17th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်တတိယနေ့ ဆက်လက်ကျင်းပ

📌 ၂။ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို NUG က အသိပေးဖော်ပြ

📌 ၃။ အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ  မြောက်ကိုရီးယားခေါင်းဆောင်လို အာဏာမျိုးရချင်နေတယ်လို့အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၄။ အမေရိကန် သမ္မတရဲ့ Federal Democracy နဲ့  Democracy လမ်းကြောင်းကို ပံ့ပိုး ထောက်ခံမယ့်အရာကို ကြိုဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၅။ ထိန်းချုပ်နယ်မြေများမှာ အုပ်ချုပ်ရေးလုပ်ငန်းအရေးကြီးပြီး ပြဿနာအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြား

📌 ၆။ အထက်လွှတ်တော်မှာ အောင်မြင်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ကို အမေရိကန် သမ္မတ လက်မှတ်ထိုးပြီးပါက ရက်ပိုင်းအတွင်းအတည်ဖြစ်မယ်

📌 ၇။တိုင်းပြည်နာရေးဖြစ်နေချိန်မှာ တစ်ကိုယ်စာ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကို ဆိုရှယ်မီဒီယာပေါ် မတင်ဖြစ်အောင်သတိထားမိတယ်လို့ သရုပ်ဆောင်ချစ်သုဝေပြောကြား

📌 ၈။ နေအိမ် ၁၇၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဒီပဲယင်းနယ်မှာ  မီးဘေးသင့်ပြည်သူများ အတွက် နေစရာနဲ့စားစရာများလိုအပ်နေ

📌 ၉။ ရေးမြို့အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ၄၀မမ နဲ့ပစ်ခတ်တိုက်ခိုက်

📌 ၁၀။ မင်္ဂလာဒုံလေတပ်စခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၊အနီးနားဝန်းကျင်မှ နေအိမ်များ တုန်ခါမှုဒဏ်ကို သိသာစွာခံစားရဟုဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်တတိယနေ့ ဆက်လက်ကျင်းပ


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်း အစီအစဥ်၏ တတိယနေ့အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအားဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်  ရှင်းလင်းတင်ပြခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် CRPH လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် အကောင် အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြပါတယ်။


ထို့နောက်တက်ရောက်လာသူများက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နိုင်ငံတကာလွှတ်တော်များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့်ချိတ်ဆက် လုပ်ဆောင်နေမှုများ၊ နိုင်ငံတစ်ဝှမ်းရှိ CDM သူရဲကောင်းများနှင့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ပြည်သူ့ကိုယ်စားလှယ်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး အခြေအနေများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့နှင့်အတူ ပိုမိုချိတ်ဆက်၍ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသို့ CRPH ရှင်းလင်းတင်ပြခြင်းအစီအစဥ်များတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများက မေးခွန်းများအပေါ် ရှင်းလင်းဖြေကြားခဲ့ကြတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


========================


📌📌 ၂။ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို NUG က အသိပေးဖော်ပြ


ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို NUG က အသိပေးဖော်ပြလိုက်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုရှယ်မီဒီယာမှာအသိပေးဖော်ပြထားပါတယ်။


"ယခု ရက်ပိုင်းအတွင်း မြန်မာအလယ်ပိုင်းဒေသများတွင် ငလျင်များ ဆက်တိုက် လှုပ်ခတ်နေမှုကြောင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို ထပ်မံ ဝေမျှလိုက်ပါတယ်။ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပေါ်မည့် နေရာ၊ အချိန်နှင့် ပြင်းအားတို့ကို ကြိုတင် ခန့်မှန်း တွက်ချက်နိုင်ရန်ခက်ခဲပြီး ငလျင်ပြင်းအားပေါ်မူတည်၍ဖျက်ဆီးနိုင်စွမ်းမြင့်မားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါတယ်။သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များအား ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။


ငလျင်လှုပ်ပါက အထပ်မြင့်အဆောက်အဦများမှ အောက်သို့ပြေးဆင်းရန် မဖြစ်နိုင်ဘဲ အခန်းတွင်းထောင့်တစ်နေရာရှိ ခိုင်ခံ့သော စားပွဲ၊ထိုင်ခုံ၊မွေ့ယာ၊ဆိုဖာ၊ကုတင်တို့ကို အကာအကွယ်ယူနိုင်မှာဖြစ်ပါတယ်။ နေအိမ်အပြင်သို့ ပြေးထွက်နိုင်ပါက ဦးခေါင်းကိုအကာအကွယ်ယူ၍ ပြေးထွက်ရန်ဖော်ပြထားပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ  မြောက်ကိုရီးယားခေါင်းဆောင်လို အာဏာမျိုးရချင်နေတယ်လို့အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာဆို


အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ  မြောက်ကိုရီးယားခေါင်းဆောင်လို အာဏာမျိုးရချင်နေတယ်လို့အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာဆိုလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်းပြည်ထောင်စုဝန်ကြီးဒေါက်တာ ဆာဆာက စပိန်သတင်းစာ EL ESPAÑOL နဲ့တွေ့ဆုံမေးမြန်းရာမှာ ဝန်ကြီးကထည့်သွင်းဆိုခဲ့ပါတယ်။


"အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ မြောက်ကိုရီးယားခေါင်းဆောင်လို အာဏာမျိုးရလိုနေတာဖြစ်တယ်..မြန်မာနိုင်ငံကို မြောက်ကိုရီးယား လိုဖြစ်စေချင်နေတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်းနှစ်ထောင် ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၄။ အမေရိကန် သမ္မတရဲ့ Federal Democracy နဲ့  Democracy လမ်းကြောင်းကို ပံ့ပိုး ထောက်ခံမယ့်အရာကို ကြိုဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


အမေရိကန် သမ္မတရဲ့ Federal Democracy နဲ့  Democracy လမ်းကြောင်းကို ပံ့ပိုး ထောက်ခံမယ့်အရာကို ကြိုဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်း ပြည်သူမှပြည်သူသို့ မေးမြန်းခန်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"အမေရိကန် သမ္မတရဲ့ Federal Democracy နဲ့  Democracy လမ်းကြောင်းကို အခုလို ပံ့ပိုးမယ့် ထောက်ခံမယ့် ဟာကို ကြိုဆိုတယ်။ ဆရာတို့ဟာ ဆရာတို့ နိုင်ငံနဲ့ ကိုက်ညီတဲ့၊ Federal Democracy နဲ့ ကိုက်ညီတဲ့၊ ဘယ်တော့မှ စစ်မက်တွေ မဖြစ်တဲ့ အေးချမ်းသာယာတဲ့ နိုင်ငံအဖြစ်ကို တည်ဆောက်သွားမှာဖြစ်တယ်။Federal Democracy ကို ယုံကြည်တဲ့ Federal Democracy ကိုကျင့်သုံးတဲ့ ဆရာတို့ တိုင်းရင်းသားတွေ၊ လူနည်းစု၊ လူမျိုးစုတွေ၊ ရိုဟင်ဂျာတို့ အပါအဝင် အားလုံး တွေနေတဲ့အထဲမှာ အေးချမ်းသာယာစွာနေနိုင်တဲ့ နိုင်ငံတစ်ခု၊ နောက်ဘေးမှာ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သဟဇာတဖြစ်စွာနေနိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ တည်ဆောက်သွားမှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမေရိကန်နိုင်ငံရဲ့ National Defense Authorization Act for Fiscal Year 2023 (2023 NDAA) တစ်စိတ်တစ်ပိုင်း အဖြစ် အမေရိကန် ကွန်ဂရက်က Burma Actကို  အတည်ပြုခဲ့ပါတယ်။


========================


📌📌 ၅။ ထိန်းချုပ်နယ်မြေများမှာ အုပ်ချုပ်ရေးလုပ်ငန်းအရေးကြီးပြီး ပြဿနာအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြား


ထိန်းချုပ်နယ်မြေများမှာ အုပ်ချုပ်ရေးလုပ်ငန်းအရေးကြီးပြီး ပြဿနာအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ၁၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံရာမှာပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏကဆိုပါတယ်။


"ကြားကာလ ဒေသန္တရနှင့်ပတ်သက်၍ ဆွေးနွေးမှုများတွင် တစ်ဆက်တည်း အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကိုပါ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထိန်းချုပ်နယ်မြေများ၌ အုပ်ချုပ်ရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ပြဿနာအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း" ဝန်ကြီးကဆိုပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှလည်း အမှာစကားပြောကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ အထက်လွှတ်တော်မှာ အောင်မြင်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ကို အမေရိကန် သမ္မတ လက်မှတ်ထိုးပြီးပါက ရက်ပိုင်းအတွင်းအတည်ဖြစ်မယ်


အထက်လွှတ်တော်မှာ အောင်မြင်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ(NDAA)ကို အမေရိကန် သမ္မတ လက်မှတ်ထိုးပြီးပါက ရက်ပိုင်းအတွင်းအတည်ဖြစ်မယ်လို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှာဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။


မြန်မာအရေးနဲ့ ပတ်သက်တဲ့ NDAAကတော့ အထက်လွှတ်တော်မှာ မနေ့က အောင်မြင်ပြီး ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ လက်မှတ်ရေးထိုးလိုက်ရင် အတည်ဖြစ်ပါတော့မယ်။ ထို့အတူ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာကိုလည်း နောက်တစ်နှစ်အတွက် ထပ်မံအတည်ပြုဖို့ ဒီကနေ့ကျင်းမယ့် အထွေထွေညီလာခံက အတည်ပြုပါလိမ့်မယ်။ အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းကိုအမေရိကန်အထက်လွှတ်တော်ကထောက်ခံမဲ ၈၃ မဲနဲ့အတည်ပြုလိုက်ပါတယ်။


အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းမှာ Burma Act ကိုထည့်သွင်းလိုက်ပြီး အဲ့ဒီအထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေအကြား ဆက်သွယ်ရေးနဲ့ ထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာကိစ္စတွေမှာ ပိုမိုအားကောင်းလာဖို့အတွက် နည်းပညာဆိုင်ရာအကူအညီတွေပေးအပ်မယ့်အကြောင်းအရာများလည်းပါဝင်ပါတယ်။


========================


📌📌 ၇။တိုင်းပြည်နာရေးဖြစ်နေချိန်မှာ တစ်ကိုယ်စာ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကို ဆိုရှယ်မီဒီယာပေါ် မတင်ဖြစ်အောင်သတိထားမိတယ်လို့ သရုပ်ဆောင်ချစ်သုဝေပြောကြား


"တိုင်းပြည်နာရေးဖြစ်နေချိန်မှာ တစ်ကိုယ်စာ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကို ဆိုရှယ်မီဒီယာပေါ် မတင်ဖြစ်အောင်သတိထားမိတယ်လို့သရုပ်ဆောင်ချစ်သုဝေကဆိုပါတယ်။ ဒီဇင်ဘာ ၁၆ ရက် ကျင်းပတဲ့ ကလစ်တပ်သား ထောက်ပို့အား စကားဝိုင်းမှာ သရုပ်ဆောင်ချစ်သုဝေက ပြောပါတယ်။


"တိုင်းပြည်နာရေးဖြစ်နေချိန်မှာ တစ်ကိုယ်စာ ပျော်ရွှင်မှုတွေ၊အောင်မြင်မှုတွေကို မတင်မိဖို့သတိထားဖြစ်တယ်။အမထိုးလိုက်တဲ့အိတ်ကလေး Face Bookပေါ်တင်ကြွားဝါဖို့တောင် ကိုယ်ကိုယ်တိုင်ထိန်းသိမ်းတယ်။ဒါတွေက မထရီဇာမှမဟုတ်ဘူး။အားလုံးလုပ်နိုင်တဲ့ပါဝင်နိုင်တဲ့ဟာပေါ့"လို့ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ဖို့နဲ့ တော်လှန်ရေးတွင်အားဖြည့်ပါဝင်ရန် ထောက်ပို့ ကလစ်နှိပ်ပါဝင်ခြင်းကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သရုပ်ဆောင်ချစ်သုဝေကဆိုခဲ့ပါတယ်။


========================


📌📌 ၈။ နေအိမ် ၁၇၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဒီပဲယင်းနယ်မှာ  မီးဘေးသင့်ပြည်သူများ အတွက် နေစရာနဲ့စားစရာများလိုအပ်နေ


နေအိမ် ၁၇၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဒီပဲယင်းနယ်မှာ  မီးဘေးသင့်ပြည်သူများ အတွက်နေစရာနဲ့စားစရာများလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၇ ရက်မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"ယခုလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း လက်ယက်ကုန်း၊ ညောင်လှ၊ နများ စသော ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၉ ရွာမှ နေအိမ် ၁၇၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ ၁၀၀၀၀ ကျော် အိုးအိမ်အသုံးအဆောင်နှင့် စာနပ်ရိက္ခာအများအပြား မီးလောင်ဆုံးရှုံးကာ နေထိုင်စားသောက်ရေး အခက်အခဲများစွာ ကြုံတွေ့နေကြရပါတယ်"လို့ဖော်ပြပါတယ်။


ယခုအခါ အဆိုပါမီးဘေးသင့်ပြည်သူအများစုဟာ နီးစပ်ရာ ဘုရား ကျောင်း ဇရပ်များတွင်လည်းကောင်း၊ မီးလောင်ပြင်တွင် ယာယီတဲထိုး၍သော်လည်းကောင်း ဖြစ်သလိုနေထိုင်နေကြရတယ်လို့သတင်းရရှိပါတယ်။ အလှူရှင်များအနေဖြင့် မီးဘေးသင့်ပြည်သူများ၏ အခက်အခဲများ ပြေလည်နိုင်ရန် တိုင်တစ်လုံးဖြစ်စေ၊ အမိုးအကာ တစ်ချပ်ဖြစ်စေ၊ ရိက္ခာ အသုံးအဆောင်များဖြစ်စေ ပါဝင်ကူညီပေးကြဖို့အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၉။ ရေးမြို့အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ၄၀မမ နဲ့ပစ်ခတ်တိုက်ခိုက်


မွန်ပြည်နယ် ရေးမြို့အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ၄၀မမ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရေးဘီလူးခေါင်းဆောင်ကအတည်ပြုဆိုထားပါတယ်။


"ရေးမြို့အမြှောက်တပ်အဆင်ပြေလား"လို့ဆိုထားပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစတပ်များ ထိခိုက် မှုအခြေအနေကိုအတည်ပြုနေဆဲ ဖြစ်ပြီး ရေးဘီလူးအဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ မင်္ဂလာဒုံလေတပ်စခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၊အနီးနားဝန်းကျင်မှ နေအိမ်များ တုန်ခါမှုဒဏ်ကို သိသာစွာခံစားရဟုဆို


ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၊အနီးနားဝန်းကျင်မှ နေအိမ်များ တုန်ခါမှုဒဏ်ကို သိသာစွာခံစားရတာ်လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုံးများပစ်ခတ်မှုရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


"ဒုံးနဲ့ပစ်တာတော့  ကြားတယ်။ဘယ်အဖွဲ့လုပ်လဲတော့မသိဘူး" လို့ Yangon UG Assocition ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ လေတပ်စခန်းကိုတိုက်ခိုက်မှုဖြစ်စဥ်မှာ ဟုတ်မှန်၍ ပေါက်ကွဲသံ ကျယ်လောင်စွာကြားရပြီးတော့ နေအိမ်များပါ တုန်ခါမှုကိုသိသာစွာခံစားရတယ်လို့ အနီးနားပတ်ဝန်းကျင်ရှိဒေသခံများက ဆိုရှယ်မီဒီယာများမှာဆိုထားပါတယ်။ လတ်တလောမှာ ထိခိုက်ပျက်စီးမှုနဲ့စကစတပ်များ ထိခိုက်မှုကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment