၂၀၂၂ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ
📌 ၂။ ဖမ်းဆီးထိမ်းသိမ်းခံထားရသူ အနည်းငယ်မျှကို ပြန်လွှတ်ပေးရုံနဲ့ စစ်ကောင်စီပြောင်းလဲလာပြီလို့ တွက်ပါက အမှားကြီးမှားလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတိပေး
📌 ၃။ တော်လှန်ရေးအင်အားစုအားလုံးဟာစစ်ကောင်စီကို ဆက်လက်ပြီး ဖိအားပေး တွန်းလှန်နေဖို့ လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မှာပထမဆုံးဖွင့်လှစ်
📌 ၅။ အမေရိကန် ပြည်ထောင်စုက အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရမယ်လို့ အမေရိကန်လွှတ်တော်အမတ်အတိအလင်းပြောကြား
📌 ၆။ မုံရွာ-ချောင်းဦးလမ်းပိုင်းအား ကျန်းမာရေးအခြေအနေ မှလွဲ၍ လုံးဝ (လုံးဝ) အသုံးမပြုရန် PDF South Monywa အသိပေးကြေညာ
📌 ၇။ ကရင်အမျိုးသားလွတ််မြောက််ရေးတပ်မတော် တပ်မဟာ(၆)ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ MFDMC ကထောက်ပို့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့၊ ည (၁၉:၀၀)နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြား၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိကာလတွင် ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနှင့် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့၏ နိုင်ငံတကာ မဟာဗျူဟာ မဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ချိတ်ဆက်ဆောင်ရွက်ချက်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်သုံးသပ်ခြင်းအစီအစဥ်များ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့်စပ်လျဥ်းသည့် ကိစ္စများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသည့် အဖွဲ့ဝင်များ က ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပါတယ်။ ထို့နောက် ရေးရာကော်မတီများက ကော်မတီလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ဖမ်းဆီးထိမ်းသိမ်းခံထားရသူ အနည်းငယ်မျှကို ပြန်လွှတ်ပေးရုံနဲ့ စစ်ကောင်စီပြောင်းလဲလာပြီလို့ တွက်ပါက အမှားကြီးမှားလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတိပေး
နိုဝင်ဘာလအတွင်း အကျဥ်းကျခံရသူများကို စကစ ကလွှတ်ပေးတာနဲ့ပတ်သက်လို့ NUG နိုင်ငံခြားရေးဝန်ကြီးက အခုလိုမှတ်ချက်ပေးဆိုထားပါတယ်။ “မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရသူ အနည်းငယ်မျှကို ပြန်လွှတ်ပေးရုံနဲ့ စကစ က ပြောင်းလဲလာပြီလို့ တွက်မယ်ဆိုရင်တော့ အမှားကြီး မှားပါလိမ့်မယ်” လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ အကြမ်းဖက်စစ်တပ်ဟာ လူပေါင်းတစ်သောင်းကျော်ကိုဖမ်းဆီးချုပ် နှောင်ခဲ့ပြီး လူပေါင်းနှစ်ထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။ လက်ရှိမှာလည်း တစ်နိုင်ငံလုံးရှိ နေအိမ်နဲ့အဆောက်အဦပေါင်း လေးသောင်းနီးပါးကို မီးရှို့ဖျက်ဆီးထားပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးအင်အားစုအားလုံးဟာစစ်ကောင်စီကို ဆက်လက်ပြီး ဖိအားပေး တွန်းလှန်နေဖို့ လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို
နိုဝက်ဘာ ၁၉ ရက်တွင် ကျင်းပတဲ့ CDF-Matupi ရဲဘော်များအတွက် CDF-Matupi Fundraising Committee မှ ရန်ပုံငွေရှာဖွေခြင်း Live Charity Concertမှာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလိုပြောကြားခဲ့ပါတယ်။
"ကျနော်တို့အားလုံးဟာ တညီတညွတ်တည်းလက်တွဲ ညီညီနဲ့တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒီစစ်ကောင်စီရဲ့အကြမ်းဖက်မှုကိုဖြိုချဖို့ကြိုးစားနေတာဖြစ်တယ်။စစ်ကောင်စီကို ဆက်ပြီးတော့ ဖိအားပေးနေရမယ်။ဆက်ပြီးတော့တွန်းလှန်နေရမယ်။ဒီဟာကိုဇွဲလျှော့လို့တော့မရဘူး"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ၄င်းကျရှုံးမှုအဖြစ် နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လည်လွှတ်ပေးနေရပြီး အဆိုပါဖြစ်ရပ်ဟာ တော်လှန်ရေးအင်အားစုများကြိုးပမ်းမှုနဲ့နိုင်ငံတကာဖိအားတွေပါဝင်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မှာပထမဆုံးဖွင့်လှစ်
အမျိုးသားညီညွတ်ရေး အစိုးရ၏ နိုင်ငံခြားရေးရုံး ဖွင့်လှစ်မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၁၈ ရက် သောကြာနေ့ ညနေ ၅ နာရီကနေ ညနေ ၇ နာရီအထိ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့ပါတယ်။ NUG နိုင်ငံခြားရေးရုံးဖွင့်လှစ်ခဲ့တာနှင့်ပတ်သက်ပြီး နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက Radio NUG ကိုအခုပြောကြားထားပါတယ်
ဦးမိုးဇော်ဦး - NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး "ကျွန်တော်တို့ ဝါရှင်တန်ဒီစီမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးရုံးကို ဒီဒေသတစ်ဝိုက်မှာရှိတဲ့ မြန်မာကွန်မြူနစ်တီနဲ့ မိတ်ဆက်တဲ့အခမ်းအနားလေးတစ်ခု ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ရုံးဖွင့်ခဲ့တာတော့ နှစ်ပတ် သုံးပတ်တော့ရှိပြီပေါ့လေ။
ဒီကာလအတွင်းမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ပိုမိုပြီးတော့ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ပေါ့လေ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် လွှတ်တော်တွေရှိတယ် နောက်တစ်ခါ နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ်ပေါ့လေ။
နောက်တစ်ခါ ဝါရှင်တန်ဒီစီဆိုတာ သံရုံးတွေလည်း ရုံးစိုက်တဲ့မြို့လည်းဖြစ်တဲ့အခါကျတော့ ဒီကနေပြီးတော့မှ ကျွန်တော်တို့ရဲ့ နိုင်ငံတကာရေးရာကိစ္စတွေ နိုင်ငံခြားရေးရာကိစ္စတွေ နိုင်ငံတကာကနေ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံမှုပိုမိုရရှိလာစေဖို့ကိစ္စတွေပေါ့ နောက်တစ်ခါ ဒီကနေတဆင့် ကျွန်တော်တို့ရဲ့တော်လှန်ရေးအတွက်ကိုလည်း အများကြီးအထောက်အကူပြုဖို့ကိစ္စတွေကိုလည်း ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတာရှိပါတယ်။ ဒီမှာရှိတဲ့ မြန်မာကွန်မြူနစ်တီ တိုင်းရင်းသားလူမျိုးအားလုံးလည်းပါပါတယ်။ ဒီအသိုင်းအဝိုင်းတွေနဲ့လည်း ကျွန်တော်တို့က ချိတ်ဆက်ပြီးတော့ ဘာတွေ လုပ်ဆောင်လို့ရမလဲ ကျွန်တော်တို့ နိုင်ငံခြားရေးနဲ့ပတ်သက်ပြီး တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာတွေ ညှိနှိုင်းဆောင်ရွက်လို့ရမလဲ ဆိုတဲ့ကိစ္စတွေကို ပြင်ဆင်နေတာရှိတယ်။ တွေ့သင့်တဲ့ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများနဲ့လည်း တွေ့ပြီးတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေ ထိထိရောက်ရောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။
အဲ့တာကတော့ ကျွန်တော်တို့ရုံးခန်းဖွင့်လှစ်ပြီးတော့ ဆောင်ရွက်ဖို့ရည်ရွယ်ထားတဲ့လုပ်ငန်းများ ဖြစ်ပါတယ်။ ဒီကွန်မြူနစ်တီအနေနဲ့လည်း ကျွန်တော်တို့ကို အများကြီး ဝိုင်းဝန်းကူညီတာတွေရှိပါတယ်။ မြန်မာကွန်မြူနစ်တီနဲ့ စုပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ညှိနှိုင်းပြီးတော့ ကြိုးစားပြီးတော့ ကျွန်တော်တို့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့လည်း အစီအစဉ်ရှိပါတယ်ခင်ဗျ။"
ရုံးဖွင့်ပွဲသို့ NUG ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီး ဦးထင်လင်းအောင်၊ NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး၊မိတ်ဆက်ပွဲအနေနဲ့ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးကို မကြာခင်မှာ အမေရိကန်နိုင်ငံရှိ မြန်မာပြည်ထောင်စုဖွားများကို ဖိတ်ကြားမိတ်ဆက်တဲ့အခမ်းအနားလည်းကျင်းပဦးမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ အမေရိကန် ပြည်ထောင်စုက အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရမယ်လို့ အမေရိကန်လွှတ်တော်အမတ်အတိအလင်းပြောကြား
အမေရိကန် ပြည်ထောင်စု က အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရမယ်လို့ အမေရိကန်လွှတ်တော်အမတ် အိလ်ဟာန်အိုမာရ်က နိုဝင်ဘာ ၁၈ ရက်နေ့မှာဆိုခဲ့ပါတယ်။
"အမေရိကန် ပြည်ထောင်စု က အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရမည် ဖြစ်ပြီး အာဏာသိမ်း ခေါင်းဆောင်များကို မည်သည့်အခါမျှ တရားဝင်မှု မပေးသင့်ပါ"လို့ဆိုပါတယ်။ လက်ရှိမှာ အာဆီယံ နိုင်ငံများနဲ့ အနောက်နိုင်ငံအများစုဟာလည်း အမျိုးသားညီညွတ်ရေးအစိုးရကို စတင်အသိအမှတ်ပြုဆက်ဆံနေပြီဖြစ်ပါတယ်။
========================
📌📌 ၆။ မုံရွာ-ချောင်းဦးလမ်းပိုင်းအား ကျန်းမာရေးအခြေအနေ မှလွဲ၍ လုံးဝ (လုံးဝ) အသုံးမပြုရန် PDF South Monywa အသိပေးကြေညာ
စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းအားကျန်းမာရေးအခြေအနေ မှလွဲ၍ လုံးဝ (လုံးဝ) အသုံးမပြုရန် PDF South နိုဝင်ဘာ ၁၉ ရက်နေ့မှာ အသိပေးဆိုပါတယ်။ မုံရွာ-မန္တလေးလမ်းမကြီး၏(အထူးသဖြင့်) မုံရွာ-ချောင်းဦးလမ်းပိုင်းတွင်စစ်ကောင်စီ စကစတပ်များ ခြေရှုပ်လျက်ရှိပါတယ်။ကျန်းမာရေးအခြေအနေ မှလွဲ၍ လုံးဝ (လုံးဝ) အသုံးမပြုရန်တိုက်တွန်းလိုပါတယ်။မဖြစ်မနေ အသုံးပြုမည်ဆိုပါက စကစတပ်ဖွဲ့ကားများနဲ့ ကပ်မလိုက်ကြရန်"ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေမှာလည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပေါင်းလဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က ညလုံးပေါက်မီးရှို့ဖျက်ဆီးတဲ့အပြင် ယနေ့မနက်လည်း ရွာမြောက်ဘက်ခြမ်းကို မီးထပ်ရှို့ခဲ့ပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်များကို အင်အားအလွန်အကျွံ သုံးကာ ပြည်သူလူထုကိုပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၇။ ကရင်အမျိုးသားလွတ််မြောက််ရေးတပ်မတော် တပ်မဟာ(၆)ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ MFDMC ကထောက်ပို့
နိုဝင်ဘာ ၁၉ ရက်မှာ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ကအခုလိုအသိပေးဆိုပါတယ်။
"ကရင်အမျိုးသားလွတ််မြောက််ရေးတပ်မတော် တပ်မဟာ(၆)ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ (150,000) Baht စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး ရည်မှန်းချက်များအတွက် ကရင်အမျိုးသားလွတ််မြောက််ရေးတပ်မတော်၊တပ်မဟာ(၆) ဌာနချုပ်စစ်ကြောင်းထံသို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများမှ ထောက်ပို့ခဲ့ပါတယ်"လို့ဆိုပါတယ်။
ပြည်ပမှာရောက်ရှိနေသောထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများပါဝင်ပါကာ MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment