၂၀၂၂ အောက်တိုဘာလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီဟာ မဟာမိတ်စုဖွဲ့မှုစည်း ကျိုးပေါက်အောင် အမျိုးမျိုး သွေးဆောင်ဖြားယောင်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလသတိပေးပြောကြား
📌 ၂။ မြန်မာ့သမိုင်းတလျှောက် မရဖူးခဲ့တဲ့ ညီညွတ်မှုအင်အားတွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်နေ ရတဲ့ တော်လှန်ရေးဖြစ်လို့ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
📌 ၃။ CRPH၊ ပညာရေးကော်မတီ၏ ပုံမှန်ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) အား ကျင်းပ
📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၅။ အီတလီနိုင်ငံ Perugia မြို့မှာ ပြုလုပ်ကျင်းပနေတဲ့ နိုင်ငံတကာ ရုပ်ရှင်မှတ်တမ်းပွဲတော် Perso Film Festival မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းနှင့် ပြည်သူများ၏ လွတ်လပ်ခွင့်တော်လှန်မှုများကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ဇာတ်လမ်းပြသမယ်
📌 ၆။ မုံရွာ-အမြင့်လမ်းကိုအကြမ်းဖက် စစ်တပ်က ဘူဒိုဇာနဲ့ထိုး၍ လမ်းပိုင်းကိုဖျက်ဆီး
📌 ၇။ ဝက်လက်မြို့နယ် ရှိမ်းမကားရွာသို့လာသော စကစတပ် ထောက်ပို့ကားတစ်စီး မိုင်းဆွဲခံရ၍ မီးလောင်ပျက်စီး
📌 ၈။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကလပ်ကုန်းရပ်ကွက်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသမီးတစ်ဦးကို အကြမ်းစစ်တပ်နဲ့ရဲကပစ်ခတ်၍သေဆုံး
📌 ၉။ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှကျေးရွာပေါင်း (၅၀) ကျော်ကို ကြီးစိုးနိုင်ခဲ့ပြီလို့ဆို
📌 ၁၀။ Spring Mandalay အိမ်ရာစီမံကိန်း ၇၂ နာရီအတွင်းအမေရိကန်ဒေါ်လာ ၁၀.၂၅ သန်းဖိုးရောင်းချထားရပြီလို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီဟာ မဟာမိတ်စုဖွဲ့မှုစည်း ကျိုးပေါက်အောင် အမျိုးမျိုး သွေးဆောင်ဖြားယောင်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလသတိပေးပြောကြား
စစ်ကောင်စီဟာ မဟာမိတ်စုဖွဲ့မှုစည်း ကျိုးပေါက်အောင် အမျိုးမျိုး သွေးဆောင်ဖြားယောင်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလသတိပေးပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၇၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
"နွေဦးတော်လှန်ရေးရဲ့ စစ်ရေးမဟာမိတ်စုဖွဲ့မှုကို လက်ရှိအခြေအနေထက် ကျယ်ပြန့် အောင်၊ လက်ရှိအခြေအနေထက် ကျစ်လစ်သိပ်သည်းအောင် လုပ်ကြဖို့လိုပါတယ်။ စစ်ကောင်စီဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်စုဖွဲ့မှုစည်း ကျိုးပေါက်အောင် အမျိုးမျိုး သွေးဆောင်ဖြားယောင်းနေတာ ကိုလည်း တွေ့ရပါတယ်။ ဒါကိုသတိချပ်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။ စစ်ကောင်စီဟာ လက်ရှိမှာတိုင်းရင်းသား တော်လှန်ရေးအင်အားစုများကို မက်လုံးပေးတွေ့ဆုံမှုတို့ရှိနေပါတယ်။
" နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်းမှာ နိုင်ငံရေးပဋိညာဉ်တစ်ခု ကျစ်ကျစ်လစ်လစ်ပေါ်ထွက်လာရေးကိုလည်း အာရုံစိုက်ကြပါ။ အုပ်စုအကျိုး စီးပွားထက် လူထုအကျိုးစီးပွား အပေါ် အခြေခံသော နိုင်ငံရေးပဋိညာဉ်နဲ့ နိုင်ငံရေးမူဝါဒတွေ ဖြစ်ဖို့လည်း လိုပါတယ်။’ လို့ ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ မြန်မာ့သမိုင်းတလျှောက် မရဖူးခဲ့တဲ့ ညီညွတ်မှုအင်အားတွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်နေ ရတဲ့ တော်လှန်ရေးဖြစ်လို့ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
မြန်မာ့သမိုင်းတလျှောက် မရဖူးခဲ့တဲ့ ညီညွတ်မှုအင်အားတွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်နေ ရတဲ့ တော်လှန်ရေးဖြစ်လို့ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုလိုက်ပါတယ်။ အောက်တိုဘာ ၄ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၇၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာဝန်ကြီးချုပ်ကထည့်သွင်းပြောပါတယ်။
"ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် တိုင်းရင်းသားမဟာမိတ်တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေ အားလုံး အတူတကွ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီချာတာကို အခြေခံထားတဲ့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးကိုလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ တက်ညီ လက်ညီ ဆောင်ရွက်နေကြတယ်။ ဒီတော်လှန်ရေးဟာ ထူးခြားတဲ့ တော်လှန်ရေး ဖြစ်တယ်၊ အရင်တုန်းက မြန်မာ့သမိုင်းတလျှောက် မရဖူးခဲ့တဲ့ ညီညွတ်မှုအင်အားတွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်နေ ရတဲ့ တော်လှန်ရေးဖြစ်တယ်။ဒီလို ညီညွတ်မှုတွေနဲ့ အတူတကွသွားနေကြတဲ့ ဒီတော်လှန်ရေးဟာ မအောင်မြင်စရာကို မရှိဘူး"လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်တာကာလအတွင်း စကစတပ်အင်အား နှစ်သောင်း ကျော် သေဆုံးခဲ့ပါတယ်။
========================
📌📌 ၃။ CRPH၊ ပညာရေးကော်မတီ၏ ပုံမှန်ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) အား ကျင်းပ
CRPH၊ ပညာရေးကော်မတီ၏ ပုံမှန်ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) အား ကျင်းပခဲ့ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့မှာပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တွင် ဖွဲ့စည်းထားသော ပညာရေးကော်မတီသည် ကော်မတီပုံမှန်ညှိနှိုင်းအစည်းအဝေး ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးအစီအစဉ်များအရ တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ်များက ပညာရေးကော်မတီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။ ထို့နောက် ကော်မတီဘတ်ဂျက် ရေးဆွဲနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်၍ အထွေထွေဆွေးနွေးတင်ပြချက်များ ဆက်လက်ဆွေးနွေးကြပြီး ကော်မတီ အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါတယ်။ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပညာရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်မွန်းလွဲပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်း၊ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ တက်ရောက်အဖွင့်အမှာစကား ပြောကြားရာတွင် "တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များသည် များစွာ အရေးပါပါကြောင်း၊ အုပ်ချုပ်ရေးယန္တရားများ၌ ပူးပေါင်းပါဝင်၍ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း လစ်ဟင်းမှုမရှိစေရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း "ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များက မြေပြင်ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ တရားရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ တိုင်ကြားစာလက်ခံဆောင်ရွက်မှုအခြေအနေများ၊ ထိန်းချုပ်နယ်မြေများ ရရှိရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို ခိုင်ခိုင်မာမာ လည်ပတ်နိုင်မည့်အခြေအနေများ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ အီတလီနိုင်ငံ Perugia မြို့မှာ ပြုလုပ်ကျင်းပနေတဲ့ နိုင်ငံတကာ ရုပ်ရှင်မှတ်တမ်းပွဲတော် Perso Film Festival မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းနှင့် ပြည်သူများ၏ လွတ်လပ်ခွင့်တော်လှန်မှုများကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ဇာတ်လမ်းပြသမယ်
အီတလီနိုင်ငံ Perugia မြို့မှာ ပြုလုပ်ကျင်းပနေတဲ့ နိုင်ငံတကာ ရုပ်ရှင်မှတ်တမ်းပွဲတော် Perso Film Festival မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းနှင့် ပြည်သူများ၏ လွတ်လပ်ခွင့်တော်လှန်မှုများကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ဇာတ်လမ်းပြသမယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းနှင့် ပြည်သူများ၏ လွတ်လပ်ခွင့်တော်လှန်မှုများကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ 1er Février ရုပ်ရှင်ဇာတ်လမ်းတိုကို ပြသသွားမှာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ အမျိုးသမီးဒါရိုက်တာနှစ်ဦး ရိုက်ကူးထားသော ဒီရုပ်ရှင်မှတ်တမ်းကို Cinema Postmodernissimo, Via del Carmine 4 မှာ ပြသသွားမှာဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်ပြသအပြီးမှာ မြန်မာပြည်စစ်အာဏာသိမ်းမှုနဲ့ တော်လှန်ရေးကဏ္ဍ မြန်မာအမျိုးသမီးများရဲ့ ပါဝင်မှု အကြောင်းအရာများကို ဆက်လက်ဆွေးနွေးတင်ပြသွားဖို့လည်းရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မုံရွာ-အမြင့်လမ်းကိုအကြမ်းဖက် စစ်တပ်က ဘူဒိုဇာနဲ့ထိုး၍ လမ်းပိုင်းကိုဖျက်ဆီး
မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် မုံရွာ-အမြင့်လမ်း ကျောက်ပေါက်ကွေ့ကိုအကြမ်းဖက် စစ်တပ်က ဘူဒိုဇာနဲ့ထိုး၍ လမ်းပိုင်းကိုဖျက်ဆီးခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးသွားတာလို့ ဒေသခံသတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဟာ စစ်ကားကြီးတစီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်နှင့် ရောက်ရှိလာပြီးဘူဒိုဇာနဲ့လမ်းပိုင်းကို ကားသွားမရအောင် ကန့်လန့်ဖြတ် ကျင်းပုံစံတူးသွားခဲ့ပါတယ်။ မုံရွာ-အမြင့်လမ်းဟာ မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်အတွက် မြို့နယ်ချင်းဆက်စပ်လမ်းပိုင်းလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ဝက်လက်မြို့နယ် ရှိမ်းမကားရွာသို့လာသော စကစတပ် ထောက်ပို့ကားတစ်စီး မိုင်းဆွဲခံရ၍ မီးလောင်ပျက်စီး
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ်းမကားရွာသို့လာသော စကစတပ် ထောက်ပို့ကားတစ်စီး မိုင်းဆွဲခံရ၍ မီးလောင်ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ အချိန် ဝက်လက်မြို့နယ် ရှိမ်းမကားရွာသို့လာသောစကစတပ်ထောက်ပို့ယာဥ်ကို ကာကွယ်ရေးတပ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကအတည်ပြုပါတယ်။
"ဝက်လက်မြို့နယ်ရှိမ်းမကားရွာသို့လာသောထောက်ပို့ကားတစီးအားပြည်သူ့အချစ်တော်ကာကွယ်ရေးတပ်ဖွဲ့များမှရှေ့ထွက်မိုင်းလေးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရပါတယ်"လို့ဆိုပါတယ်။ မိုင်းထိ၍ကားမီးလောင်ပျက်စီးသွားပြီးယူနီဖောင်းပါစကစတပ်ကလေးဦး၊ ပျူနှစ်ဦးသေဆုံးကာ G3 မိုင်းထိ၍ကားမီးလောင်ပျက်စီးသွားပြီးယူနီဖောင်းပါစကစတပ်ကလေးဦး၊ပျူနှစ်ဦးသေဆုံးကာ G ၂ လက်သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကလပ်ကုန်းရပ်ကွက်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသမီးတစ်ဦးကို အကြမ်းစစ်တပ်နဲ့ရဲကပစ်ခတ်၍သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကလပ်ကုန်းရပ်ကွက်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသမီးတစ်ဦးကို အကြမ်းစစ်တပ်နဲ့ရဲကပစ်ခတ်၍သေဆုံးခဲ့ပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကလပ်ကုန်းရပ်ကွက်ရှိ ဆုံဆည်းရာကုန်စုံဆိုင်အနီး၌ ဆိုင်ကယ်မောင်းနှင်လာသည့် မရန်ဆိုင်းဂူကို အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ရဲများမှ ပစ်သတ်ခဲ့ပြီး ယင်းနေ့ညမှာပင် ရုပ်အလောင်းကို ဆေးရုံမှ ယူဆောင်သွားခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လမ်းသွားလမ်းလာများကို စစ်ဆေးစဉ် မရန်ဆိုင်းဂူမှာ ဆိုင်ကယ်ကို ရပ်တန့်မပေးလို့ဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၃၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၉။ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှကျေးရွာပေါင်း (၅၀) ကျော်ကို ကြီးစိုးနိုင်ခဲ့ပြီလို့ဆို
ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှကျေးရွာပေါင်း (၅၀) ကျော်ကို ကြီးစိုးနိုင်ခဲ့ပြီလို့ဆိုပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာ CDF တွန်းဇံက ကြားကာလ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏နိုင်ငံရေးအခြေအနေကိုအသိပေးဖော်ပြပါတယ်။
" တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် CRPH မှ တစ်ဆင့်ဖွဲ့စည်းထားသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့်အားလျှော်စွာအခုချိန်အထိ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟူသော အမည်ဖြင့် ကျစ်လျစ်ခိုင်မာစွာရပ်တည်နိုင်ခဲ့ပါတယ်။ ဘယ်လိုအခက်အခဲမျိုးရှိစေကာမူ CDF-Tonzang တပ်ဖွဲ့ကိုဉီးဆောင်ပြီး လွတ်လပ်နယ်မြေများစွာပိုင်ဆိုင်နိုင်ရေးကို
အဓိကပစ်မှတ်ထားပြီးတိုက်ပွဲဝင်သွားမှာဖြစ်တယ်။အခုအချိန်တွင် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်ကျေးရွာပေါင်း (၅၀) ကျော်ကို ကြီးစိုးနိုင်ခဲ့ပြီဖြစ်တယ်"လို့ဆိုပါတယ်။ ယခုအချိန်တွင် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ နယ်မြေတစ်ဆက်တစ်စပ်တည်းရှိသော တွန်းဇံမြို့နယ်၏နယ်မြေထက်ဝက်ကျော်ကိုစိုးမိုးကြီးစိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ CDF တွန်းဇံကဖော်ပြပါတယ်။
========================
📌📌 ၁၀။ Spring Mandalay အိမ်ရာစီမံကိန်း ၇၂ နာရီအတွင်းအမေရိကန်ဒေါ်လာ ၁၀.၂၅ သန်းဖိုးရောင်းချထားရပြီလို့ဆို
Spring Mandalay အိမ်ရာစီမံကိန်း ၇၂ နာရီအတွင်းအမေရိကန်ဒေါ်လာ ၁၀.၂၅ သန်းဖိုးရောင်းချထားရပြီလို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ညပိုင်းမှာ EOD ကအသိပေးဆိုပါတယ်။
"အခါတော်ရောက်ချိန် နီးလို့လာပေ .. ဆိုတဲ့ အတိုင်း တော်လှန်ရေးဟာ တနေ့ထက် တနေ့ ရှေ့သို့ချီနေပါတယ်။ ဒီလိုအချိန်မှာ တော်လှန်ရေး ခါးမပြတ်ဖို့ ထောက်ပို့တွေ မရပ်ဖို့ အရေးကြီးလှပါတယ်။ ရှေ့ဆက်ကာ စီမံကြံကြရမယ့် အချိန်မှာ Spring Mandalay ကို ဝယ်ယူပြီး အားဖြည့်ကြတဲ့ ရွှေမန်းသူ ရွှေမန်းသားများနဲ့ ပြည်တွင်းပြည်ပက တော်လှန်ပြည်သူတွေကို ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ဆက်လက်ပြီး အားမလျှော့တမ်း အားမလျော့တမ်း ဝယ်ယူကြပါ။ အောင်စည်ရွမ်းသံကြားရင် အတူတကွ ပြည်တော်ဝင်ကြစို့"လို့ဆိုပါတယ်။ လက်ရှိမှာ Spring Mandalayအိမ်ရာစီမံကိန်း ရာခိုင်နှုန်းအားဖြင့် ၇၂ နာရီအတွင်း ၆၃ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၁၀.၂၅ သန်းဖိုးရောင်းချထားပြီးဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment