၂၀၂၂ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးမှာ ကျရာနေရာကနေ အဓမ္မကို ဆန့်ကျင်ကြောင်းပြသဖို့ ပြည်သူလူထုကို ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြော
📌 ၂။ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားကာ တိုင်းရင်းသားမဟာမိတ်များအားလုံးနှင့် ပူးပေါင်းလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနနှင့် Arizona State University တို့ပူးပေါင်း၍ ASU Universal Courses အတွက် Free Scholarship Online Courses သင်တန်းတက်ရောက်ရန် သင်တန်းသားများခေါ်ယူ
📌 ၄။ နွေဦးတော်လှန်ရေးရဲ့ အားသာချက်ဟာ စိတ်ဓာတ်ရေးရာဖြစ်တယ်လို့ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်ပြောကြား
📌 ၅။ တော်လှန်ရေးလုပ်နေသူ အချင်းချင်း ဆန္ဒပြ နိုင်ငံရေး လုပ်ကွက်ဖော်ရမယ့်အချိန်မဟုတ်သေးဘူးလို့ မအူပင်အမတ်ဒေါ်အိအိပြုံးဆို
📌 ၆။ BGF ကားမှောင်ခိုဂိတ်စခန်းမှ ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘားအံမြို့နယ်အတွင်းကလေးငယ်များအပါအဝင်အရပ်သား (၂) ဦးသေ၊ (၂) ဦးထိခိုက်ဒဏ်ရာရ
📌 ၇။ ချောင်းဦးရဲစခန်းမှူးလိုက်လာတဲ့ Markllကားကို မုံရွာချောင်းဉီးလမ်းပိုင်းတစ်နေရာ၌ပဒေသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်
📌 ၈။ မြောင်မြို့နယ်က မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲထိုးဖို့ မိုးကာများလိုအပ်လျက်ရှိ
📌 ၉။ မြင်းမူမြို့ လေသာကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသောစကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ လေးဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးမှာ ကျရာနေရာကနေ အဓမ္မကို ဆန့်ကျင်ကြောင်းပြသဖို့ ပြည်သူလူထုကို ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြော
နွေဦးတော်လှန်ရေးမှာ ကျရာနေရာကနေ အဓမ္မကို ဆန့်ကျင်ကြောင်းပြသဖို့ ပြည်သူလူထုကို ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက် အရေးပေါ် အခြေပြ မိန့်ခွန်းမှာယာယီသမ္မတ ဒူဝါလရှီးလကထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကျွန်တော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့ ပန်းတိုင်ကို မရောက်မချင်း ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထပ်လောင်းကတိပေးပါရစေ။ ထို့အတူ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဆိုရှယ် မီဒီယာပေါ်က Like တစ်ချက်၊ Share တစ်ခုကအစ . ပြည်သူ့ဆန္ဒဟာ နိုင်ငံတကာကို ရိုက်ခတ်တဲ့အထိ အင်အားကြီးမားပါတယ်။ ဒါ့ကြောင့် ကျရာနေရာက ရသလောက် အဓမ္မကို ဆန့်ကျင်ကြောင်းပြကြပါ။ နိုင်ငံသူနိုင်ငံသားများရဲ့ အင်အားကို ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ခေါင်းဆောင်တွေ၊ ပြည်သူတွေ အားလုံးကို ခြွင်းချက်မရှိ လွတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ် ဆက်လက် ဖိအားပေးဖို့ကိုလည်း ယာယီသမ္မတကတိုက်တွန်းဆိုထားပါတယ်။
========================
📌📌 ၂။ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားကာ တိုင်းရင်းသားမဟာမိတ်များအားလုံးနှင့် ပူးပေါင်းလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားကာ တိုင်းရင်းသားမဟာမိတ်များအားလုံးနှင့် ပူးပေါင်းလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်“အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု နှင့် ပတ်သက်သည့် ကြေညာချက်မှာဖော်ပြပါရှိပါတယ်။
အသက်နှင့်ခန္ဓာမြဲလျက် ပြန်လည်လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက်မိပါတယ်။ သို့ရာတွင် ပြန်လည်လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရသူများဖြစ်ခြင်း၊ မတရားဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးသူများစွာ ကျန်ရှိနေခြင်း၊ ပြန်လည်လွတ်မြောက်လာခြင်းမရှိတော့ပဲ စစ်ကြောရေးတွင် ကျဆုံးခဲ့ရသူများ၊ ထောင်တွင်း သတ်ဖြတ်ခံရသူများ ရှိခဲ့ခြင်း၊ တော်လှန်ရေးကာလတစ်လျှောက် အသက်သွေးချွေးများရင်းနှီးပေးဆပ် ခဲ့ကြသူများစွာရှိနေခြင်း စသည့်အချက်တို့ကို အမှတ်ရနေရမည်ဖြစ်ကာ ထိုကဲ့သို့သော မတရားမှုများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိစေရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစိုက်မတ်မတ် ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တ နေသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ကို မျက်ခြေပြတ်မခံပဲ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားကာ ပန်းတိုင်ကို လက်ဝယ်ပိုင်ပိုင်လှမ်းကိုင်နိုင်သည်အထိ တိုင်းရင်းသားမဟာမိတ်များအားလုံးနှင့် ပူးပေါင်းလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ကတိပြုပါတယ်လို့ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနနှင့် Arizona State University တို့ပူးပေါင်း၍ ASU Universal Courses အတွက် Free Scholarship Online Courses သင်တန်းတက်ရောက်ရန် သင်တန်းသားများခေါ်ယူ
အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနနှင့် Arizona State University တို့ပူးပေါင်း၍ASU Universal Courses အတွက် Free Scholarship Online Courses သင်တန်းတက်ရောက်ရန် သင်တန်းသားများခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာလအတွင်းမှာ ပညာရေးဝန်ကြီးဌာနက တရားဝင်အသိပေးကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနနှင့် Arizona State University တို့ပူးပေါင်း၍ ASU Universal Courses အတွက် Free Scholarship Online Courses သင်တန်းတက်ရောက်ရန် နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးသိပ္ပံ နှင့်ဆက်စပ်သောလူမှုရေးသိပ္ပံဘာသာရပ်များမှ တက်ရောက်လိုသော ကျောင်းသား/သူများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာအပ်ပါတယ်လို့ဖော်ပြပါတယ်။
သင်တန်းမှာ Certification Course from ASU ဖြစ်ပြီးတော့ သင်တန်းကာလ-မှာ ၃ လဖြစ်ပါတယ်။ ASU ၏ ဖော်ပြပါ သင်တန်းဆိုင်ရာ အသေးစိတ်ကို https://ea.asu.edu/ တွင် ဝင်ရောက်လေ့လာပြီးနောက် သင်တန်းအမျိုးအစား (၅၀) ကျော်မှနှစ်သက်ရာ course တစ်ခုသာရွေးချယ်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးရဲ့ အားသာချက်ဟာ စိတ်ဓာတ်ရေးရာဖြစ်တယ်လို့ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်ပြောကြား
နွေဦးတော်လှန်ရေးရဲ့ အားသာချက်ဟာ စိတ်ဓာတ်ရေးရာဖြစ်တယ်လို့ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံပွဲမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်ကဆိုပါတယ်။
"ယခုရက်ပိုင်း၌ စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သောနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လာပါကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တစ်နှစ်မဟာဗျူဟာစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်ရာတွင် ပအဖ၊ ပကဖ၊ ပလဖ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ တော်လှန်ရေးတွင် အားသာချက်သည် စိတ်ဓာတ်ရေးရာဖြစ်ပါကြောင်းနှင့် လုံခြုံရေးသတိပြုကြရန်ဖြစ်တယ်"လို့ဆိုပါတယ်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ တော်လှန်ရေးလုပ်နေသူ အချင်းချင်း ဆန္ဒပြ နိုင်ငံရေး လုပ်ကွက်ဖော်ရမယ့်အချိန်မဟုတ်သေးဘူးလို့ မအူပင်အမတ်ဒေါ်အိအိပြုံးဆို
တော်လှန်ရေးလုပ်နေသူ အချင်းချင်း ဆန္ဒပြ နိုင်ငံရေး လုပ်ကွက်ဖော်ရမယ့်အချိန်မဟုတ်သေးဘူးလို့ မအူပင်အမတ်ဒေါ်အိအိပြုံးကဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက် ဆက်သွယ်မေးမြန်းရာမှာ NUG radio ကို မအူပင်အမတ်ဒေါ်အိအိပြုံးကဖြေကြားခဲ့ပါတယ်။
"ခုချိန်က တော်လှန်ရေး အောင်မြင်အောင် ဝိုင်ဝန်းပံပိုးရမယ့် ချိန်လေ။နှေးတယ်ထင်ရင် မြန်အောင် ဘယ်လိုပူးပေါင်းမလဲပေါ့။ဒီကာလ မှာ စကစ ထောက်ခံသူနှင့် တော်လှန်ရေး လုပ် တွန်းလှန်သူဆိုတဲ့ ဘက် (၂) ခုဘဲ ရှိမှာ။အဲ့ ချိန်မှာ တော်လှန်ရေးလုပ်နေသူ အချင်းချင်း ဆန္ဒပြ နိုင်ငံရေး လုပ်ကွက်ဖော် ဟန်ရေးပြရမယ့် ချိန်မဟုတ်ဘူး သေးဘူး ထင်တာပဲ"လို့ဆိုပါတယ်။ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံမဲဆောက်မှာ လူငယ်သုံးဦးက တော်လှန်ရေး နှေးကွေးတဲ့အကြောင်းပြချက်နဲ့ NUG အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။
========================
📌📌 ၆။ BGF ကားမှောင်ခိုဂိတ်စခန်းမှ ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘားအံမြို့နယ်အတွင်းကလေးငယ်များအပါအဝင်အရပ်သား (၂) ဦးသေ၊ (၂) ဦးထိခိုက်ဒဏ်ရာရ
ကရင်ပြည်နယ်ရှိ BGF ကားမှောင်ခိုဂိတ်စခန်းမှ ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘားအံမြို့နယ်အတွင်းကလေးငယ်များအပါအဝင်အရပ်သား (၂) ဦးသေ၊ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာလ (၁၈) ရက် ကေအဲန်ယူ-ဗဟိုက တရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
"နိုဝင်ဘာလ (၁၇) ရက်၊ ညနေ (၄) နာရီခွဲဝန်းကျင်ကအာဏာသိမ်း စစ်ကောင်စီလက်အောက်ခံBGF-(၁၀၁၁) တပ်ရင်း၊ တပ်ခွဲ (၂)တပ်ခွဲမှူး ဗိုလ်မောင်ငြိမ်း ဦးဆောင်သည့်အဖွဲ့သည် သံလွင်မြစ်တဖတ်ကမ်းမှ ကူးတို့ဖြင့်ကူးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိကရင်ကျေးရွာအတွင်းရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် မိကရင်ရွာမှအသက် (၂၇) နှစ်အရွယ် စောအောင်မြင့်ထွန်းနှင့် အသက် (၇) နှစ်အ ရွယ် နော်ခိုင်သဇင်ခင် တို့မှာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့တယ်"လို့ဖော်ပြပါတယ်။ ထို့အပြင် BGF များ၏ပစ်ခတ်မှုများကြောင့် မိကရင်ရွာမှ အသက် (၄၅) နှစ်ရှိ ဒေါ်မစန်းအေး၏ ဘယ်ဖက်မေးရိုးနှင့်ဒူးနှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့ကာ အသက် (၁၂) နှစ်အရွယ်နော်ပြည့်ပြည့်မွန် ဘယ်ဘက်လက်ဖဝါးတွင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာလ (၁၇) ရက်၊ ညနေ (၃) နာရီ (၃၀) မိနစ်က ကေအဲန်ယူ-ဖားအံမြို့နယ် မိကရင်ကျေးရွာ(သံလွင်မြစ်)တစ်ဖက်ကမ်းတွင် တပ်စွဲထားသော BGFကားမှောင်ခိုဂိတ်အဖွဲ့နှင့် KNLA-တပ်ရင်း(၁)နှင့်ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး BGF ဖက်မှ (၂) ဦးသေဆုံးခဲ့ပါသေးတယ်။
========================
📌📌 ၇။ ချောင်းဦးရဲစခန်းမှူးလိုက်လာတဲ့ Markllကားကို မုံရွာချောင်းဉီးလမ်းပိုင်းတစ်နေရာ၌ပဒေသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ချောင်းဦးရဲစခန်းမှူးလိုက်လာတဲ့ Markllကားကို မုံရွာချောင်းဉီးလမ်းပိုင်းတစ်နေရာ၌ပဒေသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့ မှာ မုံရွာချောင်းဉီးလမ်းပိုင်းတစ်နေရာမှာ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA ကအတည်ပြုဆိုပါတယ်။
"ချောင်းဉီးရဲစခန်းမှစခန်းမှူးလိုက်ပါလာသော Markll ကားတစ်စီးအား မုံရွာချောင်းဉီးလမ်းပိုင်းတစ်နေရာ၌ပဒေသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ကားပျက်စီးမှုရှိပြီးမုန့်ဟင်းခါးပွဲများလည်းသေချာပေါက်ထွက်ရှိမှာဖြစ်တယ်"လို့ဆိုပါတယ်။ Brave Heart Army-BHA ကရဲဘော်များအထိအခိုက်မရှိဘူးလို့သိရပါတယ်။
========================
📌📌 ၈။ မြောင်မြို့နယ်က မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲထိုးဖို့ မိုးကာများလိုအပ်လျက်ရှိ
စစ်ကိုင်းတိုင်း မြောင်မြို့နယ်က မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲထိုးဖို့ မိုးကာများလိုအပ်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၇ ရက်မှာ ဆရာတော် အဂ္ဂဝံသကမိန့်ကြားထားပါတယ်။
"ဒီတပတ်အတွင်းမြောင်မြို့နယ်ထဲက ရွာပေါင်း ကိုးရွာဟာစကစတပ်တွေ မီးရှို့ခြင်းကိုခံနေရပါတယ်။ယာယီတဲလေးတွေထိုးဖို့ မိုးကာလေးတွေ လိုနေသေးတယ်ဗျာ ၁၅×၂၀ ပေအချက်လောက်လေးတွေဆိုအဆင်ပြေပါတယ်။တချက်တတ်နိုင်တတ်နိုင် တတ်နိုင်သလောက် ကူပေးကြပါဦး"လို့မိန့်ကြားပါတယ်။ မီးဘေးသင့်နှင့်စစ်ရှောင်ဦးရေ သောင်းဂဏန်းအတွက်မိုးကာ အနွေးထည် စောင်နှင့် ဆန် ၊ဆီ အသင့်စားခေါက်ဆွဲခြောက်နှင့်အစားအသောက်များလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၉။ မြင်းမူမြို့ လေသာကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသောစကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ လေးဦးသေဆုံး
စစ်ကိုင်းတိုင်းမြင်းမူမြို့ လေသာကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသောစကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်၍ လေးဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီ ၁၀ မိနစ် ခန့်က မြင်းမူမြို့ လေသာကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသောစကစတပ်များကို တိုက်ခိုက်ခဲ့တယ်လို့ True Fighter အဖွဲ့ကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ ၁၈ ရက်ည ၇နာရီ၁၀မိနစ် ခန့်က မြင်းမူမြို့ လေသာကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသော စကစတပ်များအား ဒူးရင်းသီး ဝင်ကျွေးခဲ့ရာ စကစတပ်က ၄ ဦးသေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ အဆိုပါတိုက်ခိုက်မှုအား True Fighter အဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့မှ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment