၂၀၂၂ အောက်တိုဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့သမ္မတဦးဝင်းမြင့်ကျန်းမာရေးကောင်းမွန်စွာတွေ့မြင်ရ
📌 ၂။ သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးတာနဲ့ဒုတိယ အကြိမ် ပြည်သူ့ညီလာခံအား ကျင်းပသွားမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအသိပေး
📌 ၃။ စစ်အာဏာရှင်ကို ရက်ပေါင်း ၅၀၀ ကျော်တဲ့အထိဆန့်ကျင်ဆန္ဒပြ ခဲ့ကြတဲ့ Women Alliance Burma အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာ လှလှစိုးက ဂုဏ်ပြုပန်းချီရေးဆွဲဂုဏ်ပြု
📌 ၄။ ကမ္ဘာ့ဆရာများနေ့အတွက်အခက်အခဲများကြားမှ ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ဆရာ၊ ဆရာမတို့ကို ဂုဏ်ပြုဖို့ Profile Frame တွေ ပြောင်းပြီး ကမ္ဘာကို ပြသရန် ပညာရေးဒုဝန်ကြီးတိုက်တွန်း
📌 ၅။ မသောက်မိသောမိုးခါးရေ အင်္ဂလန်ပွဲစဥ်မှာ ရုပ်ရှင်ရုံအတွင်း ရန်ပုံငွေကောက်ခံရာ အလှူငွေပေါင်သုံးထောင်ရရှိ
📌 ၆။ ပလိပ် EPC ရုံးမှ Bank သို့ မီတာခသွားသွင်းသော လျှပ်စစ်ရုံးမန်နေဂျာကားကိုပစ်ခတ်ရာ လုံခြုံရေးလိုက်ပါလာတဲ့ရဲစခန်းမှူးပွဲချင်းပြီးသေဆုံး
📌 ၇။ မတ္တရာမြို့နယ် ရှင်လှ ရွာသစ် အေးကျွန်း ကျေးရွာများ အား အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်
📌 ၈။ ကျားတက်စခန်းသိမ်းတိုက်ပွဲတွင်ရေစကြိုမြို့နယ် (ပ.က.ဖ)မှ ရဲဘော်ဝလုံးနဲ့ (SSTF) မှ ရဲဘော်ပိန္နဲစေ့တို့ကျဆုံး
📌 ၉။ ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၁၀၄) မှ စကစတပ်ဖွဲ့ဝင်များကို စနိုက်ပါနဲ့ပစ်ခတ်၍ သုံးဦးသေဆုံး
📌 ၁၀။ စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်ညောင်ပင်ကြီးမနက်ခင်းစျေးထွက်ဝယ်တဲ့ ရဲလေးယောက်မြို့ပြယူဂျီများဝင်လုံး၍ သေဆုံးကာ သေနတ်များပါသွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့သမ္မတဦးဝင်းမြင့်ကျန်းမာရေးကောင်းမွန်စွာတွေ့မြင်ရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့သမ္မတဦးဝင်းမြင့်ကျန်းမာရေးကောင်းမွန်စွာတွေ့မြင်ရတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ၃ရက်နေ့ တရားရုံးအထုတ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့သမ္မတဦးဝင်းမြင့်ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကအတည်ပြုပါတယ်။
ရဟတ်ယာဥ် ငှားရမ်း၊ဝယ်ယူ၊ ပြုပြင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ စွပ်စွဲခံထားရတဲ့အမှုကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဆိုပါအမှုကို နေပြည်တော်အချုပ်ထောင်အတွင်းမှာသာ စစ်ဆေးခြင်းဖြစ်ပြီးတော့ အမှုနဲ့ပတ်သက်သူများကို စစ်ဆေးခဲ့တယ်လို့သတင်းရရှိပါတယ်။
အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာစတင်သိမ်းကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။ လက်ရှိမှာ အမှုများဆင်၍ အကြမ်းဖက် စစ်အုပ်စုဟာ အတိုင်ပင်ခံကိုထောင်ဒဏ် ၂၃ နှစ်ချမှတ်ထားပါတယ်။
========================
📌📌 ၂။ သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးတာနဲ့ဒုတိယ အကြိမ် ပြည်သူ့ညီလာခံအား ကျင်းပသွားမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအသိပေး
သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးတာနဲ့ဒုတိယ အကြိမ် ပြည်သူ့ညီလာခံအား ကျင်းပသွားမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအသိပေးဆိုပါတယ်။ အောက်တိုဘာ ၃ ရက်မှာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကအသိပေးထုတ်ပြန်ပါတယ်။
"အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ပြည်သူ့ညီလာခံကို ၆ လ တစ်ကြိမ် ကျင်းပရမှာ ဖြစ်ပါတယ်။ ထိုကြောင့် ပထမအကြိမ် ပြည်သူ့ညီလာခံကို ယခုနှစ် ဇန်နဝါရီလကကျင်းပခဲ့ပြီး နွေဦးတေယ်လှန်ရေးတစ်စုံလုံးအတွက်အရေးကြီးတဲ့အတည်ပြုချက်များရယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒုတိယ အကြိမ် ပြည်သူ့ညီလာခံကို ဇူလိုင်လအတွင်း ကျင်းပရမှာ ဖြစ်ပေမယ့် နိုင်ငံရေးဖြစ်ထွန်းမှု ဖြစ်စဉ်များ အရ နွေဦးတော်လှန်ရေးအား ပိုမိုအားကောင်း လာစေဖို့ အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန် ရှိလာလို့ ဒုတိယ အကြိမ် ပြည်သူ့ညီလာခံကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပရန် ခက်ခဲခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တော်လှန်ရေးပိုမိုအားကောင်းလာစေရန် သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးတာနဲ့ တစ်ပြိုင်နက် ဒုတိယ အကြိမ် ပြည်သူ့ညီလာခံအား ကျင်းပသွားမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင်ကို ရက်ပေါင်း ၅၀၀ ကျော်တဲ့အထိဆန့်ကျင်ဆန္ဒပြ ခဲ့ကြတဲ့ Women Alliance Burma အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာ လှလှစိုးက ဂုဏ်ပြုပန်းချီရေးဆွဲဂုဏ်ပြု
စစ်အာဏာရှင်ကို ရက်ပေါင်း ၅၀၀ ကျော်တဲ့အထိဆန့်ကျင်ဆန္ဒပြ ခဲ့ကြတဲ့ Women Alliance Burma အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာ လှလှစိုးက ဂုဏ်ပြုပန်းချီရေးဆွဲဂုဏ်ပြုခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးကအသိပေးဆိုပါတယ်။
"Women Alliance Burma-WAB ရက်ပေါင်း ၅၀၀ ကျော်တဲ့အထိ တရက်မှမနားအာဏာရှင်ကိုဆန့်ကျင်နေတဲ့ WAB အတွက်... အမှတ်တရဖြစ်ပါတယ်"လို့ ပန်းချီကားနဲ့အတူ ဝန်ကြီးကဆိုထားပါတယ်။ WomenAllianceBurmaဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှစ၍ အာဏာသိမ်းမှုကိုအလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပါတယ်။
"WAB ကို အသိအမှတ်ပြုပြီး ရေးဆွဲပေးတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးအား များစွာကျေးဇူးတင်ရှိရပါတယ်။မိမိတို့အနေနဲ့လည်း အာဏာရှင်စနစ် ကျဆုံးသည်အထိ မြန်မာအမျိုးသမီးထုနဲ့အတူ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်"လို့Women Alliance Burma ကလည်းဆိုပါတယ်။
========================
📌📌 ၄။ ကမ္ဘာ့ဆရာများနေ့အတွက်အခက်အခဲများကြားမှ ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ဆရာ၊ ဆရာမတို့ကို ဂုဏ်ပြုဖို့ Profile Frame တွေ ပြောင်းပြီး ကမ္ဘာကို ပြသရန် ပညာရေးဒုဝန်ကြီးတိုက်တွန်း
ကမ္ဘာ့ဆရာများနေ့အတွက်အခက်အခဲများကြားမှ ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ဆရာ၊ ဆရာမတို့ကို ဂုဏ်ပြုဖို့ Profile Frame တွေ ပြောင်းပြီး ကမ္ဘာကို ပြသရန် ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကတိုက်တွန်းထားပါတယ်။ အောက်တိုဘာ ၃ ရက် လူမှုကွန်ရက်မှာ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေးဖော်ပြထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အတွက် ဆောင်ပုဒ်မှာ“Noble CDM Teachers in the Daring Revolution” “အခက်အခဲကြားကတော်လှန် CDM တို့အားမာန်၊ ရဲဝံ့စွန့်စား မြတ်သောဆရာများ” ဟူ၍ ဖြစ်ပါတယ်။ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး အခက်အခဲများကြားမှ ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ဆရာ၊ ဆရာမတို့ကို ဂုဏ်ပြုဖို့ Profile Frame တွေ ပြောင်းပြီး ကမ္ဘာကို ပြလိုက်ကြပါစို့"လို့ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အတွက် UNESCO ၏ ဆောင်ပုဒ်မှာ “The transformation of education begins with teachers” “ပညာရေးအသွင်ပြောင်းလဲမှု ဆရာများနှင့် အစပြု” ဖြစ်ပါတယ်။ Profile Frame ကို https://www.twibbonize.com/worldteachersdaymyanmarProfile Frame (၂) ခုအနက် မိမိကြိုက်နှစ်သက်ရာ တစ်ခုကိုရွေး၍ Choose a Photo ကို နှိပ်ကာပြောင်းလဲနိုင်ပါတယ်။
========================
📌📌 ၅။ မသောက်မိသောမိုးခါးရေ အင်္ဂလန်ပွဲစဥ်မှာ ရုပ်ရှင်ရုံအတွင်း ရန်ပုံငွေကောက်ခံရာ အလှူငွေပေါင်သုံးထောင်ရရှိ
မသောက်မိသောမိုးခါးရေ အင်္ဂလန်ပွဲစဥ်မှာ ရုပ်ရှင်ရုံအတွင်း ရန်ပုံငွေကောက်ခံရာ အလှူငွေပေါင်သုံးထောင်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၂ ရက်နေ့အင်္ဂလန်လန်ဒန်မြို့မှာ ထိုင်ခုံ ၄၀၀ ကုန်သွား၍ အပိုခုံများပင်ထိုးကာပြသခဲ့ရပါတယ်။
"ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ဆိုတဲ့ ဇာတ်လမ်းတိုလေး သွားကြည့်ခဲ့တယ်။ ခံစားချက်တွေအများကြီးရခဲ့တယ်။ဇာတ်လမ်းလေးကတော့ ကိုပေါက်သူ့လက်ရှိပတ်ဝန်းကျင်မှာ ကြားသိတွေ့ကြုံရတွေ့အဖြစ်အပျက်မှန်တွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ဇာတ်လမ်းတိုလေးပေါ့။ကိုပေါက်ရှင်းပြပုံအရဆို ရုပ်ရှင်နဲ့ရင်းနှီးဖို့မပြောနဲ့ ရုပ်ရှင်သမားတွေနဲ့တောင် မသိတဲ့ တောထဲက တော်လှန်ရေးသမားတွေနဲ့ရိုက်ထားတဲ့ဇာတ်လမ်းတိုလေး၊ ရည်ရွယ်ချက်ကောင်းသလို တင်ပြပုံလည်းထိမိပါတယ်"လို့ သွားရောက်ကြည့်ရှုခဲ့သူက အင်္ဂလန်ပွဲစဥ်ကိုဆိုပါတယ်။
မသောက်မိသော မိုးခါးရေဇာတ်လမ်းဟာ CDM ဗိုလ်ကြီးတစ်ဦး၏အဖြစ်အပျက်တချို့ကို အခြေခံပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ မသောက်မိသော မိုးခါးရေ မှရရှိမယ့်ဝင်ငွေများကိုသက်ဆိုင်ရာငွေစာရင်းစစ်ဆေးမှုများခံယူပြီးပြည်သူ့တော်လှန်ရေး၏ Drone တပ်များသို့ ၇၀% လှူဒါန်းပံ့ပိုးမည်ဖြစ်ပြီး ကျန်ရှိသော ၃၀% ကို အရေးပေါ်လိုအပ်ချက်များသို့ ကူညီပေးသွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ပလိပ် EPC ရုံးမှ Bank သို့ မီတာခသွားသွင်းသော လျှပ်စစ်ရုံးမန်နေဂျာကားကိုပစ်ခတ်ရာ လုံခြုံရေးလိုက်ပါလာတဲ့ရဲစခန်းမှူးပွဲချင်းပြီးသေဆုံး
မန္တလေး - ကျောက်ဆည်လမ်း စဥ့်ကိုင်ပေါ်တော်မူဘုရားအနီးတွင် ပလိပ် EPC ရုံးမှ Bank သို့ မီတာခသွားသွင်းသော လျှပ်စစ်ရုံးမန်နေဂျာကားကိုပစ်ခတ်ရာ လုံခြုံရေးလိုက်ပါလာတဲ့ရဲစခန်းမှူးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီ ၅၀ အချိန်မန္တလေး - ကျောက်ဆည်လမ်း စဥ့်ကိုင်ပေါ်တော်မူဘုရားအနီးပလိပ် EPC ရုံးမှ Bank သို့ မီတာခသွားသွင်းသောလျှပ်စစ်ရုံးမန်နေဂျာနှင့် လုံခြုံရေးတပ်ဖွဲ့ ၃ ဦးကိုတိုက်ခိုက်ခဲ့တယ်လို့ မြစ်ငယ် PDF ကအတည်ပြုဆိုပါတယ်။
"တော်လှန်ရေးမဟာမိတ်ညီနောင်အဖွဲ့များနှင့်အတူပူးပေါင်း၍ အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီ ၅၀ အချိန်မန္တလေး - ကျောက်ဆည်လမ်း စဥ့်ကိုင်ပေါ်တော်မူဘုရားအနီးတွင် ပလိပ် EPC ရုံးမှ Bank သို့ မီတာခသွားသွင်းသောလျှပ်စစ်ရုံးမန်နေဂျာနှင့် စကစ ၃ ဦးအပါ ကားတစ်စီးကိုလမ်းတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
ဖြစ်စဥ်မှာ သုံးမိနစ်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကားပေါ်ပါရဲစခန်းမှူးသေဆုံးကာ ကျန်လူများလည်းထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်ဆင်ရေးကို MN PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့၊ Truth Keeping Force - Amarapura၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၇။ မတ္တရာမြို့နယ် ရှင်လှ ရွာသစ် အေးကျွန်း ကျေးရွာများ အား အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်
မတ္တရာမြို့နယ် ရှင်လှ ရွာသစ် အေးကျွန်း ကျေးရွာများ အား အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့မှာ ကောင်းကင်တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"မတ္တရာမြို့နယ် ရှင်လှ ရွာသစ် အေးကျွန်း ကျေးရွာများ အား စကစမှ လက်နက်ကြီးများ နှင့် ပစ်ခတ်ခဲ့ပါတယ်။ပြည်သူများ အန္တရာယ်ကင်းကြပါစေ"လို့ဆိုထားပါတယ်။ ပြီးခဲ့ရက်ပိုင်းကလည်း မတ္တရာမြို့နယ် ရေလယ်ကျွန်း ကျေးရွာတပ်စွဲတဲ့ စကစတပ်များ ကျေးရွာသူ ကျေးရွာသား များအား ပစ်သတ် ဖမ်းဆီးကာနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
========================
📌📌 ၈။ ကျားတက်စခန်းသိမ်းတိုက်ပွဲတွင်ရေစကြိုမြို့နယ် (ပ.က.ဖ)မှ ရဲဘော်ဝလုံးနဲ့ (SSTF) မှ ရဲဘော်ပိန္နဲစေ့တို့ကျဆုံး
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကျားတက်စခန်းသိမ်းတိုက်ပွဲတွင်ရေစကြိုမြို့နယ် (ပ.က.ဖ) မှ ရဲဘော်ဝလုံးနဲ့ (SSTF) မှ ရဲဘော်ပိန္နဲစေ့တို့ကျဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF) မှအသိပေးဆိုပါတယ်။
"ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်စဥ်အတွင်း ကျဆုံးခဲ့ရသော ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF) မှ ရဲဘော်ပိန္နဲစေ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ) မှ ရဲဘော်ဝလုံး တို့သည်ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ရဲရင့်စွာ ကျဆုံးခဲ့ကြပါတယ်"လို့ ဆိုပါတယ်။
ကျားတက်စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ပိန္နဲစေ့ နှင့် ရဲဘော်ဝလုံး တို့အား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့လည်း ဆားလင်းကြီး SSTF ကဆိုပါတယ်။
========================
📌📌 ၉။ ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၁၀၄) မှ စကစတပ်ဖွဲ့ဝင်များကို စနိုက်ပါနဲ့ပစ်ခတ်၍ သုံးဦးသေဆုံး
ကရင်ပြည်နယ် ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၁၀၄) မှ စကစတပ်ဖွဲ့ဝင်များကို စနိုက်ပါနဲ့ပစ်ခတ်၍ သုံးဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းကအတည်ပြုဆိုပါတယ်။
"ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့မှ လက်ဖြောင့် စနိုက်ဘာ စစ်သည်များ၏ စွမ်းရည်ဖြင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ အောက်တိုဘာ (၁) ရက်နေ့တွင် (၁)ဦး၊ ယနေ့ (အောက်တိုဘာ ၃ ရက်နေ့) တွင် (၃) ဦး သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။ ပူးပေါင်း တပ်ဖွဲ့များ ဘက်မှ တစုံတရာထိခိုက်မှုမရှိကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၁၀။ စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်ညောင်ပင်ကြီးမနက်ခင်းစျေးထွက်ဝယ်တဲ့ ရဲလေးယောက်မြို့ပြယူဂျီများဝင်လုံး၍ သေဆုံးကာ သေနတ်များပါသွား
စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်ညောင်ပင်ကြီးမနက်ခင်းစျေးထွက်ဝယ်တဲ့ ရဲလေးယောက်မြို့ပြယူဂျီများဝင်လုံး၍ သေဆုံးကာ သေနတ်များပါသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းစစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်ညောင်ပင်ကြီးမနက်ခင်းစျေးထွက်ဝယ်တဲ့ရဲလေးယောက်ကို ယူဂျီတွေက တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကအတည်ပြုပါတယ်။
"အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းစစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်ညောင်ပင်ကြီးမနက်ခင်းစျေးရဲလေးယောက်သေနတ်လွယ်ပြီးစျေးဝယ်ထွက်ခဲ့ရာစျေးထဲအရောက်ပြည်သူ့အချစ်တော်UGများမှအလစ်ဝင်တိုက်ခိုက်ရာရဲများ လုံးဝပြင်ဆင်ချိန်မရလိုက်ဘဲကျဆုံးသွားပါတယ်။ပြောက်ကျား UG များမှ G-3 /သေနတ်လေးလက်ကိုသာသာယာယာဘဲကောက်ယူသွားတာတွေ့ရပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာစစ်ကိုင်းတိုင်းဆားလင်းကြီးUGတို့ရဲ့လက်စွမ်းပြချက်ကြောင့်စစ်သားများရဲသားများလက္ဘက်ရည်ဆိုင်မထိုင်ရဲစျေးထဲစျေးဝယ်မသွားရဲ့တဲ့အဖြစ်မျိုးရောက်နေကြောင်း ပြည်ထဲရေးနှင့်ကာကွယ်ရေးရုံးများသို့တိုင်ကြားစာရောက်လာတယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment