၂၀၂၂ နိုဝင်ဘာလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယအတွက် ပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ ဆုမွန်ကောင်းတောင်းပေးခဲ့
📌 ၂။ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်
📌 ၃။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် ဒေးဗစ်ဂွမ်အောင်အားခန့်အပ်တာဝန်ပေး
📌 ၄။ စစ်ကောင်စီတပ်က ကျန်ရှိသော တပ်ဖွဲ့ဝင်များ လူထုနဲ့အတူ တိုက်ပွဲဝင်ဖို့ ထွက်လာကြရန် ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း
📌 ၅။ ပြည်သူထံ အလင်းဝင်လာမယ့် စကစတပ်နဲ့ ရဲများ လက်နက်တစ်လက်ကို သိန်းငါးဆယ်အထိ ပေးအပ်ချီးမြှင့်မယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာ
📌 ၆။ အစုရှယ်ယာ တစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ရောင်းချနေတဲ့ ရန်ကုန် ၆ မိုင်ခွဲက မင်းအောင်လှိုင်ရဲ့ InyaView အိမ်နဲ့ခြံ ရှယ်ယာများ ဝယ်ယူလို့ရသေးတယ်လို့ဆို
📌 ၇။ နွေဦးလက်ဖက်ရည်ဝိုင်းရန်ပုံငွေရှာဖွေပွဲမှ အမေရိကန်ဒေါ်လာ ၁၈,၀၀၀ ကျော်ရရှိ
📌 ၈။ NUGPay ရဲ့ Live Chat မှ တဆင့် USDT ဒစ်ဂျစ်တယ်ငွေကြေးနဲ့ top up ဖြည့်လို့ ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယအတွက် ပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ ဆုမွန်ကောင်းတောင်းပေးခဲ့
နိုဝင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များက တန်ဆောင်မုန်းလပြည့်နေ့ အခါသမယအတွက် လူမှုကွန်ရက် စာမျက်နှာများမှာ ရေးသားဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
"တန်ဆောင်မုန်းလပြည့်နေ့ အခါသမယသည် ဗုဒ္ဓဘာသာဝင်တို့ ကုသိုလ်ကောင်းမှုပြုလုပ်ရာနေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက အဇာတသတ်မင်းအား သာမညဖလသုတ္တန်ကို ဟောတော်မူ၍ အသိတရားရစေခဲ့သော သာမညဖလအခါတော်နေ့လည်းဖြစ်ပါသည်။ ဤသို့သောရက်မြတ်အခါကာလတွင် ရပ်ဝေးရပ်နီးရှိဗုဒ္ဓဘာသာဝင်အပေါင်းတို့ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေ။ တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာပြည်သူပြည်သားများ ဆီမီးထွန်းညှိပူဇော်ကြသကဲ့သို့ ငြိမ်းချမ်းသာယာခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်၏ အလင်းရောင်များသည်လည်းမြန်မာနိုင်ငံတွင် အမြန်ဆုံး ထွန်းလင်းတောက်ပ လာနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။
အလားတူ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ယခုလို ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ "တန်ဆောင်မုန်းလပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းရှင်းစွာဖြင့် သီလတည်ဆောက်နိုင်ကြပါစေ။ မတရားမှုအစုံစုံကို တွန်းလှန်နိုင်သော ခွန်အားများ ပြည့်ဝနိုင်ကြပါစေ"လို့ ဆိုထားပါတယ်။
========================
📌📌 ၂။ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်
ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ နိုဝင်ဘာ၇ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။ "လောလောဆယ်တော့ ကချင်ဒေသ ထိုးစစ်ပြင်းနေတယ်။မနေ့က မိုင်ဂျာယန် မှာ အမြောက်နဲ့ထုခံရတယ်။လတ်တလော ဒေသခံတွေနဲ့ ချက်ပြုတ်ပြီး ရှေ့တန်းပို့ပေးနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အဆိုပါ ကချင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်သို့ NUG Payမှ ထောက်ပံ့ငွေများနဲ့ ထောက်ပို့ပေးနေတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်နယ်မြေဖြစ်သော မိုင်ဂျာယန်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး သုံးကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၃။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် ဒေးဗစ်ဂွမ်အောင်အားခန့်အပ်တာဝန်ပေး
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် ဒေးဗစ်ဂွမ်အောင်အားခန့်အပ်တာဝန်ပေးလိုက်တယ်လို့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ကြေညာချက်အမှတ် (၂/၂၀၂၂) နဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုကဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကိုကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဒေးဗစ်ဂွမ်အောင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုဝန်ကြီးနေရာကိုလည်းဒေါက်တာငိုင်းတမ်မောင်းကို ခန့်အပ်ခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီတပ်က ကျန်ရှိသော တပ်ဖွဲ့ဝင်များ လူထုနဲ့အတူ တိုက်ပွဲဝင်ဖို့ ထွက်လာကြရန် ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း
နိုဝင်ဘာလ ၆ ရက်ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ်မှာအမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က အခုလိုဆိုခဲ့ပါတယ်။
"CDMလုပ်ဖို့ အများကြီး အချိန်ယူပြင်ဆင်ရတယ်ဆိုတာ သိလိုက်ရတော့ ဂုဏ်လည်းဂုဏ်ယူပါတယ်။လေးလည်းလေးစားပါတယ်။ ကျမကတော့ သူတို့တွေ အမြန်ဆုံး ရုန်းထွက်လာပြီးတော့ လူထုနဲ့အတူတိုက်ပွဲဝင်ဖို့ပေါ့။အနည်းဆုံး ကိုယ့်အတွက်ကိုယ် တိုက်ပွဲဝင်ဖို့ပြောချင်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အလင်းဝင်ခိုလှုံလာတဲ့ စကစတပ်များ လက်နက်နဲ့အတူပါရှိလာပါက ချီးမြှင့်ငွေ သိန်း၃၀မှ သိန်း ၆၀ အထိ ပေးအပ်ကာ လွတ်မြောက်နယ်မြေ များဆီသို့ပို့ဆောင်ပေးလျက်ရှိပါတယ်။
========================
📌📌 ၅။ ပြည်သူထံ အလင်းဝင်လာမယ့် စကစတပ်နဲ့ ရဲများ လက်နက်တစ်လက်ကို သိန်းငါးဆယ်အထိ ပေးအပ်ချီးမြှင့်မယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာ
ပြည်သူထံ အလင်းဝင်လာမယ့် စကစတပ်နဲ့ ရဲများ လက်နက်တစ်လက်ကို သိန်းငါးဆယ်အထိ ပေးအပ်ချီးမြှင့်မယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ၇ရက်နေ့မှာ အလင်းဝင် ရောက်လိုသော စကစ တပ်သားများကို ရည်ရွယ်၍ အသိပေးကြေညာခဲ့ပါတယ်။
"အကြမ်းဖက်သမား မင်းအောင်လှိုင်၏လုပ်ရပ်များကို ဆန့်ကျင်ပြီး ပြည်သူများရှေ့မောက် အလင်းဝင်ရောက်လိုကြသော စကစ တပ်သားများအား ပြည်သူ့တော်လှန်ရေးအဖွဲ့များက ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထို့ကြောင့် စကစတပ်/ရဲတပ်သား (CDM) များအနေနှင့် လက်နက်ငယ် MA 1,MA 2 စတဲ့လက်နက်ငယ်များနှင့် အတူအလင်းဝင်ရောက်လာပါက လက်နက် တစ်လက်ကို (သိန်းငါးဆယ်)ကျပ် နှင့် အခြားဆက်စပ် လက်နက်ကိရိယာ များအတွက်လည်း ထိုက်တန်စွာ ဆုကြေးများချီးမြှင့်ပေးသွားမယ်လို့ဆိုပါတယ်။ သို့ဖြင့်၍ စကစတပ်/ရဲ များအနေနှင့် အလင်းဝင်ရောက်လိုပါက ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဤ Page , Messenger သို့ အရင်ဆုံး ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ အစုရှယ်ယာ တစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ရောင်းချနေတဲ့ ရန်ကုန် ၆ မိုင်ခွဲက မင်းအောင်လှိုင်ရဲ့ InyaView အိမ်နဲ့ခြံ ရှယ်ယာများ ဝယ်ယူလို့ရသေးတယ်လို့ဆို
နိုဝင်ဘာ ၇ ရက်နေ့မှာ EOD ရှယ်ယာရောင်းချရေးအဖွဲ့က အခုလိုအသိပေးဖော်ပြပါတယ်။ “EOD ရဲ့ InyaView@6.5Mile”အစုရှယ်ရာ တစ်စုကို USD 100 နဲ့ ရောင်းချနေတဲ့ ရန်ကုန် ၆ မိုင်ခွဲက မင်းအောင်လှိုင် မတရား သိမ်းယူထားတဲ့ အိမ်နဲ့ခြံရဲ့ ရှယ်ယာတွေ ဝယ်ယူနိုင်ပါသေးတယ်"လို့ဆိုပါတယ်။
အဆိုပါ အကြမ်းဖက် ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဒုတိယမြောက်နေအိမ်နဲ့ခြံဒေါ်လာ ၇ သန်းဖိုး အစုရှယ်ရာ ၇ သောင်းကို ၂၀၂၂ ခုနှစ်ဩဂုတ်လ၁၇ရက်မှ စတင်ရောင်းချခဲ့ရာ ဒေါ်လာ ၃.၆ သန်းကျော်ဖိုး ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။ EOD ရှယ်ယာများကို ဝယ်ယူလိုပါက EOD Official page မှာ ကြေညာထားတဲ့ EOD နိုင်ငံတကာက အရောင်းကိုယ်စားလှယ်များ (EOD Agent) များနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
========================
📌📌 ၇။ နွေဦးလက်ဖက်ရည်ဝိုင်းရန်ပုံငွေရှာဖွေပွဲမှ အမေရိကန်ဒေါ်လာ ၁၈,၀၀၀ ကျော်ရရှိ
Local PDF တွေနဲ့ စစ်ဘေးရှောင်တွေ လှူဒါန်းမယ့် နွေဦးလက်ဖက်ရည်ဝိုင်းရန်ပုံငွေရှာဖွေပွဲမှ အမေရိကန်ဒေါ်လာ ၁၈၀၀၀ ကျော်ရရှိတယ်လို့သတင်းရရှိပါတယ်။ အမေရိကန်နိုင်ငံမှာ လစဉ် ကျင်းပနေကြ နွေဦးလက်ဖက်ရည်ဝိုင်းရန်ပုံငွေရှာဖွေပွဲကို နိုဝင်ဘာလအတွင်း ကျင်းပခဲ့ပါတယ်။ အဆိုပါ ရန်ပုံငွေရှာဖွေပွဲမှာ အဓိက အစားအသောက်များကို ချက်ပြုတ်ရောင်းချခဲ့ပြီး နိုဝင်ဘာ၆ရက်နေ့မှာ ရောင်းရငွေနဲအလှူရှင်များအလှူငွေ စုစုပေါင်း $(18,111) ရရှိခဲ့ပါတယ်။
"အစားအစာ အလှူရှင်များ၊ငွေသားအလှူရှင်များ၊ဝယ်ယူအားပေးသူများ၊ကူညီ လုပ်အားပေးသူများ၊ ကူညီ ရောင်းချပေးသော မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်"လို့ ပွဲစီစဥ်ရေးအဖွဲ့ကလည်းဆိုပါတယ်။ အဆိုပါ ရန်ပုံငွေရှာဖွေပွဲမှ ရရှိငွေများကို Local PDF တွေနဲ့ စစ်ဘေးရှောင် ပြည်သူများထံ အရောက်လှူဒါန်းမယ်လို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၈။ NUGPay ရဲ့ Live Chat မှ တဆင့် USDT ဒစ်ဂျစ်တယ်ငွေကြေးနဲ့ top up ဖြည့်လို့ ရ
NUGPay ရဲ့ Live Chat မှ တဆင့် USDT ဒစ်ဂျစ်တယ်ငွေကြေးနဲ့ top up ဖြည့်လို့ ရပြီလို့နိုဝင်ဘာ၇ရက်မှာ NUG Pay ကနေ အသိပေးဖော်ပြပါတယ်။
"NUGPay ရဲ့ Live Chat မှ တဆင့် USDT ဒစ်ဂျစ်တယ်ငွေကြေးနဲ့ top up ဖြည့်လို့ ရပါပြီ။Top Up အား BSC-BEP20 Network မှတဆင့် ပြုလုပ်ရမည် ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော USDT ငွေကြေး တစ်ခုတည်း ဖြင့်သာ လက်ခံပါတယ်"လို့ဆိုထားပါတယ်။ USDT နဲ့ top up ဖြည့်ဖို့ https://nugpay.app မှာ ဆက်သွယ်မေးမြန်းနိုင်ပြီးTop up ပမာဏ အား ကန့်သတ်ထားခြင်းမရှိသော်လည်း USDT ဖြင့် ငွေပြန်ထုတ်ခြင်း (Cash Out) ပမာဏ သတ်မှတ်ချက်ရှိတယ်လို့သိရပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment