၂၀၂၂ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာပြည် အနောက်မြောက်ဘက် အခြမ်းမှာရှိတဲ့ တောင်အာရှနိုင်ငံတွေကို လည်းသံတမာန်ရေးမျက်ကွယ်မပြုဖို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား
📌 ၂။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. António Guterres ထံသို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံမှ ကျေးဇူးတင်ကြောင်းစာ ပေးပို့
📌 ၃။ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အမိန့်နဲ့ထီးလင်းမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
📌 ၄။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၂၆၈) ကြိမ်မှာ အရပ်သားများပစ်မှတ်များအပေါ် တိုက်ခိုက်မှု (၁၉၀) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြ
📌 ၅။ Queensbury မှ Baroness Cox of Queensbury မှ Baroness Cox နှင့် ဗြိတိန်ပါလီမန်ရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတွေ့ဆုံ
📌 ၆။ NUGPay နဲ့ နွေဦးထီလက်မှတ်တွေ ဝယ်ယူရင်း သိန်း ၁၀၀ အထူးဆု ကံစမ်းနိုင်
📌 ၇။ ကိုရီးယားနိုင်ငံမှာ NUG ကိုယ်စားလှယ်ဖလား တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲ ဗိုလ်လုပွဲတွင် အင်ချွန်းအသင်းက ဖျောင်းထက်အသင်းကို အနိုင်ရသွား
📌 ၈။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့အင်းစိန် အကျဉ်းထောင်မှလွတ်မြောက်လာ
📌 ၉။ ပြည်သူ့အထောက်အပံ့ စတင်ရယူတဲ့ (၂) လတာကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၁၇၉) ကြိမ်ဖြင့် ဗုံးသီးအမျိုးစုံ အလုံးရေ (၅၀၀) ကျော် အသုံးပြုကာစကစတပ်ကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ FederalWings ထုတ်ပြန်
📌 ၁၀။ ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာကို စစ်ကြောင်းထိုးဝင်တဲ့ အကြမ်းဖက်စစ်တပ်များ ပဒေသာမိုင်းမိ၍ ၁၀ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာပြည် အနောက်မြောက်ဘက် အခြမ်းမှာရှိတဲ့ တောင်အာရှနိုင်ငံတွေကို လည်းသံတမာန်ရေးမျက်ကွယ်မပြုဖို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား
မြန်မာပြည် အနောက်မြောက်ဘက် အခြမ်းမှာရှိတဲ့ တောင်အာရှနိုင်ငံတွေကို လည်းသံတမာန်ရေးမျက်ကွယ်မပြုဖို့ ယာယီသမ္မတဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၇၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။
"မြန်မာပြည် အနောက်မြောက်ဘက် အခြမ်းမှာရှိတဲ့ တောင်အာရှနိုင်ငံတွေကို လည်း မျက်ကွယ်မပြုဘဲ နိုင်ငံတကာဆက်ဆံရေးနယ်မှာ နိုင်ငံတကာလက်တံတွေ ဖြန့်ကျက်ထားဖို့ ကျွန်တော့် အနေနဲ့ အကြံပြုချင်ပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးတွေနဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် ချိတ်ဆက်လုပ်ဆောင်ရမှာတွေ ရှိနေပါသေးတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအခင်းအကျင်း မှာ ကျွန်တော်တို့ မျက်နှာပျက်ရတာမျိုး ဖြစ်လို့မရပါဘူး။ သိမ်သိမ်မွေ့မွေ့ ပါးပါးနပ်နပ် အမြော်အမြင် ရှိရှိ ချိတ်ဆက်လုပ်ဆောင်ထားရမယ့်အရာတွေ အများကြီး ရှိနေပါတယ်။ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပြည်တွင်းနိုင်ငံရေးရေချိန် အနိမ့်အမြင့်ကို ချိန်ဆတွက် ချက်ပြီးတော့ ချိတ်ဆက်လုပ်ဆောင်စရာတွေ ရှိနေပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကိုယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. António Guterres ထံသို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံမှ ကျေးဇူးတင်ကြောင်းစာ ပေးပို့
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. António Guterres ထံသို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံမှ ကျေးဇူးတင်ကြောင်းစာ ပေးပို့ခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. António Guterres ထံသို့ ၁၄-၁၁-၂၀၂၂ ရက်စွဲဖြင့် ကျေးဇူးတင်ကြောင်း စာတစ်စောင် ပေးပို့ခဲ့တယ်လို့ဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ၏ ပေးပို့စာတွင် ဖော်ပြထားချက်အရ အာဏာသိမ်း မြန်မာစစ်တပ်အား ဒီမိုကရေစီစနစ်သို့ချက်ခြင်းပြန်လှည့်ရန် လူသိရှင်ကြားတောင်းဆိုမှုအတွက် များစွာကျေးဇူးတင်ပါကြောင်း၊ ယင်းသည် နိုင်ငံ၏ အဆုံးမသတ်နိုင်သော အိပ်မက်ဆိုးအား အဆုံးသတ်ရန် တစ်ခုတည်းသော နည်းလမ်းသာဖြစ်ခဲ့တယ်"လို့ဆိုထားပါတယ်။ ဒါ့အပြင် စစ်တပ်က ဦးဆောင်သည့် ဆွေးနွေးပွဲများသည် အရပ်သားဒီမိုကရေစီအစိုးရစနစ်သို့ ပြန်လည်ရောက်ရှိရန်မဖြစ်နိုင်ကြောင်း ပေးပို့စာမှာဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အမိန့်နဲ့ထီးလင်းမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အမိန့်နဲ့ထီးလင်းမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကအမိန့်ကြေညာစာမှတ် (၀၉/၂၀၂၂) ကို ထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်၊ မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ထီးလင်းမြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့အား ဖွဲ့စည်းလိုက်တယ်"လို့ဖော်ပြပါတယ်။
စကစတပ်များဟာ တစ်နိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးမှုလေးသောင်းနီးပါးရှိကာ အများဆုံးမီးရှို့ဖျက်ဆီးခံရသောနေရာမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း ဒေသတို့ဖြစ်ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၂၆၈) ကြိမ်မှာ အရပ်သားများပစ်မှတ်များအပေါ် တိုက်ခိုက်မှု (၁၉၀) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြ
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၂၆၈) ကြိမ်မှာ အရပ်သားများပစ်မှတ်များအပေါ် တိုက်ခိုက်မှု (၁၉၀) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ နိုဝင်ဘာ ၁၅ ရက် ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စကစတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လေ့လာတွေ့ရှိချက်များအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများ၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုများသည် စစ်ရေးရည်မှန်းချက်ထက် အရပ်သားများထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကျုးလွန်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရတယ်လို့ဆိုထားပါတယ်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အချက်အလက်များအရ တိုင်းနှင့်ပြည်နယ် (၁၂) ခုတွင် လေကြောင်းတိုက်ခိုက်မှု (၂၆၈) ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားများပစ်မှတ်များအပေါ် တိုက်ခိုက်မှု (၁၉၀) ကြိမ် ပြုလုပ်ခဲ့ကာ စစ်ရေးပစ်မှတ်များအပေါ်တိုက်ခိုက်မှု (၇၈) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ Queensbury မှ Baroness Cox of Queensbury မှ Baroness Cox နှင့် ဗြိတိန်ပါလီမန်ရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတွေ့ဆုံ
Queensbury မှ Baroness Cox of Queensbury မှ Baroness Cox နှင့် ဗြိတိန်ပါလီမန်ရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတွေ့ဆုံခဲ့ပါတယ်။
နိုဝင်ဘာ၁၅ရက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အသိပေးဆိုပါတယ်။
"Queensbury မှ Baroness Cox of Queensbury မှ Baroness Cox နှင့် ဗြိတိန်ပါလီမန်ရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဗြိတိန်၏ အရေးပါသော အခန်းကဏ္ဍနှင့် အရေးပေါ် လိုအပ်နေသော နိုင်ငံတကာ အသိုက်အဝန်း လုပ်ဆောင်ချက်များကိုဆွေးနွေးခဲ့ပါတယ်"လို့ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး ဗြိတိန်နိုင်ငံကလည်း မဟာမိတ်အဖြစ် အားတက်သရော လှုပ်ရှားပါဝင်လျက်ရှိပါတယ်။
========================
📌📌 ၆။ NUGPay နဲ့ နွေဦးထီလက်မှတ်တွေ ဝယ်ယူရင်း သိန်း ၁၀၀ အထူးဆု ကံစမ်းနိုင်
NUGPay နဲ့ နွေဦးထီလက်မှတ်တွေ ဝယ်ယူရင်း သိန်း ၁၀၀ အထူးဆု ကံစမ်းနိုင်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာ NUG Pay ကနေအသိပေးဖော်ပြပါတယ်။
"NUGPay နဲ့ နွေဦးထီလက်မှတ်တွေ ဝယ်ယူရင်း သိန်း ၁၀၀ အထူးဆု ကံစမ်းကြမယ်။နွေဦးထီ Facebook စာမျက်နှာ chatbot မှ တဆင့် ထီတစ်စောင်ကို ၂၀၀၀ ကျပ်နဲ့ ဝယ်ယူပြီး NUGPay နဲ့ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ နွေဦးထီမှ လစဉ် စုစုပေါင်းရောင်းရငွေရဲ့ ၇၀% ကို CDM ဝန်ထမ်းတွေကို ထောက်ပို့ပေးပြီး ကျန် ၃၀% နဲ့ ဆုမဲတွေ ဖွင့်လှစ်ပေးနေတာ လည်းဖြစ်ပါတယ်။
"ပြည်သူလူထု အနေဖြင့် နွေဦးထီမှသော်လည်းကောင်း၊ အခြား CDM ထောက်ပံ့အဖွဲ့အစည်းများမှသော်လည်းကောင်း အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားထောက်တိုင်အား လှဲဖြိုခဲ့သော CDM ဝန်ထမ်းများအား ချီးမြှင့်ကူညီပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်"လို့ နွေဦးထီ မိသားစုကဆိုပါတယ်။
========================
📌📌 ၇။ ကိုရီးယားနိုင်ငံမှာ NUG ကိုယ်စားလှယ်ဖလား တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲ ဗိုလ်လုပွဲတွင် အင်ချွန်းအသင်းက ဖျောင်းထက်အသင်းကို အနိုင်ရသွား
ကိုရီးယားနိုင်ငံမှာ NUG ကိုယ်စားလှယ်ဖလား တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲ ဗိုလ်လုပွဲတွင် အင်ချွန်းအသင်းက ဖျောင်းထက်အသင်းကို အနိုင်ရသွားပါတယ်။ ပထမအကြိမ် ကျင်းပသည့် ယင်းပြိုင်ပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာဘောလုံးအသင်းများနှင့် NUG ကိုယ်စားလှယ်ရုံးတို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး အသင်းပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ကဘောလုံးပြိုင်ပွဲနှင့်အတူ ရန်ပုံငွေ ကမ်ပိန်းများကိုလည်း ပြုလုပ်ခဲ့ပြီး ရရှိသော ရန်ပုံငွေများကို NUG ကိုယ်စားလှယ်ရုံး၏ တော်လှန်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲတွင် အင်ချွန်းအသင်းက ဖျောင်းထက်အသင်းကို အနိုင်ရသွားပြီး ပထမ၊ ဒုတိယ ဆုဖလားနှင့် လည်ဆွဲများ၊ အကောင်းဆုံးဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် NUG စိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ အမျိုးသမီးများကို အကြမ်းဖက်မှု ရပ်တန့်ရေး အဖြူရောင်ဖဲကြိုး လုပ်ရှားမှုကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၈။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့အင်းစိန် အကျဉ်းထောင်မှလွတ်မြောက်လာ
ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့အင်းစိန် အကျဉ်းထောင်မှလွတ်မြောက်လာတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၅ ရက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့ လွတ်မြောက်ခဲ့တယ်လို့ ၄င်းတို့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဆူပူရန် လှုံ့ဆော်တယ်လို့ ဆိုကာ ပုဒ်မ ၅၀၅ ( ခ ) နှင့် ထောင်ဒဏ် ၂ နှစ် စကစကချမှတ်ခဲ့တာဖြစ်ပါတယ်။ အလားတူအဆိုတော် စောဖိုးခွားကိုလည်း ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ( ခ )နှင့် သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀ ( က )ဖြင့် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုတော် စောဖိုးခွား အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်သော်လည်း အမှုကျန်သေးတယ်လို့ ဆိုကာပြန်လည်ဖမ်းဆီးခဲ့ပါတယ်။ လတ်တလောမှာ စကစဟာ အနုပညာရှင်များကို အကျဥ်းထောင်များမှ ပြန်လည်လွှတ်ပေးခြင်း၊ ဝန်ခံထိုးခြင်းတို့နဲ့ဖျားယောင်း သိမ်းသွင်းလျက်ရှိပါတယ်။
========================
📌📌 ၉။ ပြည်သူ့အထောက်အပံ့ စတင်ရယူတဲ့ (၂) လတာကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၁၇၉) ကြိမ်ဖြင့် ဗုံးသီးအမျိုးစုံ အလုံးရေ (၅၀၀) ကျော် အသုံးပြုကာစကစတပ်ကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ FederalWings ထုတ်ပြန်
ပြည်သူ့အထောက်အပံ့ စတင်ရယူတဲ့ (၂) လတာကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၁၇၉) ကြိမ်ဖြင့် ဗုံးသီးအမျိုးစုံ အလုံးရေ (၅၀၀) ကျော် အသုံးပြုကာစကစတပ်ကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ FederalWingsထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ စစ်ဆင်ရေးကို FederalWings ဒရုန်းတပ်ကအသိပေးဆိုပါတယ်။
"သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) ၏ ဦးဆောင်မှုဖြင့် Federal Wings Fundraise မှ စက်တင်ဘာလနှင့် အောက်တိုဘာလ (၂) လတာအတွင်း ကောက်ခံရရှိငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (171,519) ဖြစ်ပါတယ်။ အဆိုပါ (၂) လတာအတွင်း တပ်အင်အားတိုးချဲ့မှုလုပ်ငန်းများနှင့် တိုက်ခိုက်ရေး Mission များကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့ပြီး KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ စခန်းသိမ်းတိုက်ပွဲများတွင် သင်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ပြည်သူ့အထောက်အပံ့ စတင်ရယူသည့် (၂) လတာကာလအတွင်း၌ ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၁၇၉) ကြိမ်ဖြင့် ဗုံးသီးအမျိုးစုံ အလုံးရေ (၅၀၀) ကျော် အသုံးပြုတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရFederal Wings ဒရုန်းတပ်ကဖော်ပြပါတယ်။
========================
📌📌 ၁၀။ ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာကို စစ်ကြောင်းထိုးဝင်တဲ့ အကြမ်းဖက်စစ်တပ်များ ပဒေသာမိုင်းမိ၍ ၁၀ ဦးသေဆုံး
စစ်ကိုင်းတိုင်းခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာကို စစ်ကြောင်းထိုးဝင်တဲ့ အကြမ်းဖက်စစ်တပ်များ ပဒေသာမိုင်းမိ၍ ၁၀ ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက် နံနက် ( ၉း၄၅ )အချိန် မူးတိမ်ချောင်းတံတားမှ မြင်းဒေါင်းကျေးရွာ ထဲသို့ ဝင်ရောက်လာသော စကစတပ် စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KU RDAF ကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ ၁၅ ရက်မနက်မူးတိမ်ချောင်းတံတားမှ မြင်းဒေါင်းကျေးရွာ ထဲသို့ ဝင်ရောက်လာသော စကစတပ် စစ်ကြောင်းကို မြင်းဒေါင်း စျေးအရှေ့ထိပ် ရဲစခန်းရှေ့တွင် ပဒေသာမိုင်းတွဲ (၃) တွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစတပ်က (၁၀) ဦးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ ထို့အပြင် အလောင်းလာကောက်သော စကစတပ်ငါးဦးနဲ့ထပ်မံထိတွေ့ပစ်ခတ်ရာ စကစတပ်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ဆင်ရေးကို KURDAF မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် TIGER LDF Khin U ၊ ဒို့ ညီနောင် (LDF ) နှင့် ဒေါင်းနီ (LDF) မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment