9th OCT 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ ထောα€€်တိုα€˜ာα€œ ( ၉ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 

πŸ“ŒπŸ“Œ ၁။ မင်းတပ် α€α€œα€› ၂၇၄ တပ်ရင်းဂိတ် ထပ်α€™ံတိုα€€်ခိုα€€်ခံα€›၊ α€‘α€žေပျောα€€်α€™ျားα€”ိုင်ပြီး α€‘α€α€Š်ပြုα€”ေဆဲα€Ÿု CDF မင်းတပ်ပြော


α€…α€…်α€€ောင်α€…ီα€›ဲ့ α€œα€€်α€”α€€်α€€ြီး ထထိုင်ချထားတဲ့ မင်းတပ်α€™ြို့ပေါ်α€”α€š်α€™ြေခံတပ်ရင်း ၂၇၄ ထနောα€€် α€žုံးα€™ိုင် ဂိတ်α€€ို CDF မင်းတပ်α€€ ထနီးကပ် တိုα€€်ခိုα€€်ခဲ့α€α€š်α€œို့ α€žိရပါα€α€š်။ ထောα€€်တိုα€˜ာ ၅ α€›α€€် α€™α€”α€€်ထစောပိုင်းα€€ α€”ှα€…်α€€ြိα€™်တိုင်တိုင် တိုα€€်ခိုα€€်ခဲ့တာα€–ြα€…်ပြီး α€…α€…်α€€ောင်α€…ီတပ်α€žား α€‘α€žေပျောα€€်α€™ျားα€”ိုင်α€α€š်α€œို့ CDF မင်းတပ်α€€ တရားဝင် ထုတ်ပြα€”်α€œာပါα€α€š်။

 

ထနီးကပ်တိုα€€်ခိုα€€်α€™ှုထပြီး CDF မင်းတပ် α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင်တွေ α€˜ေးကင်းကင်းα€”ဲ့ တပ်ဆုတ်α€”ိုင်ခဲ့ ပေα€™α€š့် α€…α€…်α€€ောင်α€…ီα€›ဲ့ α€›α€™်းα€žα€”်းပစ်ခတ်α€™ှုα€€ြောင့် ထနောα€€်ရပ်α€€ွα€€်α€™ှာα€›ှိတဲ့ ပြα€Š်α€žူပိုင်α€”ေထိα€™်တစ်α€œုံး ထပ်α€™ံထိခိုα€€်ပျα€€်α€…ီးα€›α€α€š်α€œို့α€œα€Š်း ထဲα€’ီထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြထားပါα€α€š်။ 

 

πŸ“ŒπŸ“Œ α‚။ တောင်ပိုင်းချင်းထမျိုးα€žားα€Šီα€Šွတ်α€›ေးα€€ော်မတီ၏ α€€ာα€€ွα€š်α€›ေးတွα€€် ထပ်α€™ံပါဝင်α€™ှု CDF မင်းတပ်α€œα€€်ခံα€›α€›ှိ


CDF မင်းတပ်α€€ာα€€ွα€š်α€›ေးထတွα€€် α€œိုထပ်α€žα€Š့် α€‘α€žုံးပစ္α€…α€Š်းα€™ျား α€α€š်α€šူα€›α€”် တောင်ပိုင်းချင်း ထမျိုးα€žား α€Šီα€Šွတ်α€›ေးα€€ော်မတီ၏ ထပ်α€™ံပါဝင်α€™ှု α€…ုα€…ုပေါင်း α€€ျပ် ၆၀၃၇၀၀၀၀/- (α€žိα€”်း ခြောα€€်α€›ာ α€žုံးα€žိα€”်း ခုα€”ှα€…်α€žောင်း တိတိ) α€€ို α€šα€ုα€”ှα€…် ထောα€€်တိုα€˜ာ ၂ α€›α€€် α€›α€€်α€…ွဲα€”ှင့် CDF မင်းတပ်α€€ α€œα€€်ခံα€›α€›ှိα€€ြောင်း တောင်ပိုင်းချင်းထမျိုးα€žားα€Šီα€Šွတ်α€›ေးα€€ော်မတီ၏ ပြီးခဲ့α€žα€Š့် (ထောα€€်တိုα€˜ာ ၆ α€›α€€်) α€–ော်ပြချα€€်ထရ α€žိα€›α€žα€Š်။ 

 

πŸ“ŒπŸ“Œ αƒ။ α€žြစတေးα€œျα€”ိုင်ငံ ထထက်α€œွှတ်တော်ထမတ်α€”ဲ့ α€™ီဇိုα€›α€™်ပြα€Š်α€”α€š်ထုပ်ချုပ်α€›ေးα€™ှူး α€™ြα€”်α€™ာα€…α€…်α€˜ေးα€›ှောင်ထရေး ဆွေးα€”ွေး 


α€žြစတေးα€œျα€”ိုင်ငံ ထထက်α€œွှတ်တော်ထမတ် Dean Smith α€”ဲ့ α€™ီဇိုα€›α€™်ပြα€Š်α€”α€š် ထုပ်ချုပ်α€›ေးα€™ှူး Hari Babu Kambhampati တို့ ပြီးခဲ့တဲ့α€€ြာα€žα€•α€ေးα€”ေ့ α€Šα€”ေပိုင်းα€€ တွေ့ဆုံခဲ့α€α€š်α€œို့ α€žိရပါα€α€š်။ ထဲα€’ီ တွေ့ဆုံα€™ှုα€™ှာတော့ α€™ြα€”်α€™ာ့α€”ိုင်ငံα€›ေးα€€ိα€…္α€…α€€ြောင့် α€™ီဇိုα€›α€™်ပြα€Š်α€”α€š်α€€ို ထွα€€်ပြေးတိα€™်းα€›ှောင်α€œာတဲ့ α€…α€…်α€˜ေး α€›ှောင်ပြα€Š်α€žူထခြေထနေတွေα€€ို ထဓိကထား ပြောဆိုα€€ြα€α€š်α€œို့ Mizoram News α€€ α€›ေးα€žားပါα€α€š်။ 

 

α€…α€…်α€˜ေးα€›ှောင်တွေထရေးα€€ိα€…္α€…α€”ဲ့ပတ်α€žα€€်ပြီး α€™ီဇိုα€›α€™် ထုပ်ချုပ်α€›ေးα€™ှူးတွေα€”ဲ့ တွေ့ဆုံတာα€Ÿာ α€žြစတေးα€œျ α€”ိုင်ငံ ထထက်α€œွှတ်တော်ထမတ် Dean Smith α€›ဲ့ α€™ီဇိုα€›α€™်ပြα€Š်α€”α€š်α€€ို α€œာα€›ောα€€်ရတဲ့ ထဓိα€€ ထကြောင်း ထရင်းတစ်ခု α€–ြα€…်ပါα€α€š်။ 

 

ထထက်α€œွှတ်တော်ထမတ် Smith α€€α€œα€Š်း ထိα€”္α€’ိα€š-α€žြစတြေးα€œျ ဆက်ဆံα€›ေးα€Ÿာ α€šα€α€„်ကထက် ပိုα€™ိုခိုင်α€™ာ α€œာα€€ြောင်းα€”ဲ့ ချင်းα€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူ့ထရေး α€žြစတြေးα€œျထစိုးα€›α€›ဲ့ α€žα€˜ောထားα€”ဲ့ ထခြေထနေα€€ို ဆွေးα€”ွေးခဲ့α€α€š်α€œို့α€œα€Š်း Mizoram News α€™ှာα€–ော်ပြထားပါα€α€š်။ 

 

πŸ“ŒπŸ“Œ α„။ α€œေα€šာဉ်ပစ်α€œα€€်α€”α€€်ထချို့ NUG ပိုင်ဆိုင်ထားပြီး α€…α€…်α€™ျα€€်α€”ှာပြင်α€™ျား α€–ွင့်တော့α€™α€Š်ဆို


α€…α€…်α€€ောင်α€…ီ၏ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုα€™ျား α€”ိုင်ငံα€’ေα€žα€‘α€ျို့တွင်α€€ြုံα€”ေရချိα€”်တွင် α€œေα€šာဉ်ပစ်α€œα€€်α€”α€€် ထချို့ ပိုင်ဆိုင်ထားပြီး ပစ်ချα€›α€”် ထဆင်α€žα€„့်α€–ြα€…်α€”ေပြီး α€…α€…်α€™ျα€€်α€”ှာပြင်α€™ျားα€–ွင့်α€€ာ α€…α€…်α€€ောင်α€…ီα€€ို တိုα€€်ခိုα€€် တော့α€™α€Š်α€–ြα€…်α€€ြောင်း ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› NUG α€€ ထောα€€်တိုα€˜ာ ၇ α€›α€€် α€Šα€”ှောင်းပိုင်း α€žα€α€„်းα€…ာα€›ှင်းα€œα€„်းပွဲတွင် ပြောα€œိုα€€်α€žα€Š်။

 

α€”ေα€›ာတိုင်းα€™ှာတော့α€™α€›ှိα€˜ူး တစ်ချို့α€”ေα€›ာတွေα€™ှာတော့ α€›ှိα€”ေပြီ ထဲ့α€’ီα€”ေα€›ာα€”ဲ့α€œာတိုးရင်တော့ α€€ျွα€”်တော်တို့ ကတော့ ပစ်ချα€™ှာ α€’ါα€€ ပွင့်ပွင့်α€œα€„်းα€œα€„်းပြောတာα€Ÿု α€žူα€€ ဆိုα€žα€Š်။ α€…α€…်α€€ောင်α€…ီတပ်α€žားα€™ျား NUG α€”ှင့် ထချိα€”်α€™ီပူးပေါင်းα€›α€”် ဦးထင်α€œα€„်းထောင်α€€ တိုα€€်တွα€”်းα€žွားပြီး ထချိα€”်α€œွα€”်α€žα€Š့်ထခါα€™ှထစွα€š်α€€ိုα€œိုα€žူ α€™ိα€–ုα€›ား၊ α€‘α€žွားα€…ေခိုင်းα€žူ မင်းဧကရာဇ်၊ α€œေးပစ်α€žူ α€˜ုα€›ားα€€ျွα€”်တော် ဆိုပြီးတော့ ဆင်ခြေမပေးα€”ဲ့α€Ÿုα€œα€Š်း α€žူα€€ ပြောα€žα€Š်။

 

ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€›၊ α€žα€™္မတရုံးပြောα€›ေးဆိုခွင့်α€›ှိα€žူ ဦးα€€ျော်ဇောα€€α€œα€Š်း တိုင်းရင်းα€žားα€œα€€်α€”α€€် α€€ိုင်တပ်α€–ွဲ့α€”ှင့် ထခြားα€™α€Ÿာα€™ိတ်ထဖွဲ့α€™ျားα€”ှင့် ပူးပေါင်း၍ α€…α€…်α€™ျα€€်α€”ှာပြင်α€™ျား α€–ွင့်α€™α€Š်α€Ÿုဆိုα€žα€Š်။ ထိုးα€…α€…် ဆင်α€›ေးတွင် ထာဏာα€žိα€™်း α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့α€œုပ်ဆောင်α€œေ့α€›ှိα€žα€Š့် ထရပ်α€žားပြα€Š်α€žူα€™ျားထား α€œေα€€ြောင်းတိုα€€်ခိုα€€်ထန္တရာα€š်ထား ထတတ်α€”ိုင်ဆုံး ထကာထကွα€š်ပေးα€œျှော့ချα€žွားα€›α€”် α€…ီစဉ်ထားပြီ α€–ြα€…်α€€ြောင်းα€œα€Š်း ဆက်α€œα€€်ပြောα€€ြားα€žα€Š်။ 


α€œေα€šာဉ်ပစ်α€œα€€်α€”α€€်α€€ြီးတွေ α€α€š်α€–ို့ဆိုတာ α€€α€™္α€˜ာα€™ှာ ထားα€œုံးα€žိတဲ့ထတိုင်း။ α€’ါပေα€™α€š့် α€€ျွα€”်တော်တို့α€™ှာ α€›α€Ÿα€်α€šာဉ်α€œိုα€Ÿာα€™ျိုးα€€ို ပစ်ချα€”ိုင်တဲ့α€Ÿာα€™ျိုးα€™α€›ှိα€˜ူးα€œား α€™ေးα€œာα€€ြα€α€š်။ ထိုα€€်α€žα€„့်တဲ့ α€œα€€်α€”α€€် α€€ိα€›ိα€šာ၊ ထိုα€€်α€žα€„့်တဲ့ ထချို့α€”ေα€›ာတွေα€™ှာ ပြင်ဆင်ထားပြီဆိုတာ ပြောα€€ြားချင်ပါα€α€š်။ α€˜ာα€–ြα€…်α€œို့α€œဲဆို တော့ ပြα€Š်α€žူတွေα€€ို α€€ာα€€ွα€š်α€–ို့ထတွα€€် α€€ာα€€ွα€š်α€›ေးα€˜α€€်ပေါင်းα€…ုံα€€α€”ေ α€œုပ်α€žွားα€™ှာပါα€Ÿု ဦးα€€ျော် ဇောα€€ ဆိုα€žα€Š်။

 

NUG ထနေα€–ြင့် α€…α€…်α€€ောင်α€…ီ၏ α€œေα€€ြောင်းα€›α€”်α€€ို α€€ာα€€ွα€š်α€”ိုင်α€›α€”်ထတွα€€် α€”ိုင်ငံတကာα€™ှ α€”α€Š်းα€•α€Šာဆိုင်α€›ာ ထကူα€‘α€Šီα€™ျားα€€ိုα€œα€Š်း α€›α€›ှိထားα€žα€Š့်ထပြင် α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုα€™α€œာα€™ီ α€žိα€›ှိα€”ိုင်α€™α€Š့် Early Warning System α€Ÿူα€žα€Š့် α€€ြိုတင်α€žα€ိပေးα€…α€”α€…်α€™ျားα€€ိုα€œα€Š်း ဆောင်α€›ွα€€်α€”ေပြီα€–ြα€…်α€€ြောင်း Myanmar Now α€žα€α€„်းတစ်ပုα€’်တွင် α€–ော်ပြα€žα€Š်။

 

ပြα€Š်α€žူ့ခုခံတော်α€œှα€”်α€…α€…် တစ်α€”ှα€…်ပြα€Š့်α€žα€Š့်ထချိα€”်α€™ှစတင်၍ α€…α€…်α€€ောင်α€…ီα€˜α€€်α€žို့ ထိုးα€…α€…်ဆင်α€™ှုα€€ို တိုင်းရင်းα€žား α€œα€€်α€”α€€်α€€ိုင်တပ်α€–ွဲ့α€”ှင့် α€™α€Ÿာα€™ိတ်တပ်ပေါင်းα€…ုတို့ပူးပေါင်း၍ α€…α€…်α€™ျα€€်α€”ှာခြောα€€်ခုα€–ြင့် α€œုပ်ဆောင်α€žွားα€™α€Š်α€–ြα€…်α€€ြောင်းα€œα€Š်း NUG α€€ ပြောα€€ြားα€žα€Š်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment