၂၀၂၂ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ (Transitional Constitution) ကိုချပြဖို့စိုင်းပြင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား
📌 ၂။ PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဗျူဟာမြောက်တပ်ဖြန့် နေရာယူထားနိုင်မှု ခရီးတစ်ခုရောက်ခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
📌 ၃။ လူမျိုး၊ ဘာသာယုံကြည်မှုတွေထက်လူပီသစွာခေါင်းမော့ ရပ်တည်နိုင်မှုက ပိုအရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းပြော
📌 ၄။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချမှတ်ခံရ
📌 ၅။ ဒီပဲယင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ မစိုးရိမ်ရွာကို မီးရှို့ဖျက်ဆီး
📌 ၆။ ကရင်နီဒေသ နန်းမယ်ခုံမြို့ တစ်ကျောစစ်ရေးတင်းမာနေ၍ အရပ်သားပြည်သူများ သတိပြုကြရန် KNDF အသိပေး
📌 ၇။ Yangon အမျိုးသမီးသပိတ် (တစ်နှစ်ပြည့်) ယုဇနပလာဇာလမ်းပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလူငယ်များလှုပ်ရှား
📌 ၈။ လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးဗုံးဖောက်ခွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ (Transitional Constitution) ကိုချပြဖို့စိုင်းပြင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား
နိုဝင်ဘာနောက်ဆုံးပတ် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ယာယီသမ္မတ ဒူဝါလရှီးလက (Transitional Constitution) ကိုချပြဖို့စိုင်းပြင်နေကြောင်းကိုအသိပေးပြောကြားခဲ့ပါတယ်။
"အထူးသဖြင့် TC ခေါ်တဲ့ (Transitional Constitution )ကိုချပြဖို့ တောက်လျှောက်စိုင်းပြင်းနေပါတယ်။ အဲ့ဒါကိုချပြပြီဆိုရင် ကျွန်တော်တို့ ရဲ့လမ်းပြမြေပုံကို ရှင်းရှင်းလင်းလင်း ကမ္ဘာကကော ပြည်သူတွေပါနားလည်ပြီးတော့ ကျွန်တော်တို့ လုပ်ငန်းဟာ ပိုပြီးတော့အရှိန်အဟုန်ရလာနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ ပြည်သူ့တော်လှန်ရေးအတွက် တစ်နှစ်မဟာဗျူဟာ စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဗျူဟာမြောက်တပ်ဖြန့် နေရာယူထားနိုင်မှု ခရီးတစ်ခုရောက်ခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဗျူဟာမြောက်တပ်ဖြန့် နေရာယူထားနိုင်မှုဟာ ခရီးတစ်ခုရောက်ခဲ့ပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က RFA ရဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှာဖွေရရှိသမျှ ရန်ပုံငွေ အဓိကအစိတ်အပိုင်းကို PDF တပ်မတော်လက်နက်တပ်ဆင်ရေးအတွက် အသုံးပြုတယ်ဆိုတာကိုလည်း အသိပေးထားပြီးသားဖြစ်ပါတယ်။ အခုဆိုရင် PDF တပ်မတော် အတိုင်းအတာတစ်ခုအထိ တစ်ဖက်မှာ လေ့ကျင့်မှုတွေ စုဖွဲ့မှုတွေ လက်နက်တပ်ဆင်မှုတွေ ဆောင်ရွက်ထားနိုင်ပြီ။ ဒါနဲ့ တွဲပြီးတော့ တပြိုင်နက် chain of command တည်ဆောက်မှုပေါ့။ ကွပ်ကဲမှု၊ ဒါကိုလည်း ကျွန်တော်တို့ အတိုင်းအတာတစ်ခုအထိ ခရီးရောက်ခဲ့ပြီ။ အရေးကြီးဆုံးကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဗျူဟာမြောက်တပ်ဖြန့် နေရာယူထားနိုင်မှုကလည်း ခရီးတစ်ခုကိုရောက်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်"လို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးရှိပြီးတော့ မြို့နယ်ပကဖပေါင်း ၂၅၀ ကျော်၊ မြို့ပြပြောက်ကျားနဲ့ LDF အဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိနေပြီဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများကို လက်ရှိမှာ မှတ်ပုံတင် ၍ အသိအမှတ်ပြု ပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ လူမျိုး၊ ဘာသာယုံကြည်မှုတွေထက်လူပီသစွာခေါင်းမော့ ရပ်တည်နိုင်မှုက ပိုအရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းပြော
လူမျိုး၊ ဘာသာယုံကြည်မှုတွေထက်လူပီသစွာခေါင်းမော့ ရပ်တည်နိုင်မှုက ပိုအရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကဒီဇင်ဘာ၁ရက်နေ့မှာ ဆိုလိုက်ပါတယ်။
"လူမျိုးတွေ ဘာသာယုံကြည်မှုတွေ နိုင်ငံတွေ၊ နိုင်ငံရေး အတွေးအခေါ် အယူအဆတွေ၊ မြေဧရိယာ ပိုင်ဆိုင်မှုတွေ ထက်လူပီသစွာခေါင်းမော့ ရပ်တည်နိုင်မှုက ပိုအရေးကြီးပါတယ်။ကျွန်တော် အသက် ၂၀ကျော်ကလည်း ယုံကြည်ခဲ့တယ်၊ ဒီချိန်ထိလည်း ယုံကြည်လျက်ပါပဲ"လို့ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားအများစုဟာ အလုပ်အကိုင်များဆုံးရှုံးခဲ့ပြီး စားဝတ်နေရေးအခက်အခဲများကြုံတွေ့ခဲ့ရပါတယ်။
========================
📌📌 ၄။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချမှတ်ခံရ
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချမှတ်ခံရတယ်လို့ ဒီဇင်ဘာ၁ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကအသိပေးဆိုပါတယ်။
"၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသော ဒဂုံတက္ကသိုလ်ကျောင်းသားများကို ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) တွင် အင်းစိန်ထောင် စစ်ခုံရုံးမှ ပုဒ်မ ၃၀၂ (က) ဖြင့် မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်လိုက်ပါတယ်"လို့ ဆိုထားပါတယ်။
သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသား ၇ ဦးမှာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး< ကိုခန့်လင်းမောင်မောင် တို့ဖြစ်ကြပါတယ်။ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၆) ဦးရှိပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ဒီပဲယင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ မစိုးရိမ်ရွာကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ဒီပဲယင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ မစိုးရိမ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီဇင်ဘာ၁ရက်မှာ စကစတပ်ရဲ့ စစ်ကြောင်း အခြေအနေကို local fighterssquad အဖွဲ့ကအသိပေးဆိုပါတယ်။ "ရေဦး တိုင်းရင်းဆေးရုံမှဒီပဲယင်းဘက်သို့ ထွက်လာသော စကစတပ်များ မစိုးရိမ်ရွာကို မီးရှို့တာတွေပြုလုပ်နေပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်စကစတပ်များဟာ ပြည်သူပိုင်နေအိမ်များမှ ဆန်အိတ်များ၊ဆီပုံးများကို ခိုးယူပြီး ကားလမ်းပေါ်တင်ထားတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကရင်နီဒေသ နန်းမယ်ခုံမြို့ တစ်ကျောစစ်ရေးတင်းမာနေ၍ အရပ်သားပြည်သူများ သတိပြုကြရန် KNDF အသိပေး
ကရင်နီဒေသ နန်းမယ်ခုံမြို့ တစ်ကျောစစ်ရေးတင်းမာနေ၍အရပ်သားပြည်သူများ သတိပြုကြရန် ဒီဇင်ဘာ၁ရက်နေ့မှာ KNDF B01 ကဆိုပါတယ်။
"ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ တစ်ကျောတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့ ကရင်နီပြည်ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေသည့် အခြေနေများရှိနေပါတယ်။ထိုအခြေနေများကြောင့် နန်းမယ်ခုံမြို့တစ်ကျော ကူးလူးသွားလာပြုလုပ်နေသော ပြည်သူများ၊ ဒေသခံများအနေဖြင့် စစ်ရေးအသိသတိရှိကြစေရန်"လို့ဆိုပါတယ်။ လတ်တစ်လော စစ်ရေးတင်းမာနေသည့် အခြေနေများကြောင့် လုံခြုံစိတ်ချရသည့်အခြေနေမရှိသော အချိန်ကာလအတွင်း သတိလက်လွတ် အသွားလာမပြုလုပ်ကြသေးရန် KNDF-B01 ကဆိုပါတယ်။
========================
📌📌 ၇။ Yangon အမျိုးသမီးသပိတ် (တစ်နှစ်ပြည့်) ယုဇနပလာဇာလမ်းပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလူငယ်များလှုပ်ရှား
Yangon အမျိုးသမီးသပိတ် (တစ်နှစ်ပြည့်) ယုဇနပလာဇာလမ်းပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလူငယ်များလှုပ်ရှားသပိတ်မှောက်ခဲ့ကြောင်းကို ဒီဇင်ဘာ ၁ ရက်နေ့မှာ Yangon Drone ကအသိပေးဖော်ပြပါတယ်။
"လုံခြုံရေးတင်းကြပ်ပြီး အရမ်းကြမ်းပါတယ်ဆိုတဲ့နေရာမှာ တာမွေ yuzana plaza လမ်းပေါ်က အမျိုးသမီးသပိတ်"လို့ဆိုခဲ့ပါတယ်။ အဆိုပါ Yangon အမျိုးသမီးသပိတ် (တစ်နှစ်ပြည့်)လှုပ်ရှားမှုမှာ အမျိုးသမီးငယ်များ ပူးပေါင်းပါဝင်ခဲ့ပြီး ပြည်သူများကလည်းအားပေးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ လူထုသပိတ်များကို ဖြိုခွဲ ဖမ်းဆီးမှုများရှိသော်လည်း ယနေ့ထက်ထိတိုင် ပြောက်ကျားသပိတ်များ လှုပ်ရှားနေဆဲဖြစ်ပါတယ်။
========================
📌📌 ၈။ လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးဗုံးဖောက်ခွဲ
ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၇ နာရီ ၃၀ အချိန်မှာနေပြည်တော် လယ်ဝေးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ဂိတ်တဲနားကို ဖောက်ခွဲခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော် (ပ.က.ဖ)ကဆိုပါတယ်။
"ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော် (ပ.က.ဖ)နှင့် ပျဥ်းမနား ပ.က.ဖ တို့မှ ပူးပေါင်း၍ဒီဇင်ဘာ၁ရက်နေ့မနက်၇နာရီ၃၀အချိန်လယ်ဝေးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ဂိတ်တဲနားတွင် အသံမိုင်းဖြင့် စစ်ကောင်စီနောက်လိုက်များအားမြှားခေါ်ကာ လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ဖို့ကြံရွယ်သော်လည်း အဓိကကျသောမိုင်းမှာ ပြည်သူများမှ ကောက်ယူသွားပါတယ်"လို့ဆိုပါတယ်။ အဆိုပါဖောက်ခွဲမှုမှာအသံမိုင်းသာလျှင် ပေါက်ကွဲခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ -(ပ.က.ဖ) နေပြည်တော်ကဆိုပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment