26th NOV 2022 - Evening Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်သိန်းနီးပါးကို ငွေကြေးထောက်ပံ့မှုများပေးအပ်နိုင်ခဲ့

📌 ၂။ အမျိုးသမီးနဲ့ကလေးသူငယ်တွေကို လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ အကာအကွယ်ပေးဖို့လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြားလိုက်

📌 ၃။ ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရန် ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာ လှလှစိုးတိုက်တွန်း

📌 ၄။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာနွေဦးတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် နွေဦးတော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲကျင်းပ

📌 ၅။ "အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်) -M2W" အတွက် ၁၀ ရက်တာ 'တော်လှန်ပြည်သူ ထောက်ပို့ကူ Campaign' စတင်

📌 ၆။ မုံရွာမှထွက်လာသော အကြမ်းဖက်စစ်တပ်ကားကို ဝေဟင်မှ ပဒေသာမိုင်းသုံးလုံးဖောက်ခွဲ ကြဲချရာ အယောက်နှစ်ဆယ်ကျော်သေဆုံး

📌 ၇။ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းနှင့်ဂွင်းပင်တောကြားမှာ စကစတပ်ဖွဲ့ယာဥ်တန်းမိုင်းထိ၍ သုံးဦးသေဆုံး

📌 ၈။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်တဲ့ စကစတပ်များက စိတ်ကျန်းမာရေးချို့တဲ့သူကိုပါ ပစ်ခတ် သတ်ဖြတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်သိန်းနီးပါးကို ငွေကြေးထောက်ပံ့မှုများပေးအပ်နိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်သိန်းနီးပါးကို ငွေကြေးထောက်ပံ့မှုများပေးအပ်နိုင်ခဲ့တဲ့အကြောင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့ ကျင်းပသော ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းပြသတဲ့ " ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း" အစီအစဉ်မှာယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာဖြစ်ပါတယ်။


"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ် နယ်မြေတည်ငြိမ်မှုမရှိတဲ့ဒေသက ကိုယ်ဝန်ဆောင် ၅၀၀၀၀ ကျော်ကို ငွေကြေးထောက်ပံ့မှုများပေးခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်အထိ ကိုယ်ဝန်ဆောင် ၄၅၀၀၀ ကိုထပ်မံ ထောက်ပံ့ခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်အုပ်စုရန်ကိုကြောက်၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူတစ်သန်းကျော်တွင် အများစုမှာ အမျိုးသမီးနဒ့ကလေးသူငယ်များဖြစ်ပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်းပါရှိနေတယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အမျိုးသမီးနဲ့ကလေးသူငယ်တွေကို လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ အကာအကွယ်ပေးဖို့လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြားလိုက်


နိုဝင်ဘာ ၂၆ ရက်ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်စေရေးအတွက် တိုက်တွန်းနှိုးဆော်ချက်မှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"အမျိုးသမီးနဲ့ကလေးသူငယ်တွေကို လူ့အဖွဲ့အစည်းတစ်ခုလုံးမှာလည်းအကာအကွယ်ပေးဖို့လိုပါတယ်။တကယ်တော့ ဒီအကြမ်းဖက်ခံရမှုတွေဟာအိမ်မှာလည်းဖြစ်တယ်။ရပ်ကွက်ထဲမှာလည်းဖြစ်တယ်။လူ့အဖွဲ့အဖွဲ့စည်းတိုင်းမှာ ဖြစ်တယ်။နေရာတိုင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေဟာ အကြမ်းဖက်မှုတွေကို ခံနေကြရပါတယ်။ဥပဒေတွေပြဌာန်းပြီးကာကွယ်ရုံနဲ့မလုံလောက်ပါဘူး။ကျနော်တို့ကိုယ်တိုင် က အမျိုးသမီးနဲ့ကလေးသူငယ်တွေကို ကာကွယ်ရမယ်ဆိုတာ စွဲစွဲ မြဲမြဲလက်ခံပြီးတော့ လက်တွေ့ကျကျကာကွယ်ဖို့လိုပါတယ်"လို့ဆိုပါတယ်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့အထိ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး ၂၇၁ဦးရှိခဲ့ပါတယ်။ ယခုနှစ် အမျိုးသမီးနဲ့ကလေးသူငယ်များကာကွယ်ရန် ဆောင်ပုဒ်မှာ"အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ အားလုံးစုစည်းလုပ်ဆောင်စို့"ဟူ၍ ဖြစ်ပါတယ်။


========================


📌📌 ၃။ ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရန် ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာ လှလှစိုးတိုက်တွန်း


"အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဆန့်ကျင်တဲ့ ဖဲကြိုးဖြူကမ်ပိန်းမှာ ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရန် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာ လှလှစိုးက တိုက်တွန်းလိုက်ပါတယ်။


"ကျွန်မတို့ မြန်မာနိုင်ငံဟာဆိုရင် ဖက်ဆစ်စစ်တပ်ရဲ့မတရားအာဏာလု အုပ်ချုပ်မှုကို ခံခဲ့ရတာ () နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်ချုပ်ရေးအတွင်းမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်ပေါင်းများစွာ ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ဖို့၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့အတွက်ဆိုရင် ကျွန်မတို့ လူမှုအဖွဲ့အစည်းထဲမှာ ပါဝင်သူတွေ အားလုံးမှာတာဝန်ရှိပါတယ်။ အတူတကွစုစည်းလုပ်ဆောင်ကြမှသာလျှင် ဒီလို ဂျန်‌ဒါအခြေပြုအကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်တဲ့ ဒီကမ်ပိန်းမှာ  သင်လည်း ပါဝင်နိုင်ပါတယ်"လို့ဆိုပါတယ်။


ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပမြဲဖြစ်တဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းပြသမယ့် "၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း" အစီအစဉ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။


ကမ်ပိန်းတွင်ပါဝင်လိုသူများအနေနဲ့

- ရင်ဘတ်တွင် ဖဲကြိုးဖြူတပ်ဆင်ပါ

- လက်သုံးချောင်းထောင်ပါ

- ဓာတ်ပုံရိုက်ပါ

- ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံကို "အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ အားလုံးစုစည်းလုပ်ဆောင်စို့"စာသား၊ hashtags များနှင့်တကွ တင်ရန်တို့ဖြစ်ပါတယ်။


========================


📌📌 ၄။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာနွေဦးတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် နွေဦးတော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲကျင်းပ


နိုဝင်ဘာ ၂၆ ရက်မှာ နွေဦးတော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲကို သြစတြေးလျနိုင်ငံမှာ ကျင်းပခဲ့ပြီးတော့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကတက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။


"မင်းအောင်လှိုင်ကို တိုက်ဖို့ မွန်ပြည်နယ် ရေးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တို့အတွက်ရန်ပုံငွေ စျေးရောင်းပွဲမှာ မော်လမြိုင်သားကအားပေးစကားပြောဖြစ်တဲ့နေ့၊ဆစ်ဒနီက အင်အားစုများအတွက် ဂုဏ်ယူရတဲ့နေ့. မကဒတရဲဘော်ရဲမေများနဲ့ ပြန်စကားပြောရလို့ ကြည်နူးတဲ့နေ့၊တိုက်ပွဲအတွက် ပိုခွန်အားဖြစ်ရတဲ့နေ့"လို့ လူ့အခွင့်ရေးရာဝန်ကြီးကလည်း ပြောကြားထားပါတယ်။


မွန်ပြည်နယ်၊ ရေးခရိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် တို့တွင် နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုအကူညီများ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရန်ပုံငွေဈေးရောင်းပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ရန်ပုံငွေဈေးရောင်းပွဲမှာ ဆိုင်ခန်းပေါင်း ၃၀ ကျော် ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။


========================


📌📌 ၅။ "အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်) -M2W" အတွက် ၁၀ ရက်တာ 'တော်လှန်ပြည်သူ ထောက်ပို့ကူ Campaign' စတင်


နိုဝင်ဘာ ၂၆ ရက်မှာ CRPH - OFP ကအခုလိုအသိပေးဆိုလိုက်ပါတယ်။ "OFP fundraiser Ko Phyo ရဲ့ လစဉ်ပြုလုပ်နေကြဖြစ်တဲ့ ၁၀ ရက်တာ 'တော်လှန်ပြည်သူ ထောက်ပို့ကူ Campaign' လေးမှာ  ဒီလမှာတော့ "အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W" ကို ထောက်ပို့သွားမှာ ဖြစ်ပါတယ်။စစ်တပ်ရဲ့ဖိနှိပ်ခြင်းခံနေရတဲ့ အညာဒေသ မြောင်နယ်က အမျိုးသမီးဖိုက်တာတွေချည်းဖွဲ့စည်းထားတဲ့ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ကို လက်သံပြောင်ပြောင်နဲ့ တိုက်ခိုက်နေသလို စစ်ရေးလှုပ်ရှားမှုများအတွက် လိုအပ်တဲ့အရာတွေကိုလည်း ထုတ်လုပ်ရေးလုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထောက်ပို့ကမ်ပိန်းကို နိုဝင်ဘာလ (၂၅) ရက်နေ့ကနေ ဒီဇင်ဘာလ ()ရက်နေ့အထိ Messenger ကနေ ဆက်သွယ်စာရင်းပေးနိုင်ပြီးမြန်မာကျပ်၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်း၊ NUGPay တို့နဲ့ အလွယ်တကူငွေလွှဲနိုင်ပါတယ်။ ထို့အပြင် ပါဝင်ကြသူတစ်ဦးချင်းစီကိုလည်း M2W ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေပြန်လည်ပေးပို့သွားမှာဖြစ်ပြီးတော့ ထောက်ပို့ပေးအပ်လိုသူများအနေနဲ့CRPH - OFP Facebook Page Messenger ကနေ ဆက်သွယ်ပါဝင်နိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ မုံရွာမှထွက်လာသော အကြမ်းဖက်စစ်တပ်ကားကို ဝေဟင်မှ ပဒေသာမိုင်းသုံးလုံးဖောက်ခွဲ ကြဲချရာ အယောက်နှစ်ဆယ်ကျော်သေဆုံး


စစ်ကိုင်းတိုင်း မုံရွာမှထွက်လာသော အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ကားကို ဝေဟင်မှ ပဒေသာမိုင်းသုံးလုံးဖောက်ခွဲ ကြဲချရာ အယောက်နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ နိုဝင်ဘာ၂၆ရက် မနက်ပိုင်းမှာ စစ်ရေးသတင်းကို Brave Heart Army(BHA) ကအတည်ပြုဆိုပါတယ်။


"ကျွန်တော်တို့ Brave Heart Army(BHA) ဟာ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်း မုံရွာမှထွက်လာသောအင်အား၃၀ပါစစ်ကားတစ်စီးအားမုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာ၌ M-18(claymore mine) ပဒေသာသုံးလုံးဖြင့်ပထမအကြိမ်ဝေဟင်ပေါ်မှ‌ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ယာဥ်ပေါ်ပါ စကစတပ်အယောက်၃၀တွင် ၂၃ ဦးမှာ သေဆုံးခဲ့ပြီး ၇ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။


========================


📌📌 ၇။ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းနှင့်ဂွင်းပင်တောကြားမှာ စကစတပ်ဖွဲ့ယာဥ်တန်းမိုင်းထိ၍ သုံးဦးသေဆုံး


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းနှင့်ဂွင်းပင်တောကြားမှာ စကစတပ်ဖွဲ့ ယာဥ်တန်းမိုင်းထိ၍ သုံးဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၆ ရက်မှာ စစ်ရေးသတင်းကိုမြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ကအတည်ပြုဆိုပါတယ်။


"နိုဝင်ဘာ ၂၅ ရက် ညနေအချိန်စစ်ကိုင်းမှထွက်လာသောစစ်ကား ၁၁ စီးထဲမှ အရင်ထွက်လာသော ကား စီးကို ဘိုးမင်းကြီးကင်းနှင့်ဂွင်းပင်တောကြားမှာပထမအကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။စကစတပ်ဖွဲ့ဝင် ဦးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။


ဒုတိယ တစ်ကြိမ် ဂွင်းပင်တောနှင့်ရေပိုးစားကြားတွင်အညာထန်သီးထပ်မံကျွေးမွေးခဲ့ပြီး ထိခိုက် အသေအပျောက်စာရင်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင်ပူးပေါင်းပါ၀င်ခဲ့သောမဟာမိတ်များမှာမြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ဒီမိုပျောက်ကြားတပ်ဖွဲ့၊ကျောက်ဆည်ခရိုင်ရင်း တို့ပူပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၈။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်တဲ့ စကစတပ်များက စိတ်ကျန်းမာရေးချို့တဲ့သူကိုပါ ပစ်ခတ် သတ်ဖြတ်


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်တဲ့ စကစတပ်များက စိတ်ကျန်းမာရေးချို့တဲ့သူကိုပါ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၆ ရက်မှာ   ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကအတည်ပြုဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၃၀ ခန့်ဟာ နိုဝင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တချို့ကို ဖျက်ဆီးပြီး ရွာခံတွေကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် အမျိုးသား ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပစ်ခတ်သတ်ဖြတ်ခံရသူမှာ စိတ်ကျန်းမာရေးချို့တဲ့သည့်အပြင် မသန်စွမ်းသူတစ်ဦးလည်းဖြစ်သည့် အသက် ၂၀ ကျော်အရွယ် မောင်သိန်းလွင်နှင့် အသက် ၄၀ ခန့်ရှိ ဦးကျော်စိုးတို့ ဖြစ်ကြတယ်လို့ဖော်ပြပါတယ်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားများဟာ ရွာထဲရှိ နေအိမ်တွေက ပိုက်ဆံနဲ့ တန်ဖိုးရှိပစ္စည်းတချို့အပြင် ရွာခံတွေရဲ့ ဆိုင်ကယ် စီးကိုလည်း မတရားယူဆောင်သွားခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment