၂၀၂၂ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေဆိုတာပြည်သူတွေကိုပိုမို ဖိနှိပ်ဖို့ ဖြစ်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောရေး ဌာနများမှာ အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ရှိနေတယ်လို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၃။ အရှေ့တောင်အာရှဒေသကို နိုင်ငံကြီးတွေက အာရုံရလာကြတာဟာ တော်လှန်ရေးအတွက်အခွင့်ကောင်းဖြစ်တယ်လို့ ဦးမင်းကိုနိုင်ပြောကြား
📌 ၄။ အရာတော်မြို့နယ်၊ ဝက်ပြစ်ကျေးရွာမှ ဒေသခံရွာသားများကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးကာ လမ်းမှာပစ်ခတ်သတ်ဖြတ်
📌 ၅။ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက် တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာသုံးဦးသေဆုံး၊ရှစ်ဦးထိခိုက်ဒဏ်ရာရ
📌 ၆။ True Fighter အဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့မှ ပူးတွဲ၍ ယနေ့မနက် စကစတပ်ကို ဗုံးပစ်တိုက်ခိုက်ရာ စကစတပ်ကတစ်ဦးသေဆုံး
📌 ၇။ Eagle Brigade မှ တော်လှန်ရေးရဲဘော်သစ်ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေဆိုတာပြည်သူတွေကိုပိုမို ဖိနှိပ်ဖို့ ဖြစ်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေဆိုတာပြည်သူတွေကိုပိုမို ဖိနှိပ်ဖို့ ဖြစ်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက နိုဝင်ဘာ ၁၅ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ၏အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေအပေါ် မှတ်ချက်နဲ့ပတ်သက်လို့ ဝန်ကြီးဌာနက ဖော်ပြထားတယ်လို့ဆိုပါတယ်။
"ဥပဒေဆိုတာ ပြည်သူကို အကာအကွယ်ပေးတာ ဖြစ်ရမယ့်အစား ပိုဖိနှိပ်ဖို့ ဖြစ်နေပါတယ်။ ပထမဦးဆုံးကတော့ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်သူတွေက တင်းကြပ်လှတဲ့ စောင့်ကြည့်မှုတွေ၊ အကြောင်းအမျိုးမျိုးပြပြီး အရေးယူမှုတွေ ဖြစ်လာနိုင်တယ်။ တချိန်တည်းမှာပဲ လူသားချင်းစာနာမှု အကူအညီတွေ လုပ်ဆောင်မယ့် အဖွဲ့အစည်းတွေကို ကန့်သတ်ပြီးတော့ သူတို့နဲ့ ပူးပေါင်း၊ သူတို့အတွက် အန္တရာယ် မရှိစေတဲ့ လုပ်ငန်းတွေပဲ လုပ်ဆောင်ဖို့အတွက် တိတိကျကျ လုပ်ဆောင်လိုက်တာပါပဲ။ ဘယ်လိုမှ ဒီလိုအမိန့်မျိုးအောက်မှာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လိုအပ်တဲ့ ပြည်သူတွေလည်း အကူအညီတွေရနိုင်မှာ မဟုတ်ပါဘူး”လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အစိုးရလက်ထက်က ပြဌာန်းထားသော ဥပဒေများကိုပယ်ဖျက်ကာ ၄င်းတို့ စိတ်ကြိုက်အပြစ်ပေးအရေးယူ၍ ရသော ဥပဒေများကိုပြဌာန်းလျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောရေး ဌာနများမှာ အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ရှိနေတယ်လို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
နိုဝင်ဘာလအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ကုလသမဂ္ဂမှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောရေး ဌာနများမှာ အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ရှိနေတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အချို့အမှုများ၌ ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ပျောက်ကွယ်ခြင်းနှင့် စစ်ကြောရေး ဌာနများ၌ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ကျေးရွာများ၌ အဓမ္မဝင်ရောက်စီးနင်း ရာတွင် ပြည်သူများကို အသက်ရှင်လျက် မီးရှို့သတ်ဖြတ်ခြင်းနှင့် ပြီးခဲ့သည့် (၂၁) လ တာကာလအတွင်း နိုင်ငံအနှံ့အပြား ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို နှိမ်နင်းတိုက်ခိုက်မှုကြောင့် အသက်သေဆုံးသည့် ဖြစ်ရပ်များစွာရှိတယ်"လို့ သံအမတ်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ လူပေါင်းတစ် သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး လူပေါင်းနှစ်ထောင်ကျော် ကိုသတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၃။ အရှေ့တောင်အာရှဒေသကို နိုင်ငံကြီးတွေက အာရုံရလာကြတာဟာ တော်လှန်ရေးအတွက်အခွင့်ကောင်းဖြစ်တယ်လို့ ဦးမင်းကိုနိုင်ပြောကြား
အရှေ့တောင်အာရှဒေသကို နိုင်ငံကြီးတွေက အာရုံရလာကြတာဟာတော်လှန်ရေးအတွက်အခွင့်ကောင်းဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကနိုဝင်ဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
"အာဆီယံ၊ G-20၊ APEC စသဖြင့်အာရှနှင့်ပစိဖိတ်အတွက်အစည်းအဝေးတွေလှုပ်လှုပ်ရွရွဖြစ်နေတာတွေ့ရပါလိမ့်မယ်။အထူးသဖြင့်တော့အရှေ့တောင်အာရှဒေသကို နိုင်ငံကြီးတွေက အာရုံရလာကြတာဟာတော်လှန်ရေးအတွက်အခွင့်ကောင်းပါ။တော်လှန်ရေးအင်အားစုတွေရဲ့စုဖွဲ့မှုအပေါ်မှာမူတည်ပြီး နိုင်ငံကြီးတွေအိတ်ကပ်ထဲလက်နှိုက်ကြပါလိမ့်မယ်။ယူကရိန်းနဲ့မတူဘူးဆိုတာမှန်ပါတယ်၊ဝန်ခံပါတယ်။အကျိုးစီးပွားအခြေခံကိုမတူတာပါ။ဒါပေမဲ့မြန်မာအတွက်စစ်ကောင်စီနဲ့ပြည်သူ့တော်လှန်ရေး အင်အားမျှခြေကိုချိန်ခွင်လျှာစောင်းကျသွားဖို့တော့အလေးပိုးနိုင်ပါလိမ့်မယ်"လို့ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာမျက်နှာစာ မီဒီယာတွေထက် မြန်မာ့နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှု၊အလားအလာတွေခါးစောင်းတင်လာချိန် ဖြစ်တယ်လို့ ဦးမင်းကိုနိုင်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ အရာတော်မြို့နယ်၊ ဝက်ပြစ်ကျေးရွာမှ ဒေသခံရွာသားများကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးကာ လမ်းမှာပစ်ခတ်သတ်ဖြတ်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ဝက်ပြစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံရွာသား ကိုလက်ပြန်ကြိုးတုပ် ဖမ်းဆီးကာ လမ်းမှာပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဖော်ပြအသိပေးပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝက်ပြစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံရွာသား နှစ်ဦးဖြစ်သော ဖိုးလပြည့်နှင့် စိန်သန့်တို့ကို လက်ပြန်ကြိုးတုပ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ ထို့နောက် ၎င်းတို့ နှစ်ဦးကို အရာတော်-ဝါးတောမ လမ်းပေါ်ရှိ ကျွဲခြံကျေးရွာအနီးတွင် ဦးခေါင်းကိုတေ့၍ ပစ်သတ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၄၆၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက် တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာသုံးဦးသေဆုံး၊ရှစ်ဦးထိခိုက်ဒဏ်ရာရ
ကရင်ပြည်နယ်ဘုရားသုံးဆူမြို့နယ်၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက် တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာသုံးဦးသေဆုံး၊ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်အချိန်တွင် တိုက်လေယာဉ်များဖြင့် အဆိုပါ မိုင်းတွင်းကို ပစ်ခတ်တိုက်ခိုက်သွားတာလို့ ဒေသခံများကအတည်ပြုဆိုပါတယ်။
ယင်းပစ်ခတ်မှုကြောင့် မိုင်းစခန်းတစ်ခုလုံးပေါက်ကွဲသွားပြီး တရုတ်နိုင်ငံသား ၃ ဦး နေရာတွင်သေဆုံးကာ လူ ၈ ဦးစိုးရိမ်ဒါဏ်ရာအပြင်း အထန်ရရှိသဖြင့် ဘုရားသုံးဆူပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားတယ်လို့သတင်းရရှိပါတယ်။ ဘုရားသုံးဆူမြို့အနီး၊ သပြုသတ္တုမိုင်းတွင်းလုပ်ကွက်များကို နိုင်ငံခြား ကုမ္ပဏီများ၊ ဒေသလုပ်ငန်းရှင်များက လုပ်ကိုင်ကြပြီး ခနောက်စိမ်း၊ ခဲသတ္တုများ တူးဖော်ကြခြင်းဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရတဲ့အကြောင်းအရင်းကိုမသိရသေးသေးဘူးဖြစ်ပါတယ်။
========================
📌📌 ၆။ True Fighter အဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့မှ ပူးတွဲ၍ ယနေ့မနက် စကစတပ်ကို ဗုံးပစ်တိုက်ခိုက်ရာ စကစတပ်ကတစ်ဦးသေဆုံး
True Fighter အဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့မှ ပူးတွဲ၍ ယနေ့မနက် စကစတပ်ကို ဗုံးပစ်တိုက်ခိုက်ရာ စကစတပ်ကတစ်ဦးသေဆုံးခဲ့ကြောင်းကို နိုဝင်ဘာ၁၆ရက်နေ့မှာ စစ်ဆင်ရေးကို True Fighter အဖွဲ့ကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ၁၆ရက် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ် ခန့်က ဝာစက်ကွင်းတွင် ရှိသောစကစတပ်ဖွဲ့အား နာနတ်သီးဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာတစ်ဦးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုအား True Fighter အဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့မှ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ Eagle Brigade မှ တော်လှန်ရေးရဲဘော်သစ်ခေါ်ယူ
Eagle Brigade မှ တော်လှန်ရေးရဲဘော်သစ်ခေါ်ယူထားကြောင်းကို နိုဝင်ဘာ၁၆ရက်နေ့မှာ Eagle Brigade တပ်ဖွဲ့ကအသိပေးဆိုထားပါတယ်။
"အာဏာရှင်စံနစ်ကို အမြစ်ပြတ် တွန်းလှန်ရန် Eagle Brigade မှ တော်လှန်ရေးရဲဘော်သစ် (၁၀) ဦးအားဆက်လက် စိစစ်လက်ခံသွားပါမယ်။ Eagles ရဲဘော် (EDFs) များ၏ ထောက်ခံမှုရရှိထားသူများကို ပိုမိုဦးစားပေးစိစစ်ရွေးချယ်သွားပါမယ်"လို့ဆိုပါတယ်။
လိုအပ်သည့် စစ်အသုံးအဆောင်ပစ္စည်းများထောက်ပံ့ဖြည့်တင်းသွားမည်ဖြစ်၍ တော်လှန်ရေးပြီးဆုံးသည် အထိ တိုက်ပွဲဝင်နိုင်မည့်သူများကို Eagle Brigade မှနွေးထွေးစွာ ကြိုဆိုပါတယ်လို့အသိပေးထားပါတယ်။ စိတ်ပါ၀င်စားပါက နိုဝင်ဘာ၂၃ ရက် နောက်ဆုံးထားပြီး chat box သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment