၂၀၂၂ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယာယီသမ္မတဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု ဆွေးနွေးချက်ကို REUTERS Next Leadership Summit နှင့် Global Broadcast မှာ ထုတ်လွှင့်ပြသမယ်
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်
📌 ၃။ အပျော့ဆွဲနေတဲ့ ရန်သူ့ ကျော့ကွင်းမှာ စိတ်ဝမ်းမကွဲဖို့အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ပြောကြား
📌 ၄။ ပြည်သူ့အုပ်ချုပ်ရေးဟာ ပြည်သူ့ကိုယ်စားပြု စီမံခန့်ခွဲရခြင်းဖြစ်၍ လူထုစီမံရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် တရားမျှတစွာဆောင်ရွက်ရန်ပြည်ထဲရေးဒုဝန်ကြီးခူးထဲဘူးဆို
📌 ၅။ MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အဖွဲ့အတွက် ဘတ်ငွေလေးသိန်းတန်စနိုက်သေနတ်နဲ့ကျည်နှစ်ရာစာထောက်ပို့ လှူဒါန်း
📌 ၆။ မန္တလေးမြို့မှာ ဖုန်းဆိုင်ကို အမျိုးသားနှစ်ဦး ပစ္စတိုသေနတ်နဲ့ချိန်းခြောက်၍ ဖုန်းအလုံး ၄၀ ကျော် အနုကြမ်းစီး လုယက်ယူဆောင်သွား
📌 ၇။ သုံးလအတွင်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား တိုက်ပွဲပေါင်း (၁၂) ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၇) ဦးထိရှိ
📌 ၈။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားပြီး နောက်ကျေးရွာအတွင်းသို့လက်နက်ကြီးများပစ်ခတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီး
📌 ၉။ ထီးလင်းမြို့နယ် လမ်းကြောင်းတစ်နေရာမှာဝါးများကို တရားမဝင်ထုတ်ယူနေကြောင်းစစ်ဆေးတွေ့ရှိ၍ NUG ၏ဒဏ်ရိုက်ခြင်းဆိုင်ရာလမ်းညွှန်ချက်အရဝါးတန်ဖိုး ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေးရိုက်
📌 ၁၀။ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို စကစတပ်များ (၆) ကြိမ်မြောက်မီးရှို့ဖျက်ဆီး
📌 ၁၁။ ရွှေဘိုမြို့နယ်၊ညောင်ပင်သာရွာကို စစ်ကြောင်းထိုးတဲ့ စကစတပ်များ ကာကွယ်ရေးတပ်တွေဝိုင်းတိုက်လို့ အယောက် ၃၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယာယီသမ္မတဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု ဆွေးနွေးချက်ကို REUTERS Next Leadership Summit နှင့် Global Broadcast မှာ ထုတ်လွှင့်ပြသမယ်
ယာယီသမ္မတဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု ဆွေးနွေးချက်ကို REUTERS Next Leadership Summit နှင့် Global Broadcast မှာ ထုတ်လွှင့်ပြသမယ်လို့သတင်းရရှိပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဆွေးနွေးချက်ကိုဒီဇင်ဘာလ ၁ ရက်ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၂း ၁၀ မိနစ်တွင် ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ ၄င်းအခမ်းအနားမှာ ကနေဒါဝန်ကြီးချုပ်၊ လစ်သူယေးနီးယားဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ IMF မန်နေးဂျင်းဒါရိုက်တာ၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ၊ Morgan Stanley ဥက္ကဋ္ဌ နှင့် CEO တို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များ ပါဝင်ဟောပြောသွားမှာဖြစ်ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်
အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၉ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။
"ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး မှာ အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း မြေပြင်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိ၊ ညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ဖို့လည်း ကြိုးစားအားထုတ်ကြဖို့လိုမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှုအပိုင်းမှာလည်း မြေပြင်မှာ ကောက်ခံတဲ့ အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိ မူဝါဒ၊ လုပ်ပိုင်ခွင့်တွေနဲ့အညီ ဖြစ်စေဖို့ ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များရဲ့ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ပြည်သူ့အုပ်ချုပ်ရေး နဲ့ဝန်ဆောင်မှုကဏ္ဍများအပြင် ပညာရေး၊ ကျန်းမာရေးကဏ္ဍာများကိုလည်း အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၃။ အပျော့ဆွဲနေတဲ့ ရန်သူ့ ကျော့ကွင်းမှာ စိတ်ဝမ်းမကွဲဖို့အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ပြောကြား
အပျော့ဆွဲနေတဲ့ ရန်သူ့ ကျော့ကွင်းမှာ စိတ်ဝမ်းမကွဲဖို့အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၃၀ ရက်မှာ တော်လှန်ရေးနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။
"ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ဘက်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ဒေသအသီးသီးမှာ ကျနော်တို့နိုင်ငံကောင်းစားဖို့ လူမသိသူမသိ တိုက်ပွဲဝင်နေတဲ့ အညတရ တော်လှန်ရေး ရဲဘော်တွေအများကြီး ရှိနေတယ် ဆိုတာ ပြောပြချင်တာပါ။
အသက်ဆုံးရှုံးလိုက်ရတာတွေရှိသလို သေရာပါ ဒဏ်ရာ နဲ့ နေသွားရမဲ့သူတွေလဲ ရှိတယ်။ ပြည်တွင်းပြည်ပ နိုင်ငံအသီးသီးက ပြည်သူအားလုံး ပါဝင်လှုပ်ရှားနေတဲ့ ဒီ တော်လှန်ရေး မှ မအောင်ရင် ကျနော်တို့ နိုင်ငံ ဘယ်တော့မှ နလန်ပြန်ထူဖို့ မရှိဘူး။ အပျော့ဆွဲနေတဲ့ ရန်သူ့မာယာ ကျော့ကွင်းမှာ စိတ်ဝမ်းမကွဲဖို့လဲ အရေးကြီးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဟာ တော်လှန်ရေးရဲဘော်များအတွက် လိုအပ်တဲ့ထောက်ပံ့မှုများကို NUGPay မိတ်ဆွေများရဲ့ မေတ္တာနဲ့ ရှေ့တန်းအထိ သွားရောက်ပို့ဆောင်မှုတို့လုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၄။ ပြည်သူ့အုပ်ချုပ်ရေးဟာ ပြည်သူ့ကိုယ်စားပြု စီမံခန့်ခွဲရခြင်းဖြစ်၍ လူထုစီမံရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် တရားမျှတစွာဆောင်ရွက်ရန်ပြည်ထဲရေးဒုဝန်ကြီးခူးထဲဘူးဆို
ပြည်သူ့အုပ်ချုပ်ရေးဟာ ပြည်သူ့ကိုယ်စားပြု စီမံခန့်ခွဲရခြင်းဖြစ်၍ လူထုစီမံရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် တရားမျှတစွာဆောင်ရွက်ရန်ပြည်ထဲရေးဒုဝန်ကြီးခူးထဲဘူးကဆိုလိုက်ပါတယ်။နိုဝင်ဘာ ၃၀ ရက် ကျင်းပတဲ့ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုမှာ ပြည်ထဲရေးဒုဝန်ကြီးကဆိုခဲ့ပါတယ်။
"ပြည်သူ့အုပ်ချုပ်ရေးသည် ပြည်သူ့ကိုယ်စားပြု စီမံခန့်ခွဲရခြင်းဖြစ်၍ လူထုစီမံရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် တရားမျှတစွာဆောင်ရွက်ရန် \ လိုအပ်ပါကြောင်း၊ ဌာနပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးရမည်ဖြစ်၍ အချိန်အဆက် ရရှိရန်လည်း လိုအပ်ကြောင်း၊ တော်လှန်ရေးကာလတွင်
ပါဝင်နေကြသူများသည် မိမိတို့၏ တာဝန်ယူ တာဝန်ခံစိတ် အပြည့်အဝဖြင့် ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ ဒေသအသီးသီးမှ မြေပြင်ရှိအခြေအနေများ ကြုံတွေ့နေရသည့်အခက်အခဲများ အပေါ် အချိန်နှင့်တပြေးညီတင်ပြသွားရန်ဖြစ်ကြောင်း"ဒုဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ရှိသူမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေး ဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အဖွဲ့အတွက် ဘတ်ငွေလေးသိန်းတန်စနိုက်သေနတ်နဲ့ကျည်နှစ်ရာစာထောက်ပို့ လှူဒါန်း
MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အဖွဲ့အတွက် ဘတ်ငွေလေးသိန်းတန်စနိုက်သေနတ်နဲ့ကျည်နှစ်ရာစာထောက်ပို့ လှူဒါန်းခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F မှအသိပေးဆိုပါတယ်။
" တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F မှ အဓိကလိုအပ်လျှက်ရှိသော လက်နက်များထဲမှ စနိုက်ပါတစ်လက်နှင့် ကျည် ၂၀၀ စာအတွက် ဘတ်ငွေလေးသိန်း ( ၄၀၀၀၀၀ိ/ ဘတ်) ကို MFDMC ပြည်ပထောက်ပို့တပ်ဖွဲ့မှ လှူဒါန်းခဲ့ပြီး စနိုက်ပါအသစ်တစ်လက်
ရရှိခဲ့ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထိုသို့လှူဒါန်းမှူအတွက် မြန်မာ့ဖက်ဒရာယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် - MFDMC ၊ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော ထောက်/ပို့အဖွဲ့အစည်းများ၊ အလှူရှင်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တန်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။ S.O.F တပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ရာတွင် လတ်တလောမဖြစ်မနေလိုအပ်နေသည့် RPG၊ M79၊ sniper လက်နက်များကို အမြန်ဆုံးဖြည့်တင်း၍ အောင်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရေး အထူးအလေးပေးဆောင်ရွက်နေတယ်လို့လည်းအသိပေးဆိုပါတယ်။
========================
📌📌 ၆။ မန္တလေးမြို့မှာ ဖုန်းဆိုင်ကို အမျိုးသားနှစ်ဦး ပစ္စတိုသေနတ်နဲ့ချိန်းခြောက်၍ ဖုန်းအလုံး ၄၀ ကျော် အနုကြမ်းစီး လုယက်ယူဆောင်သွား
မန္တလေးမြို့မှာ ဖုန်းဆိုင်ကို အမျိုးသားနှစ်ဦး ပစ္စတိုသေနတ်နဲ့ချိန်းခြောက်၍ ဖုန်းအလုံး၄၀ ကျော် အနုကြမ်းစီး လုယက်ယူဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ ၃၀ ရက် ညနေ ၃ နာရီ ကျော်အချိန်မှာ အနုကြမ်းစီးသွားတာလို့ PRO 7 Brand New & Mobile Second Shopက လုပ်ငန်းလုပ်ကိုင်သူကဆိုထားပါတယ်။
"ကျနော်တို့ PRO 7 Brand New & Mobile Second Shop လမ်း 40 79× 80 မှာ အချိန် ၃ နာရီ ၁၈ မိနစ် အချိန်မှာ တစ်မိနစ်ကျော်ခန့်အချိန်အတွင်း ပစ္စတို အတို ဖြင့် အနုကြမ်းစီး သွားပါတယ်။ဖုန်းအလုံးရေ ၄၀ ကျော် အနုကြမ်းစီးခံလိုက်ရပါတယ်"လို့ဆိုထားပါတယ်။ အနုကြမ်းစီးသူများဟာ ဆိုင်ကယ် ၂ စီး လူ ၄ ယောက်လာရောက်ခဲ့ခြင်းဖြစ်ပြီးတော့ ဆိုင်ကယ်များဟာ လိုင်စင်နံပါတ်မပါဘူးလို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ သုံးလအတွင်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား တိုက်ပွဲပေါင်း (၁၂) ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၇) ဦးထိရှိ
သုံးလအတွင်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား တိုက်ပွဲပေါင်း (၁၂) ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၇) ဦးထိရှိတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ်က၂၀၂၂ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း တိုက်ပွဲသတင်းကိုအသိပေးဆိုပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာ(၃)လအတွင်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား တိုက်ပွဲပေါင်း (၁၂)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ(၁၅)ရက်နေ့မှစ၍ နိုဝင်ဘာ(၂၃)ရက်နေ့အထိ လေကြောင်းအသုံးပြုပြီး သာလွန်အင်အားဖြင့် အဆမတန်တိုက်ခိုက်ခံခဲ့ရပြီးတော့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၇)ဦးထိရှိခဲ့တယ်လို့ဖော်ပြပါတယ်။CNDF ဘက်မှ တိုက်ပွဲအတွင်း (၅)ဦး ဒဏ်ရာရရှိပြီး အကျဆုံးမရှိခဲ့ဘူးလို့ဆိုပူတယ်။
အကြမ်းဖက်စစ်ကောင်စီဖက်များမှ ပစ်ခတ်သောအမျိုးအမည်မသိမီးကျဉ်ပုံစံလက်နက်ကြီးကြောင့် သီးဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံးမီးလောင်ကျွမ်းခဲ့ပြီး ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူအမျိုးသားတစ်ဦးအားသတ်ဖြတ်ကာ စိတ်မနှံ့သူအမျိုးသမီးတစ်ဦး အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားပြီး နောက်ကျေးရွာအတွင်းသို့လက်နက်ကြီးများပစ်ခတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီး
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားပြီး နောက်ကျေးရွာအတွင်းသို့လက်နက်ကြီးများပစ်ခတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်မှာ ကေအဲန်ယူ−ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဘောကထာကျေးရွာအုပ်စု ဘောကထာကျေးရွာတွင် နိုဝင်ဘာလ (၂၇) ရက်နေ့ နေ့လည် (၂း၁၀) မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့( KNDO) တို့ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအားပစ်မှတ်ထားပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပါတယ်။ ထိုသို့ပစ်ခတ်မှုကြောင့် မဘီကြီးကျေးရွာအတွင်းရှိ နေအိမ် (၃) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း၊ မဘီလေးကျေးရွာတွင် ဆေးပေးခန်း (၁) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။ထို့အပြင် နိုင်ဝင်ဘာလ (၂၈) ရက်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များ၏ ခမရ-၂၀ မှ ကျောက်ကြီးမြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာမင်းလမ်းပိုင်းတွင် နေအိမ်(၁၇)လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး နိုဝင်ဘာလ (၂၉) ရက်နေ့မှာ ဘောကထာကျေးရွာရှိ နေအိမ် (၃) လုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ပါတယ်။
========================
📌📌 ၉။ ထီးလင်းမြို့နယ် လမ်းကြောင်းတစ်နေရာမှာဝါးများကို တရားမဝင်ထုတ်ယူနေကြောင်းစစ်ဆေးတွေ့ရှိ၍ NUG ၏ဒဏ်ရိုက်ခြင်းဆိုင်ရာလမ်းညွှန်ချက်အရဝါးတန်ဖိုး ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေးရိုက်
ထီးလင်းမြို့နယ် လမ်းကြောင်းတစ်နေရာမှာဝါးများကို တရားမဝင်ထုတ်ယူနေကြောင်းစစ်ဆေးတွေ့ရှိ၍ NUG ၏ဒဏ်ရိုက်ခြင်းဆိုင်ရာလမ်းညွှန်ချက်အရဝါးတန်ဖိုး ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေးရိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။နိုဝင်ဘာ၃၀ရက်မှာ ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)က အသိပေးဆိုပါတယ်။
"တရားမဝင်သစ်နဲ့ဝါးများ စီးဆင်းနေကြောင်း ပြည်သူများ၏သတင်းပေးချက်အရထီးလင်းမြို့နယ်တွင်းရှိ လမ်းကြောင်းတစ်နေရာတွင် ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)နှင့် ထီးလင်းမြို့နယ်ပြည်သူ့ရဲအဖွဲ့ ပူးပေါင်း၍ စစ်ဆေးရေးဂိတ်တစ်ခုဖွင့်လှစ်စစ်ဆေးခဲ့ရာနိုဝင်ဘာ၂၉ ရက်နေ့ တွင် ဝါးအလုံး (၅၀၀၀) တင်ဆောင်လာသော ကားတစ်စီးအား ဖမ်းဆီးရမိခဲ့တယ်"လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်များအရ အဆိုပါကားဟာ ထိုလမ်းကြောင်းကိုအသုံးပြု၍ ဂန့်ဂေါမြို့နယ်တွင်းမှဝါးများကို တရားမဝင်ထုတ်ယူနေသည်မှာ ဆယ့်ငါးခေါက်ခန့် ရှိပြီဖြစ်ကြောင်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံပေးဆောင်ရမည့် အခွန်စည်းမျဥ်းများအတိုင်းပေးဆောင်ထားခြင်းမျိုးမရှိပဲ "နီးစပ်ရာပကဖများ၊ဖြတ်သန်းရာလမ်းကြောင်းရှိ pdf ဂိတ်များ"ထံတွင်သာ ရန်ပုံငွေလှူဒါန်း၍ ဖြတ်သန်းခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ထီးလင်းမြို့နယ်ပြည်သူ့ရဲအဖွဲ့မှ အဆိုပါတရားမဝင် ဝါးထုတ်ယူမှု၏ ပိုင်ရှင်ဖြစ်သူအား NUG ၏ဒဏ်ရိုက်ခြင်းဆိုင်ရာလမ်းညွှန်ချက်အရ စုစုပေါင်းဝါးတန်ဖိုး၏ ၂၅%ဖြစ်သော (လေးသိန်းကျပ်တိတိ) ကိုဒဏ်ရိုက်ခဲ့ပြီး နောက်နောင်တွင် ယခုကဲ့သို့ပြည်သူပိုင်သယံဇာတများအားတရားမဝင် ထုတ်ယူသုံးစွဲခြင်းများ မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်း၍ ပြန်လွှတ်လိုက်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၁၀။ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို စကစတပ်များ (၆) ကြိမ်မြောက်မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို စကစတပ်များ (၆) ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"သင်တောရွာမှာ(၃)ညအိပ်ပြီးထွက်လာတဲ့စကစတပ်တွေက ဇော်ချောင်းရွာကိုဝင်ပြီးမနက်၁၁နာရီ၃၅အချိန်ကစပြီးဇော်ချောင်းရွာကို
(၆)ကြိမ်မြောက်မီးရှို့နေကြပါတယ်"လို့ဆိုပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့အထိုင် ခမရ ၃၆၃ စစ်ကြောင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၁။ ရွှေဘိုမြို့နယ်၊ညောင်ပင်သာရွာကို စစ်ကြောင်းထိုးတဲ့ စကစတပ်များ ကာကွယ်ရေးတပ်တွေဝိုင်းတိုက်လို့ အယောက် ၃၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို
ရွှေဘိုမြို့နယ်၊ညောင်ပင်သာရွာကို စစ်ကြောင်းထိုးတဲ့ စကစတပ်များ ကာကွယ်ရေးတပ်တွေဝိုင်းတိုက်လို့ အယောက် ၃၀ နီးပါးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလနောက်ဆုံးပတ်မှာ Black Dragon အဖွဲ့ကစစ်ရေးသတင်းကိုဖော်ပြအသိပေးပါတယ်။
"ရွှေဘိုမြို့နယ်၊ညောင်ပင်သာ စိုက်ပျိုးရေး စကစတပ်ခြံမှထွက်လာသော အင်အား ၁၀၀ခန့်ဟာ ညောင်ပင်သာရွာသို့ စစ်ကြောင်းထိုးကာ Black Dragon အဖွဲ့နှင့်အတူ SBDF ၊Tiger Force၊ ရွှေဘိုမြို့နယ် ပ.က.ဖ၊ Local PDF အဖွဲ့များစွာနှင့် တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
စကစတပ်များ အသေများ၍ လက်နက်ကြီး လက်နက်ငယ်များနှင့် အချက်ရေများစွာ တရစပ်ပစ်ခတ်ခဲ့ရာ Black Dragon အဖွဲ့မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး မဟာမိတ်အဖွဲ့ဖြစ်သော Dog Hunder အဖွဲ့မှလည်း ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့သတင်းရရှိပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်၂နာရီကျော်ကြာ၍ လက်နက်အင်အားမမျှသောကြောင့် ရဲဘော်များနောက်ဆုတ်ပေးခဲ့ရပြီးစကစတပ်များ ၃၀ ခန့် သေဆုံးတယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment