17th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်များကို အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် အမြစ်ပြတ် တိုက်ထုတ် သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကတိသစ္စာပြု

📌 ၂။ နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကိုတည်ဆောက်မယ်လို့ အမျိုးသားအောင်ပွဲနေ့အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး

📌 ၃။ တော်လှန်ရေးကာလမှာ ကူညီလှူတမ်းခြင်းဟာ မေတ္တာပြ ခြင်းသဘော ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၄။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားများကို ပြန်လွှတ်ပေးသော်လည်း ကျေးဇူးတင်စရာ တစက်မှ မရှိဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားလိုက်

📌 ၅။ NUG နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်ဦး World Affairs Council of America မှစီစဥ်တဲ့ ဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးမယ်

📌 ၆။ ခိုင်မာပြတ်သားတဲ့အရေးယူဆောင်ရွက်ချက်ကို အလျင်အမြန် ချမှတ်ရန်လိုအပ်နေပြီလို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၇။ ဆောမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေကြသောရဲတပ်သားများလက်နက်နဲ့တကွ အလင်းဝင်လာ၍ ဂုဏ်ပြုဆုငွေများပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်များကို အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် အမြစ်ပြတ် တိုက်ထုတ် သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကတိသစ္စာပြု


နိုဝင်ဘာ ၁၇ ရက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပေးပို့တဲ့သဝဏ်လွှာပါအ‌ကြောင်းတစ်ချို့ကိုထုတ်နုတ်တင်ပြရလျှင် ယနေ့ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အချိန်အခါ သမယတွင် တိုင်းရင်းသားများအားလုံးနှင့်တကွ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ရင်ဆိုင်ဆန့်ကျင်တော်လှန်နေရသည့် အာဏာရှင်စနစ်ဆိုးအား အသိ၊ သတိကြီးစွာဖြင့် ရင်ဆိုင်ရာ နွေဦးတော်လှန်ရေးကာလတွင် ခွန်အား ပြည့်ဝစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။


 ကိုလိုနီနယ်ချဲ့လက်အောက်ခံဘဝ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) တွင်  အမျိုးသားအောင်ပွဲနေ့ ဟူသော သမိုင်းဝင်နေ့ထူးနေ့မြတ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ 


ယခုအခါတွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ () ရက်နေ့တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ပြည်သူ့ဆန္ဒမဲဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် ပြည်သူ့ အစိုးရထံမှ စစ်တပ်က လက်နက်အားကိုးဖြင့် ဥပဒေမဲ့အာဏာသိမ်းယူခဲ့ခြင်းကြောင့် ရှင်သန် ထွန်းသစ်စ ဒီမိုကရေစီအသီးအပွင့်များသည် ဖျက်ဆီးခံခဲ့ရပြီးဖြစ်ပါတယ်။


ခေတ်အဆက်ဆက်မှစ၍ ယခု နွေဦးတော်လှန်ရေးခရီးတိုင် အာဏာရှင်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ရင်း တိုင်းပြည်၏ပြုပြင်ပြောင်းလဲမှုများကို လူငယ်များပီပီတက်ကြွပြီး လိမ္မာ ပါးနပ်စွာ ပါဝင်လျက်ရှိကြသည့် ကျောင်းသားလူငယ်များနှင့် တိုင်းပြည်အတွက် အသက်ပေးဆပ်သွား ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအား ဤနေ့ထူးနေ့မြတ် အခါသမယတွင် ဂုဏ်ယူလေးစားစွာ ဂုဏ်ယူမှတ်တမ်းတင်အပ်ပါတယ်။


မြန်မာ့မြေပေါ်၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ကွယ်ပျောက်ပြီး  တိုင်းရင်းသား ပြည်သူများ က နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့သော်လည်း မပြည့်ဝသေးသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အိပ်မက်ကိုအ‌ကောင်အထည်ဖေါ်ဖို့အတွက်စည်းလုံးညီညွတ်မှုအနှစ်သာရကိုအခြေခံကာ စစ်အာဏာရှင်များ၏ သွေးခွဲမှု၊ လှည့်စားမှုများကို ရင်ဆိုင်ကျော်လွှားကာ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်လက်တွဲ ကြိုးပမ်းသွားကြပါရန် လေးလေးနက်နက် တောင်းဆိုတိုက်တွန်းလိုပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်စွာ အပ်နှင်းထားသည့် အခွင့်အာဏာကို တာဝန်သိစွာ ကျင့်သုံးလျက် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သောအနာဂတ်အား ဖန်တီးပုံဖော်ပေးရေး ဦးဆောင် ဆောင်ရွက်သွားရန် ကဏ္ဍ အသီးသီး၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး တော်လှန်ရေးအင်အားစုအားလုံး၏ စုပေါင်းအားဖြင့် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်များကို အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် အမြစ်ပြတ် တိုက်ထုတ် သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ဖော်ပြထားပါတယ်။


နိုဝင်ဘာ၁၇ရက်  ကျရောက်တဲ့(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို NUCCကဦးဆောင်ကျင်းပ၍ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီးအဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလ၊ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကိုတည်ဆောက်မယ်လို့ အမျိုးသားအောင်ပွဲနေ့အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး


နိုဝင်ဘာ ၁၇ ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။


"အမျိုးသားညီညွတ်ရေးကောင်စီဝင်အားလုံးကို လက်ဆောင်စကားလေးတစ်ခုပါးချင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကို တည်ဆောက်မယ်။ နိုင်ငံသစ်တည်ဆောက်ရာမှာ အတွေးအခေါ်သစ်၊ အမြော် အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်တွေ နဲ့ သိုင်းဝိုင်းတည်ဆောက်ဖို့ ကြိုးစားကြမယ်။ ကျွန်တော်တို့တတွေ တစ်ဦးကိုတစ်ဦး ယခင်ကထက် ပိုပြီး ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားကြဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားတည်ဆောက် ကြမယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့တတွေရဲ့ လက်ထက်မှာရအောင် တည်ဆောက်ချင်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသား ညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ်သင်ချေမှုန်းကာ အမျိုးသားတော်လှန်ရေး တစ်ရပ်အဖြစ်  စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြဖို့ ယာယီသမ္မတ ကတိုက်တွန်းဆိုပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးကာလမှာ ကူညီလှူတမ်းခြင်းဟာ မေတ္တာပြ ခြင်းသဘော ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


နိုဝင်ဘာလအတွင်း ကူညီလှူတန်းတာတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူး‌ ခေါင်က အခုလိုမှတ်ချက်ပြုဆိုခဲ့ပါတယ်။


တော်လှန်ရေးကာလ မှာ ကူညီလှူတန်းခြင်းဟာ နည်းတာ များတာ နဲ့ မဆိုင်ပါဘူး။ မေတ္တာပြ ခြင်းသဘော ဖြစ်ပါတယ်။ နွေးထွေးမှုပေးတာဖြစ်တယ်။လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနဲ့လိုအပ်သောနေရာများတွင်အသုံးပြုရန် Help Kachin - Passion For Hope ကမ်ပိန်းစတင်နေပြီဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားများကို ပြန်လွှတ်ပေးသော်လည်း ကျေးဇူးတင်စရာ တစက်မှ မရှိဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားလိုက်


နိုဝင်ဘာ ၁၇ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားများကို ပြန်လွှတ်ပေးတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုဆိုလိုက်ပါတယ်။


"ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး။နောင်တခါကျူးလွန်ရင် ပြစ်ဒဏ်ကိုပေါင်းကျခံမယ်ဆိုတဲ့ နှောင်ကြိုးကိုလည်း မြင်အောင်ကြည့်စေချင်တယ်။ ဘာအထောက်အထားမှမရှိဘဲ မတရားအမှုဆင် စီရင်နေတဲ့ လက်ရှိအခြေအနေကိုလည်း မမေ့စေချင်ဘူး။တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်မယ့် ရဲဘော်ရဲမေတွေမို့လို့  နှောင်ကြိုးနဲ့ ထိမ်းချုပ်တာတွေကို အသိတရားနဲ့ယှဥ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားတဲ့ အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့ပြီး အကျဥ်းထောင်အသီးသီးတွင် အကျဥ်းကျခံနေရသည့် အကျဥ်းသား၊အကျဥ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ NUG နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်ဦး World Affairs Council of America မှစီစဥ်တဲ့ ဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးမယ်


NUG နိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦး World Affairs Council of America မှစီစဥ်တဲ့ ဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးမယ်လို့ နိုဝင်ဘာ ၁၇ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦးသည် World Affairs Council of America မှစီစဥ်သည့် Navigating a Fractured World အမည်ရ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပနေတဲ့ အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံရေးနှင့် အခြားသော နယ်ပယ်များမှ ပညာရှင်များနှင့် ထင်ရှားသူများတက်ရောက် ဆွေးနွေးနေကြပြီး၊ နိုင်ငံခြားရေးဒုဝန်ကြီးအနေနှင့်  Navigating a Fractured World ခေါင်းစဥ်‌အောက်တွင် U.S. Institute of Peace မှ Senior Advisor Priscilla A. Clapp နှင့်ဆွေးနွေးကြမှာဖြစ်တာ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ခိုင်မာပြတ်သားတဲ့အရေးယူဆောင်ရွက်ချက်ကို အလျင်အမြန် ချမှတ်ရန်လိုအပ်နေပြီလို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


နိုဝင်ဘာ ၁၆ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင်မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိူမူကြမ်းနှင့်ပတ်သက်၍ ပြောကြားစဥ် သံအမတ်ကြီးက အခုလိုဆိုခဲ့ပါတယ်။


"မြန်မာပြည်သူများအနေဖြင့် (၂၂) ခန့် ကြာမြင့်လာသည့်အချိန်ကာလအတွင်း၌ စစ်တပ်၏ အကြမ်းဖက်မှုများနှင့် လူမဆန်သည့်လုပ်ရပ်များကြောင့် ထိခိုက်ခံစားနေရကြောင်း၊ ကုလသမဂ္ဂအေဂျင်စီ များနှင့် ယန္တရားများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတစ်ရပ်လုံး၏ ထုတ်ပြန်ချက်များနှင့် အစီရင်ခံစာ များက စစ်တပ်၏ မရေတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များနှင့် အပြစ်မဲ့ပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သိသာထင်ရှားစွာ မီးမောင်းထိုးပြထားကြောင်း၊ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေခြင်းအား ချက်ချင်းတားမြစ်နိုင်ရန်နှင့် စစ်တပ်၏ ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင်ချုပ်ငြိမ်းစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်ချက်ကို အလျင်အမြန် ချမှတ်ရန်လိုအပ်ကြောင်း"သံအမတ်ကြီးကဆိုခဲ့ပါတယ်။


ဒါ့အပြင်  ရိုဟင်ဂျာအရေးကိစ္စမှာ တစ်ခုတည်းသီးသန့်ဖြေရှင်း၍ မရနိုင်ဘဲ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်သည်ကို မိမိတို့ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသော အခြေအနေများက အတည်ပြုပေးလျက်ရှိပါကြောင်း သံအမတ်ကြီးကဆိုခဲ့ပါတယ်။


========================


📌📌 ၇။ ဆောမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေကြသောရဲတပ်သားများလက်နက်နဲ့တကွ အလင်းဝင်လာ၍ ဂုဏ်ပြုဆုငွေများပေးအပ်


ဆောမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေကြသောရဲတပ်သားများလက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ နိုဝင်ဘာလ (၁၇) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြအသိပေးပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်() စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်() တပ်ရင်းသို့ ဆောမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေကြသော ရဲတပ်သားများ ၄င်းတို့၏ဆန္ဒအလျောက် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။


လက်နက်နှင့်တကွအလင်းဝင်ရောက်လာသော ဒုတပ်ကြပ်တစ်ဦးနှင့်ရဲတပ်သား() ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်() စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်() တပ်ရင်းတွင် ဂုဏ်ပြုဆုငွေပေးအပ်ပွဲအခမ်းအနား

ကျင်းပခဲ့ပြီးဆုငွေပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသူများကို လက်ကမ်းကြိုဆိုနေမှာဖြစ်တယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment