21st NOV 2022 - Evening Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအတွက် ပြည်သူများထည့်ဝင်မှုနဲ့တော်လှန်ရေး ရန်ပုံငွေများကို စနစ်တကျစီမံခန့်ခွဲ သုံးစွဲလျက်ရှိ

📌 ၂။ မင်းအောင်လှိုင်ကို လက်နက်ဝယ်ပေးတဲ့ ခရိုနီတွေရဲ့ နောက်ကြောင်းရာဇဝင်အားလုံးကို နိုင်ငံတကာကိုပေးပို့ထားတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို

📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးကို ဖြိုခွဲရန် နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး သတင်းစကားပါး

📌 ၄။ စစ်ကောင်စီရဲ့ လူမဆန်သော ဖမ်းဆီး၊ သတ်ဖြတ်မှုများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် ကလေးသူငယ် ပေါင်း (၂၄၂) ဦးကျော် သေကြေပျက်စီးခဲ့ရကာကလေး ထောင်ပေါင်းများစွာ ထိခိုက် နစ်နာ

📌 ၅။ ဖက်ဆစ်စစ်တပ်ဟာ သတင်းအတုတွေပစ်ပြီး တော်လှန်ရေးအင်အားစုများထံက သတင်းအမှန်ရရှိအောင် နည်းလမ်းပေါင်းစုံ အသုံးပြုနေတာလည်း သတိပြုသင့်တယ်လို့ NUG Press Secretary အသိပေးဆို

📌 ၆။ ကလေး-တမူး လမ်းပိုင်းမှာ အချိန်မရွေး နေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ လမ်းပိုင်းဆိုင်ရာကို အများပြည်သူ အသုံးပြုခြင်းမှ ရှောင်ရှားရန် သတိပေး

📌 ၇။ 96SOLDIER PDF ကျားဖြူတပ်ခွဲ၂တောင်ပိုင်းတိုင်းမှ ရဲဘော်အသစ်များခေါ်ယူနေ

📌 ၈။"မိုးခါးရေ"နောက်ဆုံးရုံတင်ပြသမှုပွဲစဥ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာပရိတ်သတ် ၄၀၀၀ ဆန့်ခန်းမ တခုနဲ့ပြသရန်စီစဥ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအတွက် ပြည်သူများထည့်ဝင်မှုနဲ့တော်လှန်ရေး ရန်ပုံငွေများကို စနစ်တကျစီမံခန့်ခွဲ သုံးစွဲလျက်ရှိ


နွေဦးတော်လှန်ရေးအတွက်ပြည်သူများထည့်ဝင်မှုနဲ့တော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ခန့်ရရှိထားပြီး စနစ်တကျစီမံခန့်ခွဲ သုံးစွဲလျက်ရှိတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံ့မှုဝန်ကြီး ဦးတင်ထွန်းနိုင်ကအသိပေးပြောပါတယ်။ နိုဝင်ဘာလအတွင်းကျင်းပတဲ့ "စီးပွားရေးစစ်မျက်နှာတိုက်ပွဲ" ဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲ "မှာ ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


"ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေရရှိရေးဟာလည်း မဖြစ်မနေ အရေးပါပါတယ်။ပြည်သူတွေရဲ့တော်လှန်ရေးအောင်စိတ်နဲ့ ယုံကြည်စွာထည့်ဝင်လိုက်ပါမှုကြောင့် ယနေ့အချိန်အထိ တော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ခန့်ရရှိထားပြီး စနစ်တကျစီမံခန့်ခွဲ သုံးစွဲလျက်ရှိကြောင်း အသိပေးတင်ပြလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ အထူးငွေတိုက်စာချုပ်များရောင်းရငွေနဲ့ EOD ရှယ်ယာများရောင်းရငွေများကို တော်လှန်ရေးအတွက် အသုံးပြုလျက်ရှိပြီးတော့ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိ သုံးစွဲလျက်ရှိနေပါတယ်။


========================


📌📌 ၂။ မင်းအောင်လှိုင်ကို လက်နက်ဝယ်ပေးတဲ့ ခရိုနီတွေရဲ့ နောက်ကြောင်းရာဇဝင်အားလုံးကို နိုင်ငံတကာကိုပေးပို့ထားတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို


နိုဝင်ဘာလအတွင်း ကျင်းပတဲ့ CDF-Matupi ရဲဘော်များအတွက် CDF-Matupi Fundraising Committee မှ ရန်ပုံငွေရှာဖွေခြင်း Live Charity Concert မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကအခုလိုပြောကြားလိုက်ပါတယ်။


"မင်းအောင်လှိုင် လက်နက်ဝယ်မယ်ဆို သူကိုယ်တိုင်ဝယ်လို့မရဘူး။ သူ့ကိုဝယ်ပေးတဲ့ခရိုနီတွေရှိတယ်။ ဒါတွေကို မြန်မာပြည်မှာရှိတဲ့ ခရိုနီတွေ အားလုံးနောက်ကြောင်းကို ကျနော်တို့ကလိုက်ထားပြီးဖြစ်တယ်။နိုင်ငံတကာကို ဒီအချက်အလက်တွေ ပို့ထားပြီးဖြစ်တယ်။အရေးယူဒဏ်ခတ် ပိတ်ဆို့တာတွေရှိတယ်။ဒါဟာလည်း လေယာဥ်ဗုံးကြဲခြင်းလျှော့သွားအောင် လုပ်နေခြင်းဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အောက်တိုဘာလအတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးဟာ  လူပုဂ္ဂိုလ် သုံးဦးဖြစ်သည့် (ဦး)အောင်မိုးမြင့်၊ (ဦး)လှိုင်မိုးမြင့်၊ (ဦး)မျိုးသစ္စာ နှင့်အတူ Dynasty International Company Limited တို့ကို မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းအတွက် ရုရှားထုတ်စစ်လက်နက်များကို ဘီလာရုစ်မှတဆင့် ဝယ်ယူပေးရာတွင် ၄င်းတို့၏ အခန်းကဏ္ဍအတွက်သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူဆောင်ရွက်ခဲ့ပါသေးတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးကို ဖြိုခွဲရန် နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး သတင်းစကားပါး


နိုဝင်ဘာလ ၂၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှာ ဝန်ကြီးက အခုလိုဆိုခဲ့ပါတယ်။


"စစ်ကောင်စီသည် တော်လှန်ရေး ဖြိုခွဲရန် နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းလာသဖြင့် အဖွဲ့ဝင်များ အချင်းချင်း စည်းလုံးညီညွတ်ကြရန် ဖြစ်ကြောင်း၊ တော်လှန်ရေး၏ အရေးကြီးဆုံးမှာ စည်းလုံးညီညွတ်ခြင်းနှင့် ပြည်သူလူထုအားလုံးပါဝင်မှုဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အထူးသတိပြု၍ ချိတ်ဆက်ဆောင်ရွက်သွားကြရန်နှင့် စီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်သွားရန်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် မြေပြင်ရှိ ပြည်သူများ၏ ကြုံ‌တွေ့နေရတဲ့ ခံစားမှုများကို တွေ့မြင်နေရပြီးတော်လှန်ရေးကို ပိုင်ပိုင်နိုင်နိုင်ဖြင့် အကောင် အထည်ဖော် ကျော်လွှားသွားရမယ်လို့ ဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။ အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ လူမဆန်သော ဖမ်းဆီး၊ သတ်ဖြတ်မှုများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် ကလေးသူငယ် ပေါင်း (၂၄၂) ဦးကျော် သေကြေပျက်စီးခဲ့ရကာကလေး ထောင်ပေါင်းများစွာ ထိခိုက် နစ်နာ


နိုဝင်ဘာ၂၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန တို့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။


"စစ်ကောင်စီရဲ့ လူမဆန်သော ဖမ်းဆီးမှုသတ်ဖြတ်မှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် ကလေးသူငယ် ပေါင်း (၂၄၂) ဦးကျော် သေကြေပျက်စီးခဲ့ရပြီး ကလေး ထောင်ပေါင်းများစွာ ထိခိုက် နှစ်နာမှုများရှိနေပါတယ်။ကလေးငယ်ပေါင်း (၃၇၂) ဦး ကျော် ကို မတရား ဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင် ဖြတ်သန်းနေရလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနမှနေ၍  ကလေးသူငယ်များအတွက် လုံခြုံစိတ်ချခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် လွတ်လပ်ငြိမ်းချမ်းစွာ စာသင်ကြားခွင့်များ များမကြာမှီ ပြန်လည်ရရှိနိုင်ရန် ပြည်သူများအားလုံး နှင့် အတူ အထူးကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။


========================


📌📌 ၅။ ဖက်ဆစ်စစ်တပ်ဟာ သတင်းအတုတွေပစ်ပြီး တော်လှန်ရေးအင်အားစုများထံက သတင်းအမှန်ရရှိအောင် နည်းလမ်းပေါင်းစုံ အသုံးပြုနေတာလည်း သတိပြုသင့်တယ်လို့ NUG Press Secretary အသိပေးဆို


ဖက်ဆစ်စစ်တပ်ဟာ သတင်းအတုတွေပစ်ပြီး တော်လှန်ရေးအင်အားစုများထံက သတင်းအမှန်ရရှိအောင် နည်းလမ်းပေါင်းစုံ အသုံးပြုနေတာလည်း သတိပြုသင့်တယ်လို့ NUG Press SSecretary ဦးနေဘုန်းလတ်က နိုဝင်ဘာလအတွင်းကျင်းပတဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုစကားဝိုင်းအစီအစဥ်မှာပြော ကြားခဲ့ပါတယ်။


"ဟိုဖက်က ကျနော်တို့ဆီက သတင်းအချက်အလက်ကို နည်းလမ်းပေါင်းစုံနဲ့ရဖို့ ကြိုးစားတဲ့အခါမှာ သတင်းအတုတွေ ပစ်ပစ်ပြီးတော့ သတင်းအမှန်တွေ ထွက်လာအောင် လုပ်တဲ့နည်းလမ်းလည်းသုံးတတ်တယ်။ဒါလည်း သတိထားစေချင်တယ်။တချိူ့ဟာတွေကြတော့လည်း သူတို့ကမမျှားပဲ ကိုယ်ကသတိမထားဘဲ အချက်အလက်တွေ တင်မိသွာစတတ်တယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်လူမှုကွန်ရက်ဆိုရှယ်မီဒီယာအသုံးပြုရာမှာ တော်လှန်ရေးအင်အားစုများအနေနဲ့ ဖုန်းနံပါတ်၊နေရပ်လိပ်စာတို့ကို အလွယ်တကူ ပေးပို့ခြင်းမပြုရန်လည်း အရေးကြီးတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ကလေး-တမူး လမ်းပိုင်းမှာ အချိန်မရွေး နေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ လမ်းပိုင်းဆိုင်ရာကို အများပြည်သူ အသုံးပြုခြင်းမှ ရှောင်ရှားရန် သတိပေး


စစ်ကိုင်းတိုင်းကလေး-တမူး လမ်းပိုင်းမှာ အချိန်မရွေး နေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ လမ်းပိုင်းဆိုင်ရာကို အများပြည်သူ အသုံးပြုခြင်းမှ ရှောင်ရှားရန် နိုဝင်ဘာ၂၁ ရက်မှာ rangerkalay defend force ကတရားဝင်သတိပေးကြေညာပါတယ်။


"ကလေး-တမူး လမ်းပိုင်းမှာ အချိန်မရွေး နေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် မသွားအလာ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် သတိပေးအပ်ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ စစ်ကိုင်းတိုင်းကိုနယ်မြေစိုးမိုးမှုရရှိရန် အင်အားအလွန်အကျွံ အသုံးပြုကာ မြေပြင် ဝေဟင် စစ်ဆင်ရေးများကို ဆင်နွှဲလျက်ရှိနေပါတယ်။


========================


📌📌 ၇။ 96SOLDIER PDF ကျားဖြူတပ်ခွဲ၂တောင်ပိုင်းတိုင်းမှ ရဲဘော်အသစ်များခေါ်ယူနေ


96SOLDIER PDF ကျားဖြူတပ်ခွဲ၂တောင်ပိုင်းတိုင်းမှ ရဲဘော်အသစ်များခေါ်ယူနေတယ်လို့နိုဝင်ဘာလအတွင်းမှာ 96SOLDIER PDF ကျားဖြူတပ်ခွဲ တောင်ပိုင်းတိုင်းကအသိပေးဆိုပါတယ်။


"စစ်အာဏာရှင်ကို တိုက်ထုတ်ရန်အတွက် ရဲဘော်အသစ်များအား အလိုရှိပါတယ်။ မိမိတို့အနေနှင့် စစ်အာဏာရှင်ကို မြစ်ပြတ် ချေမှုန်းရေးအတွက် ပါဝင်ရန် ဆန္ဒရှိသူများ ကိုဖိတ်ကြားအပ်ပါတယ်"လို့ဆိုပါတယ်။ ရဲဘော်သစ်ခေါ်ယူရာမှာလူဦးရေအကန့်အသတ်ရှိပြီးအမှန်တကယ် အမိန့်နာခံသူများကိုသာ စီစစ်ရွေးချယ်မယ်လို့ဆိုထားပါတယ်။ 96SOLDIERPDF ကျားဖြူတပ်ခွဲ တောင်ပိုင်းတိုင်းဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၈။"မိုးခါးရေ"နောက်ဆုံးရုံတင်ပြသမှုပွဲစဥ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာပရိတ်သတ် ၄၀၀၀ ဆန့်ခန်းမ တခုနဲ့ပြသရန်စီစဥ်နေ


မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်း "နောက်ဆုံးရုံတင်ပြသမှုပွဲစဥ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာပရိတ်သတ်  ၄၀၀၀ ဆန့်ခန်းမ တခုနဲ့ပြသရန်စီစဥ်နေတယ်လို့ နိုဝင်ဘာနောက်ဆုံးပတ်မှာ မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဖော်ပြပါတယ်။


"ဒီ တစ်ပတ်လည်း နိုင်ငံ နိုင်ငံ (US,UK,Japan, Norway) ပွဲစဥ်  ပွဲပရိတ်သတ်တွေနဲ့ မရပ်မနား တွေ့ရပါဦးမယ်။ပရိတ်သတ်တွေရဲ့ ဆက်လက်တောင်းဆိုမှူကြောင့်ရုံတင် ပြသမှူကို ဒီဇင်ဘာ ၁၁ ရက်နေ့အထိတိုးမြှင့်ပေးထားရပါတယ်။မိုးခါးရေ"နောက်ဆုံးရုံတင်ပြသမှုပွဲစဥ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာပြုလုပ်မှာ ဖြစ်ပြီး ပရိတ်သတ် ၄၀၀၀ ဆန့်ခန်းမ တခုမှာ ပြုလုပ်ဖို့ စီစဥ်နေပါပြီ"လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment