18th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိနေသေးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် အမျိုးသားရေးစိတ်ဓာတ်များမြှင့်တင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ကြိုးပမ်း သွားရဦးမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြား

📌 ၃။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်

📌 ၄။ စစ်တပ်၏ လုပ်ဆောင်ချက်များကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မယ့် အခြားသော အဆိုမူကြမ်းတစ်ခုအား ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေဖြင့် အားဖြည့်ပံ့ပိုးပေးသင့်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဒေါက်တာမျိုးညွန်နဲ့ ရှေ့နေဦးကျော်ဟိုးတို့ အကျဥ်းထောင်မှ ပြန်လွတ်

📌 ၆။ လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် ယူကေရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ  စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြ

📌 ၇။ မန္တလေး ပုလိပ်မြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လက်မခံဘဲဆန့်ကျင်ဖို့ ပြည်သူများကို လက်ကမ်းစာစောင် ဖြန့်ဝေ

📌 ၈။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အပတ်စဉ် (C)  အထူးမွမ်းမံ သင်တန်းဆင်းပွဲ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိနေသေးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိနေသေးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်ကျင်းပတဲ့ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။


"ကျွန်ပညာရေးဟာ အကြောက်တရားကို သွတ်သွင်းဖို့ သင်ကြားပါတယ်။ ကျွန်ပညာရေးဟာ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ သဘောထားကို ရိုက်သွင်းပါတယ်။ မတူကွဲပြားမှုမှာ မတူညီသော စွမ်းရည်တွေ ခွန်အားတွေ ရှိတယ်ဆိုတာကို မသင်ကြားပါဘူး။ လက်ရှိ မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိနေပါသေးတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အချင်းချင်းမညီမညွတ်ဖြစ်အောင် အမုန်းတရားတွေ ကြီးထွားအောင်လုပ်နေတဲ့ အတွေးအခေါ်ရိုက်သွင်းမှုတွေကို တော်လှန်ပယ်ဖျက်ကြဖို့ လိုနေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အာဏာသိမ်းစစ်အုပ်စုဟာ ၄င်းတို့ကိုထောက်ခံတဲ့ ပညာသင်ကြားရေးစနစ်ကို စာသင်ကျောင်းခန်းများအတွင်းသို့ စနစ်တကျ ထည့်သွင်းလျက်ရှိနေပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် အမျိုးသားရေးစိတ်ဓာတ်များမြှင့်တင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ကြိုးပမ်း သွားရဦးမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြား


ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် အမျိုးသားရေးစိတ်ဓာတ်များမြှင့်တင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ကြိုးပမ်း သွားရဦးမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၇ ရက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နေ့အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။


"တချိန်က မိမိတို့ဘိုးဘွားများက အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံလွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့သလို ယခုအခါတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် အမျိုးသားရေးစိတ်ဓာတ်များမြှင့်တင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ကြိုးပမ်း သွားရဦးမှာ ဖြစ်ပါတယ်။ ယခုအခါ နွေဦးတော်လှန်ရေးသည်လည်းပဲ နိုင်ငံနှင့်လူမျိုးကို ချစ်သည့် မျိုးချစ်ပုဂ္ဂိုလ်များအတွက် အမျိုးသားရေးစိတ်ဓာတ်များ နိုင်ငံတစ်ဝှမ်းမှာ နိုးကြား လာစေခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့်အတူ ပြည်သူကပေးအပ်ထားသည့် တာဝန်များအရ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး လိုလားသော အေးချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောင်သွားနိုင်ရေးအတွက် လွှတ်တော်ကဏ္ဍကနေ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။


========================


📌📌 ၃။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်


အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်လိုက်ပါတယ်။ နိုဝင်ဘာလ (၁၇) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနကဖော်ပြအသိပေးပါတယ်။ ပြိုင်ပွဲသို့ယာယီ(သို့မဟုတ်) အမြဲတမ်း မသန်စွမ်းဖြစ်မှု အပါအဝင် မည်သည့် မသန်စွမ်းသူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီးပထမဆု - ကျပ်ငွေ သုံးသိန်း (၃၀၀,၀၀၀ ကျပ်)၊ဒုတိယဆု - ကျပ်ငွေ နှစ်သိန်း (၂၀၀,၀၀၀ ကျပ်)၊တတိယဆု - ကျပ်ငွေ တစ်သိန်း (၁၀၀,၀၀၀ ကျပ်)တို့ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။


ပြိုင်ပွဲအမျိုးအစားများမှာ 

() ကဗျာ (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်)

() ကာတွန်း (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်)

() ပန်းချီ (ဉာဏ်ရည်မသန်စွမ်းသူများသာ ဝင်ရောက် ယှဉ်ပြိုင်ရန်)

() ဆောင်ပါးတို (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်)

() ဝတ္ထုတို (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်)တို့ဖြစ်ပါတယ်။


နောက်ဆုံးပေးပို့ရမည့် ရက်စွဲ -မှာဒီဇင်ဘာလ (၂၉) ရက်၊၂၀၂၂ ခုနှစ်၊ မြန်မာစံတော်ချိန် ညနေ (၄း၀၀) နာရီ ဖြစ်ပြီးတော့ပြိုင်ပွဲအချက်အလက်များ ပေးပို့ရန် လိပ်စာများ

Email : idpd2022myanmar@gmail.com

Viber : +66855373489

Signal : +66855373489တို့ဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်တပ်၏ လုပ်ဆောင်ချက်များကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မယ့် အခြားသော အဆိုမူကြမ်းတစ်ခုအား ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေဖြင့် အားဖြည့်ပံ့ပိုးပေးသင့်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်


စစ်တပ်၏ လုပ်ဆောင်ချက်များကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မယ့် အခြားသော အဆိုမူကြမ်းတစ်ခုအား ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေဖြင့် အားဖြည့်ပံ့ပိုးပေးသင့်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းအား အတည်ပြုခြင်းနှင့်စပ်လျဉ်းတဲ့သတင်းထုတ်ပြန်ချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းအား အတည်ပြုခဲ့သည့်အပေါ် ကြိုဆိုပါသည်။ ထို့အတူ အဆိုပါ အဆိုမူကြမ်းအား အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုလျက်ရှိသော ဥရောပသမဂ္ဂနှင့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတို့မှ အဖွဲ့ဝင်နိုင်ငံများအား ကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။


ဖော်ပြပါ အတည်ပြုခဲ့သော အဆိုမူကြမ်းတွင် ရိုဟင်ဂျာနှင့် အခြားလူနည်းစုများအပေါ် အလေးထားသည့် စာသားများကို အဓိက ဖော်ပြထားပြီး ၎င်းတို့အပေါ် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယခုအခါ တရားမဝင် အာဏာသိမ်းစစ်အုပ်စုမှ ယခင်ကနှင့် ယခုတိုင် ကျူးလွန်လျက်ရှိသော ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချထားပါတယ်။အဓိကအားဖြင့် ယင်းအဆိုမူကြမ်းတွင် ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ အခြေခံအခွင့်အရေးများကို ထပ်လောင်းအတည်ပြုထားပါတယ်လို့ဆိုပါတယ်။


ယခု အတည်ပြုခဲ့သည့် အဆိုမူကြမ်းအပြင် မြန်မာပြည်သူများနှင့် ဒေသတွင်း အပေါ် ကြီးမားကျယ်ပြန့်သော ဆိုးကျိုး သက်ရောက်မှု ရှိစေသည့် စစ်တပ်၏ လုပ်ဆောင်ချက်များကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မည့် အခြားသော အဆိုမူကြမ်းတစ်ခုအား ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေဖြင့် အားဖြည့်ပံ့ပိုးပေးသင့်ပါတယ်။ ယင်း အဆိုမူကြမ်း အသစ်တွင် နိုင်ငံတကာ အသိုက်အဝန်းထံမှ ထိရောက်သော လုပ်ဆောင်ချက်များကို ပိုမို တောင်းဆိုကာ မြန်မာနိုင်ငံအတွင်းရှိ အသိုက်အဝန်းအားလုံးကို ကာကွယ်ပေးနိုင်၍ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ပေးရေးနှင့် ရာဇဝတ် စစ်အာဏာရှင်အား ချုပ်ငြိမ်းရေးတို့အား တောင်းဆိုသည့် စာသားများ အဓိက ပါဝင်သင့်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ရှု့မြင်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဒေါက်တာမျိုးညွန်နဲ့ ရှေ့နေဦးကျော်ဟိုးတို့ အကျဥ်းထောင်မှ ပြန်လွတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဒေါက်တာမျိုးညွန်နဲ့ ရှေ့နေဦးကျော်ဟိုးတို့ အကျဥ်းထောင်မှ ပြန်လွတ်လာတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန် အကျဥ်းထောင်ကနေ အကြမ်းဖက် စစ်ကောင်စီများ မတရားဖမ်းဆီးထားရာမှ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။


လွတ်မြောက်လာတဲ့အထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါဆရာတော် ဆရာတော် ဦးပညာသီဟ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့လည်း ပါဝင်လာပါတယ်။ အကြမ်းဖက် စစ်ကောင်စီက ထောင်နဲ့ချီ ပြန်လွတ်တဲ့အကျဥ်းသားများထဲမှာ နိုင်ငံရေးအကျဥ်းသား ရာဂဏန်းသာပါဝင်ခဲ့ပါတယ်။


========================


📌📌 ၆။ လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် ယူကေရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ  စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြ


လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် ယူကေရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ  စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါဆန္ဒပြ လှုပ်ရှားမှုကိုယူကေရောက် မြန်မာပြည်ဖွားတိုင်းရင်းသား ညီအကိုမောင်နှမများမှတက်ရောက်ခဲ့ကြပြီး မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖယ်ဒရယ် ဒီမိုကရေစီရရှိရေး၊ နိူင်ငံသားအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင်အပြစ်မဲ့ပြည်သူများအား ဗုံးကြဲသတ်ဖြတ်နေခြင်းများ နှိပ်စက်သတ်ဖြတ်နေခြင်းများအား ချက်ချင်းရပ်တန့်ရန် နဲ့ပြည်တွင်းမှ ညီအကိုမောင်နှမများနှင့်အတူရပ်တည်ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။


========================


📌📌 ၇။ မန္တလေး ပုလိပ်မြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လက်မခံဘဲဆန့်ကျင်ဖို့ ပြည်သူများကို လက်ကမ်းစာစောင် ဖြန့်ဝေ


မန္တလေး ပုလိပ်မြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လက်မခံဘဲဆန့်ကျင်ဖို့ ပြည်သူများကို လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက် အမျိုးသားအောင်ပွဲနေ့မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာလို့ ဒေသခံတွေကတဆင့်သတင်းရရှိပါတယ်။


လက်ကမ်းစာစောင်တွင် စစ်ကောင်စီ ရွေးကောက်ပွဲ ဒို့လက်မခံ ဆန့်ကျင်ကြ၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် ချေမှုန်းကြ စသဖြင့် ဖော်ပြပါရှိပါတယ်။ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မှသည် နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ခေါင်းစဥ်နဲ့ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်များကို ပြည်သူများကလည်း လက်ခံ ဖတ်ရှုခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အပတ်စဉ် (C)  အထူးမွမ်းမံ သင်တန်းဆင်းပွဲ ကျင်းပ


ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အပတ်စဉ် (C)  အထူးမွမ်းမံ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကအသိပေးဆိုပါတယ်။


" ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အပတ်စဉ် (C)  အထူးမွမ်းမံ သင်တန်း အား ယနေ့  ၁၇ ရက်နေ့ တွင်  သင်တန်း ဆင်းခဲ့ပြီး သင်တန်း၌ အရည်အသွေးစွမ်းဆောင်ရည် နှင့် အထူး စစ်ရေးအကြောင်းအရာများ လေ့ကျင့်သင်ကြားခဲ့ပြီဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။ အပတ်စဉ် (C) မွမ်းမံ သင်တန်း ရည်ရွယ်ချက်မှာ ရဲဘော်များ စွမ်းဆောင်ရည် ပိုမို မြင့်မားစေရန် နှင့် စည်းလုံး ညီညွတ်မူရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment