၂၀၂၂ အောက်တိုဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ဥပရောပါလီမန်က ဆုံးဖြတ်ချက်ချမှတ် အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြု
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၃။ မြန်မာ့နွေဦးတော်လှန်ရေးမှာ CDM ဆရာ၊ဆရာမတွေ လစာမရဘဲ ပါဝင်နေတာ တစ်နှစ်နဲ့ ရှစ်လပြည့်ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၄။ အခမဲ့ပညာရေး ကို ဖော်ဆောင်မယ့် Myanmar Nway-Oo University (MNOU) ဖွင့်လှစ်
📌 ၅။ CDM အင်အားအနည်းအကျဥ်းသာ လျော့၍ CDM အင်အားအကုန်လုံး NUG အစိုးရဘက်မှာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
📌 ၆။ လေကြောင်းရန်ကာကွယ်ရေး ပစ္စည်း NUG မှာရှိနေပြီဖြစ်၍ တည့်တည့်တိုးပါက ပစ်ချမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်သတိပေးပြောကြား
📌 ၇။ အစဥ်အလာရှိပြီးအင်အားကြီးမားတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစု ၈ ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့အသိပေး
📌 ၈။ စစ်ကောင်စီဟာ ခြစားနေတဲ့တိုင်လို လဲကျဖို့ပဲရှိတော့တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဆို
📌 ၉။ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ မပြီးသေးဘူးလို့ ပြည်သူလူထုကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအသိပေးပြောကြား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ဥပရောပါလီမန်က ဆုံးဖြတ်ချက်ချမှတ် အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြု
မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ဥပရောပါလီမန်က ဆုံးဖြတ်ချက်ချမှတ် အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကကြေညာထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ဥပရောပပါလီမန်က မြန်မာနိုင်ငံရှိ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးမှုနှင့် သတင်းထောက်များဖြစ်သည့် မထက်ထက်ခိုင်၊ ကိုစည်သူအောင်မြင့်နှင့် မငြိမ်းငြိမ်းအေး တို့အား မတရားဖမ်းဆီးခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်အတည်ပြုခဲ့ခြင်းအပေါ် မြန်မာပြည်သူများနှင့် သတင်းမီဒီယာသမား များကိုယ်စား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြုပါတယ်လို့ဆိုထားပါတယ်။
ဒါ့အပြင်ဆုံးဖြတ်ချက်တွင် ပါဝင်သည့် စစ်အာဏာရှင်တို့၏ မြန်မာနိုင်ငံတွင် အကြမ်းဖက်ကာ တရားမဝင်အုပ်ချုပ်မှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဆိုသည့် စကားရပ်သည် လူသတ် ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများ အပေါ်၌ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေခြင်း၊ ဖမ်းဆီးထောင်ချနေခြင်း၊ အကန့်အသတ်မရှိ ခွဲခြားမှု မရှိသည့် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်နေခြင်းများကို တားဆီး နိုင်လိမ့်မည်မဟုတ်ဘဲ စစ်တပ်က ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိရောက်စွာ အချိန်မီ အပြစ်ပေးအရေးယူနိုင်ရန် အထူးလိုအပ်ကြောင်း သတိပေး လိုပါတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
ဥရောပပါလီမန်က တောင်းဆိုထားသည့် ဥပဒေမဲ့ ဖမ်းဆီးထားသည့် သတင်းမီဒီယာ သမားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးနှင့် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ချမှတ်ထား သည့် ပြစ်ဒဏ်များကို ရုပ်သိမ်းရန် တောင်းဆိုချက်ကို မိမိတို့အနေဖြင့် ထပ်လောင်းထောက်ခံပါ တယ်လို့ဆိုထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတောင်းဆိုချက်အား ပြန်လွှတ်ပေးရေးအတွက် ဥပရောပပါလီမန်အနေဖြင့် စစ်အာဏာရှင်များကို ချက်ချင်းအကောင် အထည်ဖော်ဆောင်ပေးသည်အထိ ဖိအားပေး တောင်းဆိုပေးရန်လည်း မျှော်လင့်ပါတယ်လို့ဆိုကာနိုင်ငံရေးအကျဉ်းသားများအား ထပ်မံ၍ သေဒဏ်ချမှတ်ခြင်းများ ပြုလုပ်လာမည်ကို စိုးရိမ်လျက် ရှိသည့်အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်သို့ ပြောင်းရွေ့လိုက်ခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သူမ၏ကျန်းမာရေး အတွက် မြန်မာပြည်သူများနှင့်အတူ မိမိတို့ အလွန်စိုးရိမ်ပူပန်လျက် ရှိပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၀/၂၀၂၂) ကို အောက်တိုဘာ ၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက်လာတဲ့ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာ့နွေဦးတော်လှန်ရေးမှာ CDM ဆရာ၊ဆရာမတွေ လစာမရဘဲ ပါဝင်နေတာ တစ်နှစ်နဲ့ ရှစ်လပြည့်ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
မြန်မာ့နွေဦးတော်လှန်ရေးမှာ CDM ဆရာ၊ဆရာမတွေ လစာမရဘဲ ပါဝင်နေတာ တစ်နှစ်နဲ့ရှစ်လပြည့်ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ အောက်တိုဘာလ (၇) ရက် မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ဖွင့်လှစ်ခြင်း အခမ်းအနား မှာ ပညာရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။
"အားလုံးအခက်အခဲ ဖြစ်နေတဲ့ကြားက CDM ဆရာ၊ဆရာမတွေလည်း တစ်နှစ်နဲ့ရှစ်လရှိပြီ။ဘာလစာမှ မရဘဲနဲ့ ဒီတော်လှန်ရေးကို ပါဝင်ပေးနေတယ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။အဲဒီလောက်မရှိတဲ့ လူတွေနဲ့ ဒီတော်လှန်ရေးကိုလုပ်နေပါတယ်။ဒါကိုအသိအမှတ်လည်းပြုပါတယ်"လို့ဆိုပါတယ်။ ၂၀၂ ၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အများဆုံးပါဝင်ခဲ့ကြသူများဟာ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းများပဲ ဖြစ်ပါတယ်။
========================
📌📌 ၄။ အခမဲ့ပညာရေး ကို ဖော်ဆောင်မယ့် Myanmar Nway-Oo University (MNOU) ဖွင့်လှစ်
အခမဲ့ပညာရေး ကို ဖော်ဆောင်မယ့် Myanmar Nway-Oo University (MNOU) ဖွင့်လှစ်လိုက်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ အဆင့်မြင့်ပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအစီအစဉ်တစ်ခုဖြစ်သော မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ဖွင့်လှစ်တဲ့အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့ပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ဟာ ကြားကာလပညာရေးအတွက် ယာယီတက္ကသိုလ်ကောင်စီများ နှင့် ဘာသာရပ်အဖွဲ့များ စုစည်း၍ ပူးပေါင်းတည်ထောင်ထားသော ပညာရေးဝန်ကြီးဌာန၏ ပြည်သူပိုင်တက္ကသိုလ် (Public University) တစ်ခု ဖြစ်ပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ဟာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ် အခမဲ့ပညာရေး ကို ဖော်ဆောင်မည့် တက္ကသိုလ်တစ်ခု ဖြစ်ပြီးတော့ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) တွင် တက်ရောက်သင်ယူလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် Online Learning Platform ပေါ်တွင် တင်ထားပေးသည့် သင်တန်းအမျိုးအစား (၃) မျိုး အနက်မှ မိမိနှင့် သက်ဆိုင်သော၊ စိတ်ဝင်စားသော သင်တန်းများကို စာရင်းပေးသွင်း၍ ဝင်ရောက်လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
စစ်အာဏာရှင်လက်အောက်တွင်ပညာသင်ယူမှု မပြုလုပ်လိုသော ကျောင်းသား၊ ကျောင်းသူ အားလုံးအတွက် ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဦးတည်ဖော်ဆောင်မည့် မြန်မာ့နွေဦးတက္ကသိုလ် Myanmar Nway-Oo University (MNOU) သည် ပြည်သူပိုင် အွန်လိုင်းတက္ကသိုလ်အဖြစ် ယနေ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ CDM အင်အားအနည်းအကျဥ်းသာ လျော့၍ CDM အင်အားအကုန်လုံး NUG အစိုးရဘက်မှာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
CDM အင်အားအနည်းအကျဥ်းသာ လျော့၍ CDM အင်အားအကုန်လုံး NUG အစိုးရဘက်မှာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၇ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသော “ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း” သတင်းစာရှင်းလင်းပွဲအခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
"CDM ကတော့အနည်းအကျဥ်းလျော့ကောင်းတာရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့် CDM အင်အားအကုန်လုံးရှိနေသေးတယ်။ ကျနော်တို့ ထိန်းချုပ် နယ်မြေ မြို့နယ်တစ်ခုမှာ CDM ၁၅၆ ယောက်လောက် တပြိုင်နက်ထဲဝင်လာတာရှိတယ်။ဒီလိုမျိုးပဲ လက်ရ အုပ်ချုပ်နယ်မြေမှာ တိုက်ပွဲ ဖြစ်လာပြီဆိုရင် ပူးပေါင်းလာတဲ့ စစ်ကောင်စီရဲ့တပ်သားတွေ လက်နက်စွန့်လာတာရှိပါတယ်။အဲဒီတော့ CDMအင်အားက လျော့သွားတာမျိုးကဘယ်လိုမှ မဖြစ်နိုင်ပါဘူး"လို့ဆိုပါတယ်။ လက်ရှိမှာ တပ်နဲ့ရဲ CDM လုပ်ထားတဲ့အင်အား သောင်းနဲ့ချီရှိနေပါတယ်။
========================
📌📌 ၆။ လေကြောင်းရန်ကာကွယ်ရေး ပစ္စည်း NUG မှာရှိနေပြီဖြစ်၍ တည့်တည့်တိုးပါက ပစ်ချမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်သတိပေးပြောကြား
လေကြောင်းရန်ကာကွယ်ရေး ပစ္စည်း NUG မှာရှိနေပြီဖြစ်၍ တည့်တည့်တိုးပါက ပစ်ချမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသော “ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း” သတင်းစာရှင်းလင်းပွဲအခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
"တိတိကျကျ ပြောရရင် ကျနော်တို့မှာ လေကြောင်းရန် ကာကွယ်ဖို့ ပစ္စည်းရှိလားဆိုရင်ရှိတာပေါ့ဗျာ။ဒါပေမယ့်နေရာတိုင်းမှာ မြို့နယ်တိုင်းမှာတော့မဟုတ်ဘူး။ဒါပေမဲ့အဲဒီရှိတဲ့နေရာနဲ့တည့်တည့်လာတိုး ပစ်ချမှာပါ။ဒါက လူထုကို အကာအကွယ်ပေးနေတာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ ဒီပဲယင်းလက်ယက်ကုန်းရွာရှိ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က Mi35 ရဟတ်ယာဥ်နှစ်စင်းနဲ့ပစ်ခတ်ရာမှာ စာသင်ကြားတဲ့ ကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီးမြေပြင်စစ်ကြောင်းထိုးမှုကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၇။ အစဥ်အလာရှိပြီးအင်အားကြီးမားတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစု ၈ ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့အသိပေး
အစဥ်အလာရှိပြီးအင်အားကြီးမားတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစု ၈ ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇောက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသော “ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း” သတင်းစာရှင်းလင်းပွဲအခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ NUG အစိုးရအနေနဲ့ အစဥ်အလာရှိပြီး တော်လှန်ရေးအင်အားကြီးမားတဲ့ ERO ၈ ခုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တိုက်ပွဲတွေမှာလည်း တွေ့ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ KNU အဖွဲ့အစည်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ရေးအရ ပူးဆောင်ရွက်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများရှိနေပါတယ်။
========================
📌📌 ၈။ စစ်ကောင်စီဟာ ခြစားနေတဲ့တိုင်လို လဲကျဖို့ပဲရှိတော့တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဆို
စစ်ကောင်စီဟာ ခြစားနေတဲ့တိုင်လို လဲကျဖို့ပဲရှိတော့တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇောက ပြောပါတယ်။ အောက်တိုဘာ ၇ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသော “ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း” သတင်းစာရှင်းလင်းပွဲအခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီဟာ ခြစားနေတဲ့ တိုင်လို လဲကျဖို့ပဲရှိပါတော့တယ်။ပြည်သူလူထုက ကျရာကဏ္ဍာကနေ တိုက်ပွဲဝင်နေတဲ့အတွက် ဒီတိုက်ပွဲဟာမအောင်မြင်စရာအကြောင်းမရှိပါဘူး"လို့ဆိုပါတယ်။ ဒါ့အပြင် ယခုနှစ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်လည်းဖြစ်တယ်လို့ Press Secretary ကိုနေဘုန်းလတ်ကဆိုပါတယ်။
========================
📌📌 ၉။ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ မပြီးသေးဘူးလို့ ပြည်သူလူထုကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအသိပေးပြောကြား
၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ မပြီးသေးဘူးလို့ ပြည်သူလူထုကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအသိပေးပြောကြားလိုက်ပါတယ်။ "လက်ရှိကျင်းပနေတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ မြန်မာ့နိုင်ငံအရေး ဆွေးနွေးမှု အခြေအနေ" နဲ့ပတ်သက်လို့ ပြည်သူ့ပန်းတိုင်မှာပြောကြားရာမှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
"၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံက မပြီးသေးပါဘူး။အခုမှ စတင်တာဖြစ်ပါတယ်။အစိုးရခေါင်းဆောင်တွေ မူဝါဒရေးရာ ပြောတဲ့အစီအစဥ်ကသာ စက်တင်ဘာ၂၆ရက်နေ့ကပြီးသွားပါတယ်။နောက်နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိက ဒုတိယအစီအစဥ်ရှိပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်၍ တတိယကော်မတီရှိကာ အောက်တိုဘာ၂၅ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က အစီရင်ခံစာတင်သွင်းဖတ်ကြားမှာဖြစ်ပြီးတော့ အောက်တိုဘာ၂၆ ရက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ပတ်သက်လို့ မစ္စတာကောမတ်က တင်သွင်းဖို့ ရှိတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment