၂၀၂၂ အောက်တိုဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးကာလမှာ အခွန်ဆောင်ခဲ့တဲ့လုပ်ငန်းရှင်ဟာ ဥပဒေနဲ့အညီ ကျင့်ကြံနေထိုင်ခဲ့ကြောင်း အကောင်းဆုံးသက်သေလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌 ၂။ CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုး ကျဆုံးခဲ့ရခြင်းအတွက် အထူးဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
📌 ၃။ NYCBC အဖွဲ့မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲတော်မှာအမေရိကန်ဒေါ်လာ ၃ သောင်းကျော် ရှာဖွေရရှိခဲ့
📌 ၄။ ကော်ပရာစစ်ကြောင်းအတွက် M 4 သေနတ် နှစ်လက်နဲ့ ကျည်ဘတ်ငါးသောင်းဖို့ကူညီထောက်ပို့နိုင်ခဲ့
📌 ၅။ NUGPay ကို သုံးပြီးတော်လှန်ရေး အဖွဲ့အစည်းတွေကို အလွယ်ကူဆုံး အလုံခြုံဆုံး ထောက်ပို့လို့ရနေပြီလို့အသိပေးဆိုလိုက်ပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးကာလမှာ အခွန်ဆောင်ခဲ့တဲ့လုပ်ငန်းရှင်ဟာ ဥပဒေနဲ့အညီ ကျင့်ကြံနေထိုင်ခဲ့ကြောင်း အကောင်းဆုံးသက်သေလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
တော်လှန်ရေးကာလမှာ အခွန်ဆောင်ခဲ့တဲ့လုပ်ငန်းရှင်ဟာ ဥပဒေနဲ့အညီ ကျင့်ကြံနေထိုင်ခဲ့ကြောင်း အကောင်းဆုံးသက်သေလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အခွန်နဲ့ပတ်သက်၍ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
"အခွန်ဆောင်တဲ့သုနဲ့မဆောင်တဲ့သူကြား အဓိက ကွာခြားချက်နှစ်ရပ်ရှိပါတယ်။ပထမအချက်ကတော့ အခွန်ဆောင်ထားပြီး အထောက်အထားပြနိုင်တဲ့လုပ်ငန်းရှင်ကတော့ တော်လှန်ရေးကာလမှာ ဥပဒေနဲ့အညီ ကျင့်ကြံနေထိုင်ခဲ့တာဖြစ်ကြောင်း အကောင်းဆုံးသက်သေပြပြီးသား ဖြစ်သွားမှာပါ။အခွန်ဆောင်ထားတဲ့အထောက်အထားကို မပြနိုင်တဲ့လုပ်ငန်းရှင်ကတော့ တော်လှန်ရေးကာလမှာ အခွန်မဆောင်ခဲ့လို့ ဥပဒေနဲ့ငြိတယ်ဆိုတာ သက်သေပြပြီးသားဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စီမံကိန်း ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနသို့ စတိုးဆိုင်လုပ်ငန်းငယ်များနဲ့အခြားလုပ်ငန်းငယ်များအခွန် စတင်ပေးဆောင်နေပြီ ဖြစ်ပါတယ်။
========================
📌📌 ၂။ CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုး ကျဆုံးခဲ့ရခြင်းအတွက် အထူးဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုး ကျဆုံးခဲ့ရခြင်းအတွက် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ ကအထူးဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဓမ္မတရားဘက်မှရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေခဲ့ပါသော ကရင်ပြည်နယ် ၊ ဘားအံပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုးဟာ အကြမ်းဖက်စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသောကြောင့် မော်ဖိုးကေ ဒေသတွင် တိမ်းရှောင်နေခဲ့ရပါတယ်။
အောက်တိုဘာလအတွင်းထိုင်းနိုင်ငံ မဲဆောက်သို့သွားစဉ် လမ်းခရီး၌ ထိုင်းရဲများက ဖမ်းဆီးသဖြင့် တိမ်းရှောင်ရင်း ရေထဲသို့ဆင်း၍ပုန်းရာမှ ဆရာမဟာ ကျဆုံးခဲ့ရပါတယ်။ ဆရာမ ဒေါ်သိင်္ဂီစိုးတွင် အသက် လေးနှစ်အရွယ် သားလေးတစ်ဦး ကျန်ခဲ့တယ်လို့ဆိုပါတယ်။
စိတ်သဘောထားအလွန်ပြည့်ဝသော အဖိုးတန်သူနာပြုဆရာမတစ်ဦးဆုံးရှုံးခဲ့ရသည့် အဆိုပါဖြစ်စဉ်အတွက် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ (Interim Federal Nursing andMidwifery Council) အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ များစွာဝမ်းနည်းရတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ NYCBC အဖွဲ့မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲတော်မှာအမေရိကန်ဒေါ်လာ ၃ သောင်းကျော် ရှာဖွေရရှိခဲ့
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Queen ကောင်တီမှာ NYCBC အဖွဲ့မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲတော်တွင် အမေရိကန်ဒေါ်လာ ၃ သောင်းကျော် ရှာဖွေရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
အောက်တိုဘာ ၈ ရက်ကျင်းပတဲ့အဆိုပါဈေးရောင်းပွဲတွင် မြန်မာအစားအသောက်မျိုးစုံ မြန်မာအဝတ်အထည်မျိုးစုံ မြန်မာ့လက်မှု့အနုပညာအမျိုးမျိုးတို့ရောင်းချကာ ရံပုံငွေရှာဖွေခဲ့ကြသည်။ ထို့အပြင် NYCBC Yard Sale အရောင်းပွဲကိုလည်း ပူးတွဲကျင်းပခဲ့ပါတယ်။ ဈေးရောင်းပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်တဝိုက်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ လာရောက်ကာဆင်နွှဲခဲ့ကြပါတယ်။
အဆိုပါရံပုံငွေရှာဖွေရေးဈေးရောင်းပွဲကို နယူးယောက်မြို့ Queen County ရှိ St. James Episcopal Church တွင် ဒေသစံတော်ချိန် နေ့လည် ၁၁နာရီမှ ညနေ ၅ နာရီထိ ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ သောင်းကျော် ရှာဖွေရရှိခဲ့တယ်လို့ NYCBC အဖွဲ့ကဆိုပါတယ်။
========================
📌📌 ၄။ ကော်ပရာစစ်ကြောင်းအတွက် M 4 သေနတ် နှစ်လက်နဲ့ ကျည်ဘတ်ငါးသောင်းဖို့ကူညီထောက်ပို့နိုင်ခဲ့
ကရင်ပြည်နယ်ရှိကော်ပရာစစ်ကြောင်းအတွက် M 4 သေနတ် နှစ်လက်နဲ့ ကျည်ဘတ်ငါးသောင်းဖို့ကူညီထောက်ပို့နိုင်ခဲ့တယ်လို့အောက်တိုဘာ၉ရက်နေ့မှာ AACတာဝန်ခံ ကိုရဲမင်းကအသိပေးဆိုထားပါတယ်။
"မြွေဟောက်တွေနဲ့ အတူရန်သူ့ လက်နက်ကြီးကျည်တွေကျနေတဲ့ နယ်မြေမှာ နေရတာ ကျေနပ်တယ်။ Cobra အတွက် M 4 နှစ်လက်...နူတ်ခမ်းနီ ဘတ် ၅ သောင်းဖိုး"လို့ဆိုထားပါတယ်။
ကော်ပရာ စစ်ကြောင်းဟာ စကစတပ်များကို အထိနာ အကျအဆုံးများပြားအောင်တိုက်ခိုက်နိုင်တဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။ NUGPay ကို သုံးပြီးတော်လှန်ရေး အဖွဲ့အစည်းတွေကို အလွယ်ကူဆုံး အလုံခြုံဆုံး ထောက်ပို့လို့ရနေပြီလို့အသိပေး
========================
📌📌 ၅။ NUGPay ကို သုံးပြီးတော်လှန်ရေး အဖွဲ့အစည်းတွေကို အလွယ်ကူဆုံး အလုံခြုံဆုံး ထောက်ပို့လို့ရနေပြီလို့အသိပေးဆိုလိုက်ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့မှာ NUG Pay ကအခုလိုအသိပေးဆိုပါတယ်။
"၂၀၂၃ သီတင်းကျွတ်မှာ အိမ်နဲ့ဝေးကြသူတွေ ပြန်ဆုံစည်းနိုင်ကြဖို့၊ ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်ကို ပြန်လည်း အရယူနိုင်ဖို့၊ တရားမျှတမှုကို ဆောင်ကြဉ်းနိုင်ဖို့ ဒီတစ်နှစ်ဟာ ပိုခက်ခဲတဲ့ ခရီးလမ်းကို အတူလျှောက်လှမ်းကြရမှာပါ။ NUGPay ကို သုံးပြီး CDM ဝန်ထမ်းတွေ၊တော်လှန်ရေး အဖွဲ့အစည်းတွေ၊အကူအညီလိုအပ်နေသူတွေ ကို အလွယ်ကူဆုံး အလုံခြုံဆုံး ထောက်ပို့ပြီး တော်လှန်ရေးမှာ ပါဝင်လိုက်ပါ"လို့ဆိုထားပါတယ်။
အောက်တိုဘာလအတွင်း တော်လှန်ပြည်သူများနှင့် NUGPay မိသားစု၏ ဒုတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှု အစီအစဉ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အား ငွေကျပ် ၆၃ သိန်းကျော် ထောက်ပို့ကူညီနိုင်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment