18th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာပြည်သူတွေရဲ့အသံကိုဆက်လက်ကိုယ်စားပြုနိုင်မှာမို့ သံအမတ်ကြီး ဦးကျော်မိုးအတွက် ဂုဏ်ယူတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၂။ နွေဦးတော်လှန်ရေးမှာ ညီညွတ်ရေးက အရေးကြီး၍ ညီညွတ်ခြင်းကို မထိခိုက်ဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

📌 ၃။ မြန်မာနွယ်ဖွား ရွှေ့ပြောင်းသူတွေဟာ နွေဦးတော်လှန်ရေးသမားတွေလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ အကြမ်းဖက်စစ်ကောင်စီအား ဖြုတ်ချ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အားထည့်ကူညီပေးကြရန် အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ တိုက်တွန်းပြောကြား

📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၆။ ရေဦးနယ် ချောင်းဆုံရွာက ပြည်သူ့နေအိမ်များကို စကစတပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး

📌 ၇။ ကောလင်းမြို့နယ် တောင်ယာကြီးတော ရွာဘက်သို့ဦးတည်နေတဲ့ စကစတပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲ ဖြစ်ပွား

📌 ၈။ "တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ"ဘန်နာကို ကိုင်စွဲကာ မုံရွာမြို့ ဈေးတနေရာမှာ  လူထုသပိတ်ဆင်နွှဲ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်သူတွေရဲ့အသံကိုဆက်လက်ကိုယ်စားပြုနိုင်မှာမို့ သံအမတ်ကြီး ဦးကျော်မိုးအတွက် ဂုဏ်ယူတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


မြန်မာပြည်သူတွေရဲ့အသံကိုဆက်လက်ကိုယ်စားပြုနိုင်မှာမို့ သံအမတ်ကြီး ဦးကျော်မိုးအတွက် ဂုဏ်ယူတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှာရေးသားပြောကြားထားပါတယ်။


"မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ရဲ့ status quo ဆက်လက်ထားရှိရေး Credential Committee က တင်သွင်းတဲ့ အစီရင်ခံစာ ကို  ကုလအထွေထွေညီလာခံက နေ  ဒီနေ့ ကန့်ကွက်သူ မရှိ လက်ခံ လိုက်ပါတယ်။ ပြည်သူ့အသံကို ဆက်လက် ကိုယ်စားပြု နိုင်မှာမို့ CONGRATULATIONS! ပြည်သူ့သံအမတ်ကြီး"လို့ဝန်ကြီးကဆိုပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား တစ်နှစ် ထပ်မံထားရှိရေး Credential Committee က တင်သွင်းတဲ့ အစီရင်ခံစာကို ကန့်ကွက်သူမရှိအတည်ပြုလိုက်တဲ့အတွက် ဆက်လက်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ ညီညွတ်ရေးက အရေးကြီး၍ ညီညွတ်ခြင်းကို မထိခိုက်ဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော


ဒီဇင်ဘာ ၁၈ ရက်ကျင်းပတဲ့"ရင်သွေးငယ်တို့ ပညာရေး မိဘပြည်သူဝိုင်းကူပေး" ကမ်ပိန်းမှ အလှူငွေ ပေးအပ်ပွဲနှင့်  ကံစမ်းမဲ ဖွင့်ပွဲ အခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုအသိ‌ ပေးပြောကြားခဲ့ပါတယ်။


"ဒီနေ့တော်လှန်ရေးမှာ အရေးကြီးဆုံးက ညီညွတ်ရေးပါ။အားလုံးညီညွတ်ကြဖို့၊ အားလုံးပါဝင်ကြဖို့ပါ။အားလုံးရဲ့ ညီညွတ်ခြင်းကို မထိခိုက်ဖို့အရေးကြီးပါတယ်။ ညီညွတ်ခြင်းကို မထိခိုက်ဖို့က ဖက်ဒရယ်ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ဒေသတိုင်း၊နေရာတိုင်းမှာ အရေးကြီးပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ နောင်အနာဂါတ်မှာ စစ်မဖြစ်တော့တဲ့ နိုင်ငံ အဖြစ်ကိုဦးတည် ရွေ့လျားနေပြီး ဖက်ဒရယ်စနစ်ကို အခြေပြုတယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ မြန်မာနွယ်ဖွား ရွှေ့ပြောင်းသူတွေဟာ နွေဦးတော်လှန်ရေးသမားတွေလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


မြန်မာနွယ်ဖွား ရွှေ့ပြောင်းသူတွေဟာ နွေဦးတော်လှန်ရေးသမားတွေလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၁၈ ရက်မှာ အသိပေးဆိုထားပါတယ်။ "DECEMBER 18, International Migrants Day 2022!!!မြန်မာနွယ်ဖွား ရွှေ့ပြောင်းသူတွေဟာ နွေဦးတော်လှန်ရေးသမားတွေပါပဲ"လို့ဝန်ကြီးကဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ရွှေ့ပြောင်း အခြေချနေထိုင်သူများလည်း ရှိကာ နွေဦးတော်လှန်ရေးတွင် လူအား၊ငွေအားဖြင့် ပါဝင်ကူညီလျက်ရှိပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီအား ဖြုတ်ချ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အားထည့်ကူညီပေးကြရန် အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ တိုက်တွန်းပြောကြား


ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အတွက်ပေးပို့သော သဝဏ်လွှာမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုဆိုထားပါတယ်။


"အိမ်နီးချင်းနိုင်ငံအစိုးရများ၊ International Organization for Migration-IOM, International Labour Organization- ILO နှင့် UNHCR အဖွဲ့ကြီးများအနေဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ နှင့် စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားကာ လိုအပ်သော အရေးယူ ဆောင်ရွက်မှုများကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံမှ ပြည်တွင်း၊ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများ အားလုံး ကြုံတွေ့နေရသည့် အကြပ်အတည်းနှင့် စိန်ခေါ်မှု အားလုံးအတွက် အဖြေဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖြုတ်ချ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အားထည့်ကူညီပေးကြရန် လေးနက်စွာ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုထားပါတယ်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအတွင်း ရွှေ့ပြောင်း နေထိုင်သူ တစ်သန်းကျော်ထိ ရောက်ရှိလာပြီး အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင် နေရသူ ၇၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်မှုအရ သိရှိရပါတယ်။


========================


📌📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၇ ရက်ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်မှ အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူမှ ဌာန၏ လုပ်ငန်း မူဝါဒ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့ နေရသည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို ပြောကြားကာ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေးသို့   ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့မှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ရေဦးနယ် ချောင်းဆုံရွာက ပြည်သူ့နေအိမ်များကို စကစတပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ရေဦးနယ် ချောင်းဆုံရွာက ပြည်သူ့နေအိမ်များကို ဒီဇင်ဘာ၁၈ရက် မနက်ပိုင်း မှာ စကစတပ်များက  မီးရှို့ခဲ့ကြတာလို့ တော်လှန်ရေးအင်အားစုများကဆိုပါတယ်။


"ယမန်နေ့ညက ရေဦးနယ်အနောက်မြောက်ခြမ်း ချောင်းဆုံရွာ ပြာပုံမှာ ဝပ်ခဲ့ကြတဲ့ စကစတပ်များဟာယနေ့နံနက် စောစောစီးစီး ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာချောင်းဆုံရွာနှင့် အနီးကပ်ဆုံးရှိကျေးရွာများ အထူးဂရုစိုက်ပြီး ဘေးလွတ်ရာတိမ်းရှောင်ပေးထားရန် တော်လှန်ရေးအင်အားစုများကအသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ ကောလင်းမြို့နယ် တောင်ယာကြီးတော ရွာဘက်သို့ဦးတည်နေတဲ့ စကစတပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲ ဖြစ်ပွား


ကောလင်းမြို့နယ် တောင်ယာကြီးတော ရွာဘက်သို့ဦးတည်နေတဲ့ စကစတပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။


"ဆီဆုံရွာတွင် ညအိပ်သော စကစတပ်များမှ ဆီဆုံရွာမှထွက်ခွာလာပြီး တောင်ယာကြီးတော ရွာဘက်သို့ဦးတည်နေပြီး KLPDF တပ်ရင်း (2) ကောလင်း (ပကဖ)တို့နှင့် ထိတွေ့မှုရှိနေပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကောလင်းနယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်မှုတို့ရှိနေပါတယ်။


========================


📌📌 ၈။ "တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ"ဘန်နာကို ကိုင်စွဲကာ မုံရွာမြို့ ဈေးတနေရာမှာ  လူထုသပိတ်ဆင်နွှဲ


"တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ"ဘန်နာကို ကိုင်စွဲကာမုံရွာမြို့ ဈေးတနေရာမှာ  လူထုသပိတ်ဆင်နွှဲခဲ့တယ်လို့ ဒီဇင်ဘာ ၁၈ ရက်အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက အသိပေးဆိုပါတယ်။


"အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ ဒေသခံပြည်သူလူထုများ အတူပူးပေါင်းကာ"ဖက်ဆစ်ယန္တရား ကိုဖြိုဖျက်ပြည်သူ့ယန္တရားကိုတည်ဆောက်""တရားမဝင်တဲ့ရွေးကောက်ပွဲလူထုအားနဲ့တိုက်ဖျက်ကြ" စသည့်ဘန်နာစာတန်းများကိုင်ဆွဲကာ မုံရွာမြို့ ဈေးတနေရာတွင် အကြမ်းမဖက်လူထုလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ အရာတော်လူထုသပိတ်ဦးဆောင်ကော်မတီဟာ လူထုသပိတ်လှုပ်ရှားမှုများကို နေ့စဥ်မပြတ်ဆင်နွှဲဖို့ လှုပ်ရှားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment