13th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အုပ်စုစွပ်စွဲထားတဲ့ ရဟတ်ယာဉ်ကိစ္စမှာ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့တယ်လို့ ဒုသမ္မတကထွက်ဆိုလိုက်တဲ့သတင်း

📌 ၂။ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု (MMRF) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း

📌 ၃။ အာဆီယံလောက်တော့ အကြမ်းဖက်စစ်ကောင်စီကအေးဆေးပဲလို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောဆိုလိုက်တဲ့သတင်း

📌 ၄။ အကြမ်းဖက်အာဏာသိမ်းခံရချိန်မှစလို့ ယနေ့ချိန်ထိ အခြေအနေနဲ့ပက်သက်ပြီး အေအေပီပီကစာရင်းထုတ်ပြန်လိုက်တဲ့သတင်း

📌 ၅။ PDF ကိုအားပေးရင် မီးလောင်ပြာကျ ရွာမရှိတဲ့တိုင်းဒေသကြီးမှာနေရမယ်လို့ စစ်ကောင်စီကခြိမ်းခြောက်ခဲ့တဲ့သတင်း

📌 ၆။ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) တွင်တက်ရောက်နေသောကျောင်းသားကျောင်းသူများသို့ ဖွင့်လှစ်မည့် Courses များကို တက်ရောက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနက နှိုးဆော်ချက်ထုတ်ပြန်တဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အုပ်စုစွပ်စွဲထားတဲ့ ရဟတ်ယာဉ်ကိစ္စမှာ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့တယ်လို့ ဒုသမ္မတကထွက်ဆိုလိုက်တဲ့သတင်း


စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စွပ်စွဲထားတဲ့ အဂတိမှုအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီဇင်ဘာ ၁၂ ရက် ရုံးချိန်းမှာ သက်သေ ထွက်ဆိုခဲ့ပါတယ်။ အကြမ်းဖက်အာဏာသိမ်းပြီးနောက်မှာ စစ်အုပ်စုဟာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်တို့အားရဟတ်ယာဥ် ဝယ်ယူ၊ငှားရမ်းမှုများနှင့် ပတ်သက်ပြီး အဂတိအမှုနဲ့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ အဆိုပါအဂတိစွပ်စွဲမှုနဲ့ပက်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီသာလုပ်ဆောင်ခဲ့ကြောင်း  လာရောက်သက်သေထွက်ဆိုခဲ့တယ်လို့ တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရပါတယ်။

ထိုစဥ်က ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေမှာ အဓိကတာဝန်ရှိတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဖြစ်ပါတယ်။ စွပ်စွဲခံရသူတွေဘက်က တင်သွင်းတဲ့ သက်သေအဖြစ်နဲ့ နေပြည်တော်အချုပ်ထောင်တွင်း တရားခွင်ကို ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် နိုင်ငံတော်အကြီးကဲတွေကို ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပေမယ့် ဦးဟင်နနီဗန်ထီးယူကတော့ ဒုတိယသမ္မတရာထူးနဲ့ ဆက်ရှိနေပြီး ဖမ်းဆီးတရားစွဲဆိုခံရတာ မရှိပါဘူး။ အသက် ၇၈ နှစ်ရွယ်ရှိပြီဖြစ်တဲ့ နိုင်ငံ ခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှု ၁၉ မှုနဲ့ စွပ်စွဲခံရထားရကာ  အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပီလည်းဖြစ်ပါတယ်။  ဒီအမှုနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ ခြင်းသာရှိကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကလည်း ထွက်ဆိုထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် တောင်းဆိုနေကြပါတယ်ခင်ဗျာ


========================


📌📌 ၂။ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု (MMRF) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု (MMRF) တို့ဟာ ဒီဇင်ဘာလ (၁၁) ရက် ၂၀၂၂ ခုနှစ်တွင် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြပြီး လက်ရှိတော်လှန်ရေးကာလ ပညာရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် အနာဂတ်ကာလ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးကို ဆောင်ရွက်ရာတွင် လူနည်းစုများ၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။  ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးတွင် အားလုံးပါဝင်နိုင်မည့် မူဝါဒများအကြောင်း ဆွေးနွေးရာတွင် ယခု အမျိုးသားညီညွှတ်ရေးအစိုးရ၏ ပညာရေးမူဝါဒမှာ ယခင်မည်သည့်အချိန်ကာလမှ မရှိခဲ့သောမူဝါဒဖြစ်ပြီး အားလုံးပါဝင်နိုင်မှုကို ဦးတည်ထားကြောင်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာမွတ်စ်လင်တော်လှန်ရေးအင်အားစုက ပြန်လည်ဆွေးနွေးရာတွင် ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော လူနည်းစုများ၏ ပညာရေး ရပိုင်ခွင့်ဆိုင်ရာ ခွဲခြားဆက်ဆံခံရမှုများကို တင်ပြခဲ့ပြီး မြန်မာမွတ်စ်လင်မ်များ၏ စာတတ်မြောက်မှုနှုန်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ယခင်ခေတ်အဆက်ဆက် ဖယ်ကျဉ်ခံထားရမှုကြောင့် စာတတ်မြောက်မှုနှုန်းအလွန်လျော့နည်းနေသော မိမိတို့လူ့အဖွဲ့အစည်းသည် ယခုကာလအတွင်း စစ်အာဏာသိမ်းမှုကြောင့် စာတတ်မြောက်မှုနှုန်းအနိမ့်ဆုံး အခြေအနေကို ဖြတ်သန်းနေရကြောင်း တင်ပြ၍ ကြားကာလနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလများအတွင်း သာတူညီမျှပညာရေး ရပိုင်ခွင့်များအတွက် ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။

အနာဂတ်တွင်ဖော်ဆောင်မည့် ပညာရေးစနစ်နှင့်ပတ်သက်၍ မြန်မာမွတ်စ်လင်မ်‌တော်လှန်ရေးအင်အားစုက မေးမြန်းရာတွင် ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက "ဗဟုစုံဝါဒ"ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုသော ပညာရေးစနစ်ကို ဖော်ဆောင်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစုမှ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားလူငယ်များက ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ အကြံပြုချက်များ၊ ထည့်သွင်းစဉ်းစားရမည့် အချက်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထို့နောက် ဒုတိယဝန်ကြီးက မြန်မာမွတ်စ်လင်မ်တော်လှန်ရေး အင်အားစု၏ အကြံပြုချက်များအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ တော်လှန်ရေးကာလ အပါအဝင် အနာဂတ် ကာလတွင် ခွဲခြားမှုကင်းသော ပညာရေးစနစ်ဖြစ်ပေါ်ရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။


========================


📌📌 ၃။ အာဆီယံလောက်တော့ အကြမ်းဖက်စစ်ကောင်စီကအေးဆေးပဲလို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောဆိုလိုက်တဲ့သတင်း


အမျိုးသားညီညွတ်ရေးအစိုးရ NUG အပေါ်နိုင်ငံတကာရဲ့ အမြင်နှင့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲခြေလှမ်း မေးမြန်းခန်းတခုမှာ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အာဆီယံလောက်တော့ အကြမ်းဖက်စစ်ကောင်စီက ဂရုမစိုက်ဘူး အေးဆေးပဲလို့ သူ့အမြင်ကိုပြောဆိုသွားပါတယ်။ ဒီဇင်ဘာလ ရက်နေ့က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ   ပြုလုပ်တဲ့အလွတ်တန်းသတင်းထောက် ကိုမရတ်ကျော်သူနှင့် တွေ့ဆုံဖြေကြားရာမှာ ပြည်ထောင်စုဝန်ကြီးက ခုလို  ဖြေဆိုသွားတာဖြစ်ပါတယ်။ 

နိုင်ငံတကာ အနေနဲ့ မိမိတို့အန်ယူဂျီကို  နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာတဲ့ ပြည်သူ့အစိုးရ တော်လှန်ရေးမှာ တရားဝင်အဖြစ် အသိအမှတ်ပြုရမယ့်အစိုးရအဖြစ် ရှုမြင်ကြောင်း ဖွင့်ဟ ပြောဆိုပါတယ်။ အစိုးရအဖြစ်သာ ဆက်ဆံနေကြတာ ဖြစ်ပြီးတော့ 

အစိုးရအဖြစ် အသိအမှတ်ပြုဖို့ မိမိတို့အနေနဲ့ ထပ်ပြီး ကြိုးစားရဦးမှာ ဖြစ်ကြောင်း  ပြောဆိုသွားပါတယ်။ ဆက်လက်ပြီး အာဆီယံနဲ့ပက်သက်ပြီးမေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီးက ခုလို ပြောဆိုပါတယ်


နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ ကြည့်မယ်ဆိုရင် နိုင်ငံကြီးတွေက တိုက်ရိုက်ဝင်ပြီးလုပ်တာထက်စာလို့ရှိရင် အာဆီယံကလုပ် ငါတို့က မင်းတို့ကို ဦးစားပေးမယ် မင်းတို့ကလုပ် ငါတို့က ထောက်ပံ့ပေးမယ် ဆိုတဲ့ပုံစံမျိုး ထရန်းပြောင်းလာတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံကြီးတွေမှာကလည်း ယူကရိန်းအရေးလို သူတို့ကိုယ်တိုင်ကြုံတွေ့နေရတဲ့အရာတွေ ရှိလာတယ် မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အရေးကြီးတယ်။ စီးပွားရေးအရ အရေးကြီးတယ်။ အင်ဒိုပစိဖိတ်ဒေသတွင်းမှာ မြန်မာနိုင်ငံက အရေးပါတယ်။ ရုရှကပါ ခြေလှမ်းနေတာ ဖြစ်တယ်။ အာဆီယံကတော့ အရေးပါတာက ဒေသတွင်းအဖွဲ့ဖြစ်တော့ နိုင်ငံကြီးတွေက အာဆီယံကို မင်းတို့ဝင်ကြပါ မင်းတို့လုပ်ကြပါဆိုပြီး အတင်းတွန်းပို့ခံရတဲ့ အဖွဲ့ပါ စင်ပေါ်သာ တွန်းပို့ခံရတယ် ကလည်းမကတတ်ဘူး အာဆီယံလောက်တော့ အကြမ်းဖက်စစ်ကောင်စီက အေးဆေးပဲ ဘယ်လိုကိုင်ရမလဲ ဆိုတာ အာဆီယံကိုယ်တိုင်ကလည်း အားနည်းချက်တွေရှိတယ် သူတို့ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကလည်း မအောင်မြင်ဘူးလို့ သူတို့လည်း ဝန်ခံလာနေပြီ ဒါကြီးကိုတော့ မစွန့်ပစ်ဘူး ဆက်ပြီးလုပ်ဆောင်မယ် ဒီထက်ပိုပြီး စစ်ကောင်စီမကဘဲနဲ့ အန်ယူဂျီကိုပါတွေ့ဆုံရမယ်လို့ အယူအဆပြောင်းလာတာပါ"   


ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်  အာဆီယံ - အီးယူ  ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးစတင်တော့မှာ ဖြစ်ပြီး အာဆီယံ ဥက္ကဋ္ဌသစ် ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့  မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းချက်ကို အီးယူအနေနဲ့ အားပေးမယ့်အကြောင်း အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ထုတ်ဖော် ပြောကြားထားတယ်လို့လည်း သိရပါတယ်ခင်ဗျာ။


========================


📌📌 ၄။ အကြမ်းဖက်အာဏာသိမ်းခံရချိန်မှစလို့ ယနေ့ချိန်ထိ အခြေအနေနဲ့ပက်သက်ပြီး အေအေပီပီကစာရင်းထုတ်ပြန်လိုက်တဲ့သတင်း


စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်ကို ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်မှာ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက သတင်းထုတ်ပြန်လိုက်ပါတယ်။

(AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ခုထက်မနည်းရှိခဲ့တယ်လို့ပါရှိပါတယ်.နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၅၇၂) ဦး ရှိခဲ့ကာဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၇၄) ဦးရှိခဲ့ပြီဖြစ်ပြီး  ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူဦးရေကတော့ (၁၇၀၄) ဦး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦးရှိပြီဖြစ်ကြောင်း၊ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရကြောင်း ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၉) ဦးရှိပြီဖြစ်တယ်လို့ အေအေပီပီစာရင်းများက ဆိုပါတယ်။  အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၄၉) ဦး ဖြစ်ပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်းကိုလည်း အေအေပီပီက အသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ


========================


📌📌 ၅။ PDF ကိုအားပေးရင် မီးလောင်ပြာကျ ရွာမရှိတဲ့တိုင်းဒေသကြီးမှာနေရမယ်လို့ စစ်ကောင်စီကခြိမ်းခြောက်ခဲ့တဲ့သတင်း


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ မဲအိုးကျေးရွာကို စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင်းဆုံးရှုံးခဲ့ပါတယ်။ အဆိုပါ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုဖြစ်စဥ်မှာ အဖိုးအို တစ်ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

မဲအိုးရွာမှာ အဖိုးအိုတစ်ဦးမီးလောင်တဲ့ အထဲပါသွားတယ်လို့ အကြမ်းဖျင်းသိထားရတယ်။ အိမ်ခြေ ၁၀၀ ကျော်ရှိတာ ၁၀ အိမ်လောက်ပဲကျန်တယ်။ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားတယ်ဟု ဒေသခံတစ်ဦး ကပြောပြပါတယ်။ ဒါ့အပြင် မဲအိုးကျေးရွာကို မီးရှို့ခဲ့သည့်စစ်ကောင်စီစစ်ကြောင်းသည်  “ PDF ကို များများအားပေး စစ်ဘေးသင့်လေ ပြာများများကျလေ ရွာမရှိတဲ့တိုင်းဒေသကြီးမှာနေရမည်ဆိုသည့် ခြိမ်းခြောက်ထားသည့် စာတန်းတစ်ခု ကို ရွာအတွင်းရှိဝှိုက်ဘုတ်တစ်ခုပေါ်တွင်ရေးသားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့ချိန်မှာ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခံရတာ၊သတ်ဖြတ်ခံရတာတွေလည်း ရှိခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ တချို့ဒေသခံတွေဆို သတ်ဖြတ်ခံရပြီး မီးလောင်တဲ့အထဲ ပစ်ထားခဲ့တာတွေရှိသလို၊ တချို့ကိုကျတော့ မီးလောင်တဲ့အိမ်နားမှာ ထားခဲ့တာတွေရှိတယ်။ သေဆုံးတာက သုံးဦးလောက်ရှိတယ်" လို့ ဒီပဲယင်းမြို့နယ်၊ စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်မှ သပြေသာကျေးရွာ၊ ညောင်လှကျေးရွာများကိုလည်း မီးရှို့ ဖျက်စီးခဲ့၍ နေအိမ် ၂၀၀ နီးပါး မီးလောင်ဆုံးရှုံးထားကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်များတွေဟာ ဒီဇင်ဘာလ ရက်နေ့မှစတင်ကာဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများကို ဝင်ရောက်မီးရှို့ခြင်းများ ဆက်တိုက်လုပ်ဆောင်နေရာ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အိမ်ခြေပေါင်းထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သူတွေဟာ စစ်ကောင်စီ လက်အောက်ခံ ခမရ-၇၀၁ နဲ့ ခမရ- ၃၆၄ က စစ်ကြောင်းတွေဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်ခင်ဗျာ


========================


📌📌 ၆။ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) တွင်တက်ရောက်နေသောကျောင်းသားကျောင်းသူများသို့ ဖွင့်လှစ်မည့် Courses များကို တက်ရောက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနက နှိုးဆော်ချက်ထုတ်ပြန်တဲ့သတင်း


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက မြန်မာ့နွေဦးတက္ကသိုလ် (MNOU) တွင်တက်ရောက်နေသောကျောင်းသားကျောင်းသူများသို့ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အောက်ပါအတိုင်း အသိပေးထုတ်ပြန်ထားပါတယ်။ 

Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) သည် အကြမ်းဖက် စစ်အာဏာရှင် လက်အောက်ရှိ တက္ကသိုလ်များ၌ မတက်ရောက်ကြပဲ CDM ပြုလုပ်ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် ယာယီတက္ကသိုလ်ကောင်စီများနှင့် ဘာသာရပ်ဘုတ်အဖွဲ့များက စုပေါင်းတည်ထောင်ထားသော တစ်ခုတည်းသော ပြည်သူပိုင် Online တက္ကသိုလ်ဖြစ်ပါသည်။

မြန်မာ့နွေဦးတက္ကသိုလ် (MNOU) သည် ယခုအခါ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ (၂၀၂၀ တက်လက်စ second semester သာကျန်) တို့အတွက် ဝိဇ္ဇာသိပ္ပံ အထူးပြုဘာသာရပ် ၁၈ ခု စီးပွါးးဘာသာရပ် ခု ယဉ်ကျေးမှုနှင့်အနုပညာ ဘာသာရပ် () ခုကို ပထမအကြိမ် အဖြစ် အသုတ် () သုတ်ခွဲ၍ ကျောင်းအပ်လက်ခံခဲ့ပြီး ယခုအခါ Learning Management System (LMS) သင်ခန်းစာများကိုလေ့လာသင်ယူနေကြပြီဖြစ်ပါသည်။ 


သင်ခန်းစာလေ့လာရမည့်ကာလအဖြစ်  

ပထမအသုတ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၂)ရက် မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်အထိ


ဒုတိယအသုတ် အသုတ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၉) ရက် မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်အထိ


တတိယအသုတ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ()ရက် မှ ၂၀၂၃ခုနှစ် မတ်လ ()ရက်အထိ 

လေ့လာနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသော စာမေးပွဲများ၊ Test များ assignment များကို LMS ထဲတွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ 


ဖြေဆိုပြီးရရှိလာသည့် အမှတ်များ၊ Credit point များကို မြန်မာ့နွေဦးတက္ကသိုလ် (MNOU) က သိမ်းဆည်းပေးထားမည်ဖြစ်ပြီး တော်လှန်ရေးကာလလွန်မြောက်ပါက သက်ဆိုင်ရာတက္ကသိုလ်များမှ ဘွဲ့များပေးအပ်ရာတွင် ထိုအမှတ်များ၊ credit များကို အသုံးပြုနိုင်ရန် တက္ကသိုလ်ကောင်စီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ကြားကာလတွင် လိုအပ်ပါက အသုံးပြုနိုင်ရန်လည်း စီစဉ်လျက်ရှိပါသည်။ 

ဒုတိယအကြိမ်အဖြစ် ပထမအကြိမ်ကဖွင့်လှစ်ခဲ့သည့် အထူးပြုဘာသာရပ်များအပြင် ထပ်တိုးအထူးပြုဘာသာရပ်များ စိုက်ပျိုးရေးပညာ ဘာသာရပ်၊ တိရစ္ဆာန်ဆေးပညာဘာသာရပ်များ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည့်အပြင် ကျန်ရှိနေသည့် တခြားသော အထူးပြုဘာသာရပ်များ၊ သက်မွေးဘာသာရပ်များ နှင့် နောက်ဆုံးနှစ်အတန်းများသာမကပဲ ကျန်ရှိနေသော တတိယနှစ်၊ဒုတိယနှစ်၊ ပထမနှစ် စသည့် အတန်းများကိုပါ အထူးပြုဘာသာရပ်များအလိုက် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ 

ထို့ပြင်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာပြီးဆုံးထားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် “Core-curriculum Courses “များ၊ ပညာလိုလားသူအားလုံးအတွက် “Short Courses “များကို ဖွင့်လှစ်ပို့ချသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ 

သို့ဖြစ်ပါ၍ CDM ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် ယာယီတက္ကသိုလ်ကောင်စီများနှင့် ဘာသာရပ်ဘုတ်အဖွဲ့များက စုပေါင်းတည်ထောင်ထားသော တစ်ခုတည်းသော ပြည်သူပိုင် Online တက္ကသိုလ် “Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU)” က ဖွင့်လှစ်မည့် Courses များကို တက်ရောက်နိုင်ရန်အတွက် MES System , LMS system များကို ကြိုတင်လေ့လာရင်း စောင့်မျှော်ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်လို့ ဖော်ပြ ပါရှိပါတယ်ခင်ဗျာ


ယခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနှင့် ခိုင်လုံသောသတင်းရင်းမြစ်တွေအပေါ် အခြေခံပြီး ရေဒီယိုသတင်းထောက်လွတ်လပ်နွေဦးက ပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment