12th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဆီယံ - အီးယူ  ခေါင်းဆောင်တွေရဲ့ ထိပ်သီအစည်းအဝေးတွင်မြန်မာ့အရေးကိုဆက်လက်ဆွေးနွေးဖွယ်ရှိ

📌 ၂။ စစ်တပ်ဂျက်လေယာဉ်ဆီတင်သွင်းသူတွေ နဲ့ စစ်လက်နက်ပွဲစားတွေကို ကနေဒါက အရေးယူဒဏ်ခတ်တဲ့အပေါ်  JFM ကြိုဆိုလိုက်တဲ့သတင်း

📌 ၃။ မြောင်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီက မီးရှို့နေတဲ့သတင်း

📌 ၄။ ကျေးရွာ ရွာမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးလိုက်တဲ့သတင်း

📌 ၅။ နမ့်ဆန်တွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေတဲ့သတင်း

📌 ၆။ KTV ဝင်နေတဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဆီယံ - အီးယူ  ခေါင်းဆောင်တွေရဲ့ ထိပ်သီအစည်းအဝေးတွင်မြန်မာ့အရေးကိုဆက်လက်ဆွေးနွေးဖွယ်ရှိ


ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ဆိုရင် အာဆီယံ - အီးယူ  ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးစတင်ပါတော့မယ်။ အဆိုပါထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကိုဆက်လက်ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့  မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းချက်ကို အီးယူအနေနဲ့ အားပေးမယ့်အကြောင်း အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ CNA ရဲ့ အင်တာဗျုးမှာ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ခုလိုပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအရေးဖြေရှင်းဖို့နဲ့ပတ်သက်ပြီး အလှည့်ကျဉက္ကဌသစ်အပေါ်မှာ သူ့အနေနဲ့ အများကြီးမျှော်လင့်ပါတယ်လို့လည်းသံအမတ်ကြီးက ခုလို ဆိုပါတယ်။


နိုင်ငံကိုသာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတဲ့ မြန်မာပြည်အကျပ်အတည်းအတွက်  အဖြေရဖို့ နဲ့ အမှန်တကယ်တွန်းအားပေးဖို့ အင်ဒိုနီးရှားကို ကျွန်တော်တို့ အားကိုးတယ်။ဒါမှလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်မှာပါလို့ ဥရောပသမဂ္ဂ သံအမတ်ကြီး က ပြောကြားသွားပါတယ်။အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ကိုလည်း စစ်တပ်က အခုအချိန်အထိ အကောင်အထည်မဖော်နိုင်သေးကြောင်း Mr Driesmans က ထောက်ပြပါတယ်။ EU ကအလှည့်ကျ ဥက္ကဋ္ဌသစ်အင်ဒိုနီးရှားကို အပြည့်အ၀ပံ့ပိုးပေးမယ်လို့ Mr Dresmans က ထပ်လောင်းပြောပါတယ်။ မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်တပ်ခေါင်းဆောင်တွေကို တရားဝင်ဖိတ်ကြားခံရတာမျိုးမရှိသေးပါဘူး။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ အာဆီယံဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တာမဟုတ်ဘူးလို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုနေပြီး အာဆီယံဆိုင်ရာ EU သံအမတ်ကြီးကတော့ စစ်ခေါင်းဆောင်တွေဟာ  အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိတာတွေ့ရလို့ ပြောဆိုထားပါတယ်။


========================


📌📌 ၂။ စစ်တပ်ဂျက်လေယာဉ်ဆီတင်သွင်းသူတွေ နဲ့ စစ်လက်နက်ပွဲစားတွေကို ကနေဒါက အရေးယူဒဏ်ခတ်တဲ့အပေါ်  JFM ကြိုဆိုလိုက်တဲ့သတင်း


မြန်မာစစ်တပ်ဂျက်လေယာဉ်ဆီတင်သွင်းသူတွေ နဲ့ စစ်လက်နက်ပွဲစားတွေကို ကနေဒါက အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့  တရားမျှတရေးအတွက်ဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့ကဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာဖော်ပြထားတာကတော့ ကနေဒါနိုင်ငံက မြန်မာစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Asia Sun Group ကို ဒဏ်ခတ်ပိတ်ဆို့လိုက်တာဟာ မြန်မာစစ်တပ်အတွက် လေယာဉ်လောင်စာဆီ ဖြန့်ဖြူးရောင်းချသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့ စီရင်ပိုင်ခွင့်ကို လက်တွေ့ကျင့်သုံးတဲ့ ပထမဆုံးသောနိုင်ငံတစ်ခုဖြစ်ပါတယ်။ Asia Sun Group ဟာ မြန်မာစစ်တပ်ရဲ့ ပြည်တွင်းမိတ်ဖက်ဖြစ်ပြီး၊ လေယာဉ်ဆီဝယ်ယူတာ၊ သိုလှောင်တာ နဲ့ ဖြန့်ဖြူးတာတွေကို ဆောင်ရွက်ပါတယ်။ Asia Sun ဟာ လေယာဉ်လောင်စာဆတွေကို တင်သွင်းပြီး၊ မြန်မာစစ်တပ်ဆီကို တိုက်ရိုက် ပို့ဆောင်နေတာကို တွေ့ရှိပါတယ်။


Justice For Myanmar က ပံ့ပိုးထားတဲ့ သုတေသနနဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ရဲ့မရဏကုန်စည် အစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ လေယာဉ်လောင်စာဆီထောက်ပံ့ရေးကွင်းဆက်မှာ Asia Sun Group ရဲ့ အခန်းကဏ္ဍကို အသေးစိတ်ဖော်ပြထားပြီးဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဒီသတင်းနဲ့ပက်သက်ပြီးခုလိုပြောပါတယ်။


ခုလို အရေးယူပိတ်ဆို့လိုက်တာဟာ မြန်မာပြည်သူတွေက အကြမ်းဖက်စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပြီး၊ မြန်မာနိုင်ငံအပေါ် စစ်အုပ်စုထိန်းချုပ်လို့မရအောင် ထိိထိရောက်ရောက် ဟန့်တားထားနိုင်ခဲ့တဲ့ နွေဦးတော်လှန်ရေးနဲ့ လေယာဉ်ဆီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လှုံ့ဆော်တောင်းဆိုခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အောင်ပွဲတစ်ခုဖြစ်ပါတယ်။ 


သို့ပေမယ့် စစ်တပ်ရဲ့ လေယာဉ်ဆီနဲ့ စစ်လက်နက်ထောက်ပံ့ရေးကွင်းဆက်ကို ဖြတ်တောက်ဖို့ လုပ်စရာတွေ များစွာရှိနေပါသေးတယ်။ "အမေရိကန်၊ ယူကေ၊ အီးယူ၊ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ Asia Sun Group နဲ့ ပါဝင်ပတ်သက်သူအားလုံးအပေါ် ကနေဒါနဲ့အတူ အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပူးပေါင်းချမှတ်ဖို့ ကျမတို့ တောင်းဆိုပါတယ်" 


တရားမဝင်စစ်အုပ်စုဟာ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲဆင်နွှဲရာမှာ သူ့ရဲ့လေတပ်ကို မှီခိုအားထားနေရပါတယ်။ မကြာသေးမီက အရပ်ဘက်နှင့် စစ်ရေးပစ်မှတ် မခွဲခြားဘဲ တရားမဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ လူ ၈၀ ကျော် သေဆုံးစေခဲ့တဲ့ ကချင်ပြည်နယ်က ဖျော်ဖြေပွဲတစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် နဲ့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်းက စာသင်ကျောင်းတစ်ကျောင်းကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။ 


ကနေဒါနိုင်ငံဟာ မြန်မာစစ်တပ်ရဲ့ အဓိကစစ်လက်နက်ပွဲစားတွေဖြစ်ကြတဲ့ Dynasty International Company Limited နဲ့ International Gateways Group တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။ Dynasty International Company Limited  ဟာ မြန်မာစစ်တပ်အတွက် ဘယ်လာရုစ်၊ ရုရှားနှင့် ဂျာမဏီနိုင်ငံတို့ဆီက စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ ပွဲစားအဖြစ် ဆောင်ရွက်ပေးထားခဲ့တာပါ။ International Gateways Group ဟာ မြန်မာစစ်တပ်အတွက် တရုတ်နိုင်ငံက စစ်လက်နက်တွေ ဝယ်ယူပေးတဲ့ အဓိကလက်နက်ပွဲစား ဖြစ်ပြီး Dynasty International နဲ့ International Gateways Group တို့ကို အမေရိကန် နဲ့ ယူကေတို့ကလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့ ထားပါတယ်လို့ ရှင်းလင်းဖော်ပြထားတာ တွေ့ရှိရပါတယ်။


========================


📌📌 ၃။ မြောင်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီက မီးရှို့နေတဲ့သတင်း


စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဖွားစောကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အကြောင်းမဲ့ မီးဝင်ရှို့သွားတာကြောင့်  ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ဖွားစောကျေးရွာကို စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး  ကျေးရွာအတွင်းရှိ အိမ်များကို မီးတင်ရှို့ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် ပြည်သူတချို့ သေဆုံးထိခိုက်မှုများရှိသော်လည်း လက်ရှိ အချိန်အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရသဖြင့် အခြေအနေ အသေးစိတ် မသိရှိ ရသေးပါဘူးလို့ ဒေသခံများက ခုလိုပြောပါတယ်။


"မြောင် ဖွားစာကျေးရွာကို ဝင်ပြီး မီးရှို့တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ နောက် ပြီး ဘေးပတ်ပတ်လည်ကျေးရွာတွေကို လည်း အကုန် လက်နက် ကြီးတွေနဲ့ ပစ်တယ်။ အဲဒါ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိပါတယ်။ ဒါပေမယ့် အကုန်လုံးက ပြေးနေရတော့ ဘယ်သူတွေ ထိလဲ ဘယ်သူသေလဲ အတိအကျ မသိရသေးပါဘူး" လို့  ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသွားတာပါ။ အဓမ္မ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီကို ပြည်သူတွေက ရရာလက်နက်ကိုင်စွဲ တော်လှန်နေကြတာ ဖြစ်ပြီး တော်လှန်ရေးအင်အားကောင်းရာနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုတွေကို ဆက်တိုက်ကျူးလွန်လျက်ရှိနေပါတယ်။


ဒီဇင်ဘာလ ၁၁ ရက်နေ့မှာလည်း ရေဦးမြို့နယ်၊ ပိဋကတ်ကျရွာ၊  မုတ်စီရွာ၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာ ၊လက်ယက်ကုန်း၊ညောင်ကြီးကုန်း၊ချောင်း ပေါက် ကျေးရွာများကို စစ်ကောင်စီ  မီးတင်ရှို့ကြောင်း ဒီပဲယင်းနှင့်ရေဦး ဘက် တွင်လည်း စစ်ကြောင်းများခွဲ၍ ကျေးရွာများကို မီးတင်ရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ ကျေးရွာ ရွာမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးလိုက်တဲ့သတင်း


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပြင်သာတိုက်နယ်တွင် သုံးရက်အတွင်းစစ်ကောင်စီ တပ်ဖွဲ့က ကျေးရွာ ရွာမှ အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ရက်မှစတင်၍ ၁၁ ရက်နေ့အထိ ကျောက်ပြင်သာတိုက်နယ်တွင်းမှ ဆီးဖြူကုန်း၊ လျှော်ဖြူကုန်း၊ ညောင်ကုန်း၊ ပေပင်ချောင်းနှင့် ကုက္ကိုကုန်း ကျေးရွာတို့ကို   သုံးရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။


ကျွန်တော်တို့ သိရသလောက်တော့ ဆီးဖြူကုန်းရွာက ၄၅ အိမ်နဲ့ လျှော်ဖြူကုန်းက ၂၄ အိမ်ပဲ သိရသေး တယ်။ ကျန်တဲ့ရွာသုံးရွာရဲ့ ပျက်စီးတွေမသိရသေးဘူး။ အကြမ်းဖျင်းတော့ ငါးရွာပေါင်းရင် ၂၀၀ ကျော် မယ်ဟု ဒေသခံတစ်ဦးက ပြောပါတယ်။


လက်ရှိတွင် ကောလင်းမြို့နယ်၌ မီးဘေးသင့်စစ်ရှောင်ကျေးရွာ ၂၃ ရွာအထိရှိနေပြီး ဒေသခံပြည်သူ ၂၃,၀၀၀ ကျော် တိမ်ရှောင်နေရကြောင်း သိရကာ တိမ်းရှောင်နေသူများအနေဖြင့် လတ်တလောတွင် အနွေးထည်၊ ခြုံထည်နှင့် အိမ်သုံးဆေးဝါးများ အဓိက လိုအပ်လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါမီးရှို့ဖျက်ဆီးမှုကို  ကောလင်းမြို့နယ်တွင် ခမရ ၃၆၁၊ ၃၆၃၊ ၃၆၉ တို့မှ မီးရှို့ စစ်ကြောင်းအဖြစ်လုပ်ဆောင်နေတာ ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့နှင့် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ နမ့်ဆန်တွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေတဲ့သတင်း


အကြမ်းဖက်အာဏာသိမ်းစစ်တပ်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား အခုလ ဒီဇင်ဘာ ရက်နေ့ကစလို့

တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဟာ ၄င်းတို့ရဲ့ အဓိကအင်အားသုံးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီဟာ တိုက်ပွဲမှာ အထိနာခဲ့တာကြောင့်  အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးအခုလိုလေကြောင်းကနေပစ်ခတ်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ မနေ့ညကအထိလေယာဥ်နဲ့လာပစ်နေတယ်။ ရွာတွေထဲကိုကျတာ။ဘုန်းကြီးကျောင်းဆွမ်းစားဆောင်တွေရော၊အိမ်တွေရောမီးလောင်ကုန်ပြီလို့ ကုန်းသာကျေးရွာကဒေသခံတစ်ဦးကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာနားတစ်ဝိုက်ကို စစ်ကောင်စီတပ်က မနေ့ကညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု () ကြိမ်ပြုလုပ်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ  သတင်းထုတ်ပြန်လိုက်ပါတယ်။ TNLAနဲ့ စစ်ကောင်စီတပ်တို့ ပြန်လည်တိုက်ပွဲဖြစ်ခဲ့ပြီး  တိုက်ပွဲ () ရက်မြောက်နေ့မှာ စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။မနေ့ည () နာရီက တံတားဦးဘက်ကနေ ပေါင်(၅၀၀) ဗုံးနဲ့ တိုက်ပွဲဖြစ်ပွားရာနေ ရာကို () ကြိမ်၊ ရေပုံးကျေး ရွာနားကို () ကြိမ် စုစုပေါင်း () ကြိမ်လာရောက်ကြဲချခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ TNLAကအသိပေးထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့တိုက်ပွဲရက်တွေမှာလည်း အကြိမ် (၃၀) ခန့်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း TNLA သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်ကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနားက ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလတ် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ (၁၅၀၀) ခန့်ဟာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။


========================


📌📌 ၆။ KTV ဝင်နေတဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တဲ့သတင်း


စစ်ကိုင်းတိုင်း၊ ကလေးခရိုင်မှာ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအပါအဝင် သုံးဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့လယ်က KTV တခုမှာ ဖမ်းဆီးမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘဏ်မန်နေဂျာဦးထွန်းထွန်းနိုင်၊ အငယ်တန်းစာရေးကိုငြိမ်းခန့်ဇော်နဲ့ စစ်သားတပ်ကြပ်ဇော်မင်းဦးတို့ဟာ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် BMB KTV နဲ့ မာဆပ်ကိုရောက်ရှိနေကြောင်း သတင်းရတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS)က ဆိုပါတယ်။


"တပ်ကြပ်ကတော့ ဘယ်တပ်ကလို့ အတိအကျမသိရပါဘူး။ ကလေးတပ်နယ်ထဲက တပ်ကြပ်ဆိုတာတော့ မှန်ပါတယ်။ BMB KTV မှာ ဖြစ်တာပါဗျ။ KTV မှာ စကစ ဒေါက်တိုင်တွေရောက်နေတယ်လို့ သတင်းပေးလို့ သွားတိုက်ခိုက်တာပါ။ သေတဲ့စစ်သားရဲ့ခန့်မှန်းအသက်က ၄၀ လောက်တော့ ရှိမယ်ဗျ။ ကျန်တဲ့ ဦးကို အကြမ်းဖက်ပုဒ်မ ၅၂ နဲ့ အရေးယူသွားမှာပါ" လို့ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးတဲ့စစ်သားတပ်ကြပ်ဟာ ဖမ်းဆီးမိချိန်မှာပြန်လည်ခုခံပြီး ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


သူတို့နှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံးရဲ့ ညွှန်ကြားချက်အရ ကလေးမြို့နယ် တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့တရားစွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး တရားခံတွေကို နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းတွေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ KPS က ထုတ်ပြန်ထားပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment