွမ်းသူ့ပန်းခွေလည်းပေးပို့ခဲ့ပါတယ်။
မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ (သ.စ.အ ဓမ္မာစရိယ-၀ဋံသကာ) ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သီတင်းသုံးနေစဉ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က နှလုံးသွေးကြော ပိတ်ဝေဒနာဖြင့် ရုတ်တရက် ဘဝနတ်ထံပျံတော်မူသွားခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဟာ စစ်အာဏာရှင် စနစ်ကို အကြမ်းမဖက် တော်လှန်ရာမှာ ရှေ့တန်းကပါဝင်ဟောပြောမိန့်ကြားခဲ့သူလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ အသက် ၁၈ နှစ်မပြည့်သေးတဲ့လူငယ်တစ်ဦးအား ပကဖသင်တန်းဆင်းလို့ဆိုကာ အကြမ်းဖက် စစ်တပ်က ကြိုးတုတ် ရိုက်သတ်ခဲ့
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ဒေသ ရွာသာယာရွာမှ အသက်၁၈နှစ်မပြည့်သေးတဲ့လူငယ်တစ်ဦးအား ပကဖသင်တန်းဆင်းလို့ဆိုကာ အကြမ်းဖက် စစ်တပ်က ကြိုးတုတ် ရိုက်သတ်ခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုကဖြစ်စဥ်အားအတည်ပြုဆိုပါတယ်။
"မော်တိတ်ဒေသ ရွာသာယာရွာသို့ ၃၀ ရက်နေ့ မနက်ပိုင်းက ရောက်ရှိခဲ့သော စကစတပ်အင်အား ၁၀၀ ကျော်ခန့်ပါသောစစ်ကြောင်းဟာရွာသာယာရွာရှိ ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအား ပကဖသင်တန်းဆင်းပြီးသားဟုဆိုကာ ကြိုးတုတ်ပြီး ရိုက်သတ်ပြီးလမ်းဘေးမှာပစ်သွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ရွာသာယာမှအင်အား ၁၀၀ ကျော်ခန့်ပါသော စစ်ကြောင်းဟာ လူငယ်တစ်ဦးအား ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကာ အောက်တိုဘာ ၃၁ ရက်မနက် တုံ့တော်ရွာနှင့် အောင်းကုန်းရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၅။ မြောင်မြို့နယ်ရှိ စကစတပ်များ အထိုင်ချရာ ကျောက်ရစ်စခန်းကို ကာကွယ်ရေးတပ်များ စုဖွဲ့တိုက်ခိုက်ရာ အနည်းဆုံးသုံးဦးထိခိုက်သေဆုံးနိုင်
စစ်ကိုင်းတိုင်းမြောင်မြို့နယ်ရှိ စကစတပ်များ အထိုင်ချရာ ကျောက်ရစ်စခန်းကို ကာကွယ်ရေးတပ်များ စုဖွဲ့တိုက်ခိုက်ရာ အနည်းဆုံးသုံးဦးထိခိုက်သေဆုံးနိုင်တယ်လို့အောက်တိုဘာ ၃၁ ရက်မှာ စစ်ရေးသတင်းကို မြင်းခြံခရိုင်အမှတ်-၅ တပ်ရင်း နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ကအသိပေးဆိုပါတယ်။
"ကျောက်ရစ်စခန်းမှ စကစများတမံဆေးကန်ဘက်သို့စစ်ကြောင်းထိုးချိန်တွင့် မြင်းခြံခရိုင်အမှတ်-၅ တပ်ရင်း နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ နှင့် မုံရွာခရိုင်တပ်ရင်း၈ အဖွဲ့ မြောင် ပကဖ အဖွဲ့တို့နဲ့အတူ ကျောက်ရစ်စခန်းကိုလက်နက်ငယ်များနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစ ဘက်မှ ၃ ဦးထက်မနည်း သေဆုံးနိုင်ကာတိုက်ပွဲကြာချိန် ၁၀ မိနစ်ကြာခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုဘက်မှအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ NUGPay ဝန်ဆောင်မှုတွေ အကြောင်း အကုန်သိစေမယ့် NUGPay စွယ်စုံကျမ်း ထွက်ရှိ
NUGPay ဝန်ဆောင်မှုတွေ အကြောင်း အကုန်သိစေမယ့် NUGPay စွယ်စုံကျမ်း ထွက်ရှိပြီလို့ အောက်တိုဘာ ၃၀ ရက်နေ့မှာ NUG Pay ကအသိပေးဆိုပါတယ်။
“NUGPay ဝန်ဆောင်မှုတွေ အကြောင်း အကုန်သိစေမယ့် NUGPay စွယ်စုံကျမ်း လာပါပြီ။NUGPay ဟာ နည်းပညာအသစ်ကို အခြေပြုတည်ဆောက်ထားသော်ငြားလည်း ပြည်သူများ အဆင်ပြေချောမွေ့ လွယ်ကူစွာ အသုံးပြုနိုင်ရန် အထူးဂရုပြု စီစဉ်ထားပါတယ်။NUGPay ဖြင့် ငွေလက်ခံခြင်း၊ ငွေလွှဲခြင်း ပြုလုပ်ပုံများကို့ လေ့လာနိုင်ပါတယ်"လို့ ဆိုပါတယ်။
အဆိုပါစွယ်စုံကျမ်းတွင် NUGPay Account ဖွင့်နည်း ၊ ငွေလွှဲနည်း၊ငွေလက်ခံနည်းတို့ စုံလင်စွာဖော်ပြထားပါတယ်။ NUG Payကို လက်ရှိမှာ သုံးစွဲသူ လူဦးရေ ၁၅၀၀၀ ခန့်ရှိနေပြီးတော့ စစ်အာဏာရှင် လက်အောက်မှ လွတ်ကင်းတဲ့ တစ်ခုတည်းသော ဘဏ္ဍာရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်အထူးပွဲ ကို အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ Baldwin Park Performing Arts Center ပြသခဲ့ရာ $(40,000)ကျော်ရရှိခဲ့
Los Angeles Organizers for Burma အဖွဲ့မှ ဦးဆောင်၍ Los Angeles အခြေစိုက် မြန်မာအသင်းအဖွဲ့ပေါင်းစုံတို့ ပူးပေါင်းစီစဉ်ပြသခဲ့သော ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ" ရုပ်ရှင်အထူးပွဲ ကို အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ Baldwin Park Performing Arts Center တွင် အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲ မှ ညနေ ၆ နာရီအထိ ပွဲစဥ် ၂ ပွဲ ရုံပြည့် ပြသခဲ့ပါသည်။
ထိုရုပ်ရှင်အထူးပွဲ ကို လော့စ်အိန်းဂျလိစ်မြို့နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများ ၆၀၀ ကျော် နှင့် အမေရိကန်မိတ်ဆွေမိသားစုများ တခဲနက် တက်ရောက် အားပေးကြည့်ရှုခံစား ကြပါသည်။
ထူးခြားချက်မှာ- ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာတွင် အပြစ်မဲ့ပြည်သူများနှင့် ဂီတအနုပညာရှင်များကို ရက်စက်ကြမ်းကြုတ်စွာ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်သည့် ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်ကြောင့် မြန်မာပြည်ဖွား တိုင်းရင်း သားမိသားစုများက မတရားမှုတို့ကို ဆန့်ကျင်တော်လှန်သည့်အနေဖြင့် ရုပ်ရှင်ကြည့်ပရိသတ် ပိုမိုများပြားစွာ လာရောက်ကြကြောင်း သိရပါသည်။
အားပေးကြည့်ရှုခဲ့ကြသည့် မြန်မာရုပ်ရှင်ချစ်ပရိသတ်များသည် မိုးခါးရေ အမှတ်တရ တီရှပ်များဆင်တူများ ဝယ်ယူ ဝတ်ဆင်ခြင်း၊အထူးအစီအစဉ်အနေဖြင့် မော်တော်ကားမဲဖောက်ခြင်းနှင့် ရန်ပုံငွေအစားသောက်စျေးရောင်းပွဲကိုပါ စီစဥ်ထားသဖြင့် အမေရိကန်ပွဲတော်များကို သွားရောက်အားပေးရသကဲ့သို့ ပြည့်စုံစုံလင်သော မြန်မာပွဲတော် All in one တခုကို ဂုဏ်ယူစဖွယ် တက်ရောက်ရသလို ခံစားမိကြောင်း ပွဲလာပရိသတ်များက ခံစားပြောဆိုကြပါသည်။
ရန်ပုံငွေစုစုပေါင်း $ 40,000 ကျော်လက်ခံရရှိခဲ့ပြီး၊ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေအလှူငွေများ ဆက်လက်လှူဒါန်းကြမည်ဖြစ်ကြောင်း ကြားသိရပါသည်။ ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ် လိုအပ်နေသည့်မြို့ရွာများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွန်းလှန်တော်လှန်စစ် စတင်ဆင်နွှဲနေကြသော PDF တပ်ဖွဲ့တင်များထံ အမြန်ဆုံး ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment