17th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ သပြုကျေးရွာအနီး မိုင်းလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံခြားသားများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မလုံခြုံကြောင်း ပြသတဲ့ဥပမာတစ်ခုလို့ နိုင်ငံခြားရေးဝန်ကြီးပြော

📌 ၂။ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ အကြမ်းဖက်စစ်တပ်ကို အစားထိုးရန်အတွက် ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး

📌 ၄။ တိုင်ကြားစာနှင့် တုံ့ပြန်ရေးဌာနကို တရားရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတယ်လို့ ပြည်သူလူထုကိုအသိပေးဆို

📌 ၅။ တော်လှန်ရေးမှာ တစ်မိနစ်စောပြီး ပါဝင်လိုက်ခြင်းဖြင့် တစ်မိနစ်စောပြီး နိုင်ငံသစ်တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ချက်နိုင်ငံ ကိုယ်စားလှယ်ပြော

📌 ၆။ မိုးကုတ်ဖက်ဒရယ်ကျောင်းမှ စေတနာ့ဝန်ထမ်းများ ခေါ်ယူနေ

📌 ၇။ Help Kachin - Passion For Hope ကမ်ပိန်းစတင်

📌 ၈။ PDF(Kalay) တပ်ရင်း ၁၂ မှ ဆေးတပ်သား မချင်းချင်းနှင့် ရဲဘော် ကိုမောယာ၊ ကိုပွီးယာတို့သုံးဦး ကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် အောက်မေ့သတိရခြင်းအခမ်းအနား ကျင်းပ

📌 ၉။ ရှေ့တန်းဗျူဟာအလိုက် စားနပ်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက်  DMO Local PDF မှ ဆန်အိတ်၂၀၀ challenge ခေါ်ယူထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သပြုကျေးရွာအနီး မိုင်းလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံခြားသားများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မလုံခြုံကြောင်း ပြသတဲ့ဥပမာတစ်ခုလို့ နိုင်ငံခြားရေးဝန်ကြီးပြော


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက်တစ်ခုကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံခြားသားများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မလုံခြုံကြောင်း ပြသတဲ့ဥပမာတစ်ခုလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုဝင်ဘာ ၁၆ ရက်နေ့က Twitter မှာ ရေးသားပြောဆိုခဲ့ပါတယ်။

NUG အစိုးရက ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါတယ်။  စစ်ကောင်စီက ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသရွေ့ နိုင်ငံခြားသားများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မလုံခြုံကြောင်း ပြသသည့် နောက်ထပ်ဥပမာတစ်ခုဖြစ်ပါတယ်" လို့ ဆိုပါတယ်။ 

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် နာရီ ၄၀ မိနစ်အချိန်ကရင်ပြည်နယ်ဘုရားသုံးဆူမြို့နယ်၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက် တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ် စီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး၊ရှစ်ဦးထိခိုက်ဒဏ်ရာရပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး (/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မူဝါဒပိုင်းဆိုင်ရာ‌များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များကမြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရ  သည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်း‌တင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။

အစည်းအဝေးသို့   ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ  တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ကို အစားထိုးရန်အတွက် ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး


အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတွင် အကြမ်းဖက်စစ်တပ်ကို အစားထိုးရန်အတွက် ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်နေတယ်လို့ နိုဝင်ဘာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက Twitter မှာ အသိပေးဖော်ပြပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနဟာအနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတွင် အကြမ်းဖက်စစ်တပ်ကို အစားထိုးရန်အတွက် ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်ရန် ရည်ရွယ်ပါတယ်။ ကျင့်ဝတ်၊ စစ်ရေးသိပ္ပံ၊ တပ်သားသစ်များ၏ စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်ချက်များသည် ပရော်ဖက်ရှင်နယ်၊ အရပ်သား ဦးဆောင်သော အင်အားစုအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးနဲ့ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်၊ LDF နဲ့ လူငယ် မြို့ပြ ပြောက်ကျားပေါင်း ၄၀၁ ဖွဲ့ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ တိုင်ကြားစာနှင့် တုံ့ပြန်ရေးဌာနကို တရားရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတယ်လို့ ပြည်သူလူထုကိုအသိပေးဆို


အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက တိုင်ကြားစာ နှင့် တုံ့ပြန်ရေးဌာနကို ဖွဲ့စည်းထားတယ်လို့ နိုဝင်ဘာ ၁၆ ရက်မှာ ပြည်သူလူထုကိုအသိပေးဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်စေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်ထက်တွင် တရားရေးဝန်ကြီးဌာနအား အကြံပြုချက်များနှင့်  တိုင်ကြားရန် တိုင်ကြားစာနှင့် တုံ့ပြန်ရေးဌာနကို တရားရေးဝန်ကြီး ဌာနက ဖွဲ့စည်းထားကြောင်း တရားရေးဝန်ကြီးဌာနမှ ပြည်သူများအား အသိပေးအပ်ပါတယ်" လို့ ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရန် - အီးမေးလ်လိပ်စာမှာ pcd@moj.nugmyanmar.org ဖြစ်ပြီး Viber Telegram နဲ့ Signal: ကတော့ +66946527323 တို့ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ တော်လှန်ရေးမှာ တစ်မိနစ်စောပြီး ပါဝင်လိုက်ခြင်းဖြင့် တစ်မိနစ်စောပြီး နိုင်ငံသစ်တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ချက်နိုင်ငံ ကိုယ်စားလှယ်ပြော


တော်လှန်ရေးမှာ တစ်မိနစ်စောပြီး ပါဝင်လိုက်ခြင်းဖြင့် တစ်မိနစ်စောပြီး နိုင်ငံသစ် တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ချက်နိုင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်က နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့  နိုဝင်ဘာလအတွင်းမှာ ဆိုလိုက်ပါတယ်။

"ဒီတော်လှန်ရေးမှာ ပါဝင်နေမှုတိုင်းဟာ ဒီတော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်တယ်။ ပါဝင်နေကြသူတိုင်းဟာ တော်လှန်ရေးရဲ့ခွန်အားဖြစ်တယ်။ မပါဝင်ရသေးသူတွေအနေနဲ့လည်း အခုထိ တော်လှန်ရေးမှာပါဝင်မှုအတွက် နောက်မကျသေးဘူးဆိုတာ အသေအချာပါ။ သင်ဟာ တော်လှန်ရေးမှာ တစ်မိနစ်စောပြီး ပါဝင်လိုက်ခြင်းဖြင့် တစ်မိနစ်စောပြီး နိုင်ငံသစ်တည်ဆောက်နိုင်မှာဖြစ်တယ်" လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၆။ မိုးကုတ်ဖက်ဒရယ်ကျောင်းမှ စေတနာ့ဝန်ထမ်းများ ခေါ်ယူနေ


မိုးကုတ်ဖက်ဒရယ်ကျောင်း ရုံးအဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်းများ ခေါ်ယူနေတယ်လို့ နိုဝင်ဘာ ၁၆ ရက်မှာ မိုးကုတ်မြို့နယ် ပညာရေးဘုတ်အဖွဲ့က အသိပေးဆိုထားပါတယ်။

"မိုးကုတ်ဖက်ဒရယ်ကျောင်း ရုံးအဖွဲတွင် ဝန်ထမ်းလိုအပ်ချက်ရှိသဖြင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာအတွက် နည်းပညာအတော်အသင့်တတ်ကျွမ်းသူများ အချိန်ပေးနိုင်သူများ ပါဝင်လျှောက်ထားနိုင်ပါတယ်။ပညာရေး၊ သင်ကြားရေးကို စိတ်ဝင်စားသူများ အထူးလျှောက်သင့်ပါတယ်။ဘွဲမရသေးသူများလည်း ပါဝင်လျှောက်ထားနိုင်ပါတယ်"လို့ဖော်ပြပါတယ်။

ရုံးဝန်ထမ်းအဖြစ် ပါဝင်ကူညီခြင်းအားဖြင့် ကျောင်းလုပ်ငန်းအတွေ့အကြုံများ၊ သင်ကြားရေးအတွေ့အကြုံများ ရရှိနိုင်ပြီး NUG-MOE  က စီစဉ်သည့် သင်တန်းများနှင့် ကျောင်းက အခါအားလျော်စွာ စီစဉ်ပေးသည့် သင်တန်းများကိုလည်း တက်ရောက်ခွင့်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကြားကာလပညာရေးတွင် ပါဝင်ကူညီသည့်အတွက် အသိအမှတ်ပြုဂုဏ်ပြုလက်မှတ်များ ပြန်လည်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၇။ Help Kachin - Passion For Hope ကမ်ပိန်းစတင်


ကချင်ပြည်နယ်အတွင်းက လိုအပ်နေတဲ့နေရာတွေကို ကူညီထောက်ပံ့ဖို့ Help Kachin - Passion For Hope ကမ်ပိန်းစတင်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နိုဝင်ဘာ ၁၆ ရက်နေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် ဖော်ပြအသိပေးထားပါတယ်။

"မြန်မာပြည်မြောက်ဖျားက အပြစ်မဲ့ပြည်သူတွေ သွေးမြေကျတဲ့သတင်း ကြားရတော့ နာကြည်းခံပြင်းစိတ်နဲ့ လက်သီးကို ကျစ်ကျစ်ဆုပ်လို့ တောက်ခေါက်မိတယ်။ စစ်မိစ္ဆာတွေက ဗုံးတွေကျဲချပေမဲ့ ပြည်သူတွေက မေတ္တာပန်းလေးတွေ ကြဲချချင်တယ်။ ပရိဝေဒအပူမီးနဲ့ ငိုကြွေးနေတဲ့ မျက်ရည်တွေကို သုတ်ပေးချင်တယ်။ ရှိတဲ့အထဲက နည်းနည်းလေးပဲဖြစ်ဖြစ် ဝေငှလှူဒါန်းချင်တယ်။ ရေကြည်တပေါက် တိုက်ကျွေးချင်ရင် ကူညီလို့ရအောင် Help Kachin - Passion For Hope ကမ်ပိန်းလေး စတင်နေပါပြီ" လို့ ဖော်ပြထားပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် နှင့် မော်ဒယ်သရုပ်ဆောင် အိန်ဂျယ်လမုန်တို့ ဦးဆောင်သော Passion For Hope နဲ့ Spring Myanmar Society (SMS) အဖွဲ့ပူးပေါင်းပြီး နိုင်ငံတကာ OFP အသိအမှတ်ပြု အလှူခံအဖွဲ့အစည်းတွေကနေ အလှူငွေများကို လက်ခံသွားမှာဖြစ်ပါတယ်။

ပါဝင်လှူဒါန်းတဲ့ ပြည်သူလူထုများကို Passion For Hope အဖွဲ့ကနေ တရားဝင် အသိအမှတ်ပြု ကျေးဇူးတင်လွှာ certificate ထုတ်ပေးသွားမှာ ဖြစ်ပြီး ရလာတဲ့အလှူငွေတွေကို ကချင်ပြည်နယ်အတွင်းက တကယ်လိုအပ်နေတဲ့နေရာတွေကို အမြန်ဆုံးရောက်ရှိဖို့ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၈။ PDF(Kalay) တပ်ရင်း ၁၂ မှ ဆေးတပ်သား မချင်းချင်းနှင့် ရဲဘော် ကိုမောယာ၊ ကိုပွီးယာတို့သုံးဦး ကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် အောက်မေ့သတိရခြင်းအခမ်းအနား ကျင်းပ


PDF(Kalay) တပ်ရင်း ၁၂ မှ ဆေးတပ်သား မချင်းချင်းနှင့် ရဲဘော် ကိုမောယာ၊ ကိုပွီးယာတို့သုံးဦး ကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် အောက်မေ့သတိရခြင်းအခမ်းအနားကို PDF (Kalay) တပ်ရင်း ၁၂ စခန်းတွင် နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပြီး  ချီတက် အလေးပြုခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ၊ ၁၆ ရက် နံနက်ပိုင်းတွင် PDF (Kalay) တပ်ရင်း- က ရဲဘော်များ ရှေ့တန်းထွက်နေချိန် PDF(Kalay) တပ်ရင်း ၁၂ စခန်းအား ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး ကျန်ရှိနေခဲ့သည့် PDF ရဲဘော် ကိုမောယာ၊ ကိုပွီးယာနှင့် ဆေးတပ်ဖွဲ့မှ Mai Biak Rem Chin () ချင်းချင်းတို့ စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ကျဆုံးသွားခဲ့ပြီး ဆေးတပ်သား အမျိုးသမီး ဦး အဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၊ ၁၆ ရက်နေ့တွင် အဆိုပါရဲဘော်သုံးဦး မြင့်မြတ်စွာကျဆုံးခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဖမ်းဆီးခံဆေးတပ်သားများလည်း ဆက်လက် အကျဉ်းချခံလျှက်ပင်ရှိဆဲ ဖြစ်ပါတယ်။


========================


📌📌 ၉။ ရှေ့တန်းဗျူဟာအလိုက် စားနပ်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက်  DMO Local PDF မှ ဆန်အိတ်၂၀၀ challenge ခေါ်ယူထား


ရှေ့တန်းဗျူဟာအလိုက် စားနပ်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက်  နိုဝင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ DMO Local PDF မှ ဆန်အိတ်၂၀၀ challenge ခေါ်ယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) က နိုဝင်ဘာ ၁၆ ရက်နေ့မှာ အသိပေးဆိုပါတယ်။

"ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရှိ ရှေ့တန်းဗျူဟာအလိုက် စားနပ်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက်  နိုဝင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၁၀ ရက်တိတိ ဆန်အိတ် ၂၀၀ challenge ခေါ်ယူထားရာ ပထမရက်တွင် ဆန် ၁၉ အိတ်နှုန်း ရရှိလာပါပြီ။ တစ်ရက်ကို ဆန်အိတ် ၂၀ နှုန်းနှင့် သွားရမှာဖြစ်သည့်အတွက် ပထမရက်တွင် မျှော်မှန်းထားသည့်အတိုင်း နီးစပ်ပါတယ်ဗျ။ ၁၀ ရက်အတွင်းပဲမို့လို့ တစ်ရက်ကို ဆန်အိတ် ၂၀ နဲ့ ဆက်လက် အားဖြည့်ပေးကြပါဦး"လို့ ဆိုထားပါတယ်။

DMO Local PDFဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်း ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment