22nd DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချအတည်ပြု

📌 ၂။ အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းပြီး အေးချမ်းသာယာသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်းCRPHမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့သဝဏ်လွှာပေးပို့

📌 ၃။မြန်မာနိုင်ငံနှင့်ပတ်သက် သောဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းအပေါ် ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြားနိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင်ရှိ

📌 ၄။ ဆိုရှယ်မီဒီယာမှာ ပြည်သူဟန်ဆောင်ထားတဲ့ အကောင့်တွေကို သတိထားဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၅။ တရားဥပဒေစိုးမိုးမှ သာလျှင် နိုင်ငံ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ပြည်သူများကောင်းစွာ ခံစားရမယ်လို့တရားရေးဝန်ကြီး ပြောကြား

📌 ၆။ မြန်မာနိုင်ငံကလူငယ်များကို ကိုယ့်တိုင်းပြည်မှာ တန်ဖိုးမထားတဲ့အတွက် အာရှရဲ့ ကျောက်မြက်ရတနာအဖြစ် လေလွင့်နေကြရတယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချအတည်ပြု


ဒီဇင်ဘာ ၂၂ ရက်မှာ မြန်မာအရေးနဲ့ ပတ်သက်တဲ့ မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်ချမှတ်လိုက်တဲ့အထဲမှာ "အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေတဲ့အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေအားလုံးကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့၊  လူ့အခွင့်အရေးလေးစားဖို့ တောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကို လူ့အခွင့်အရေးလုံခြုံရေးကောင်စီက ဒီနေ့ချမှတ်လိုက်ပါတယ်။ကုလဌာနတွေထဲမှာ အမြင့်ဆုံးဆုံးဖြတ်ချက်ချမှတ်တဲ့ဌာနလို့ ဆိုနိုင်တဲ့ ကုလလုံခြုံရေးကောင်စီအနေနဲ့ လွန်ခဲ့တဲ့ (၇၄) နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဦးဆုံးချမှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်က လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံတို့မှာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ဘူးပါတယ်။ လုံခြုံရေးကောင်စီမှာလည်း ကြေညာချက် (Statement) တွေ ထုတ်ပြန်ခဲ့ဘူးပါတယ်။ အခုထုတ်ပြန်ခဲ့တာကတော့ ကောင်စီဆုံးဖြတ်ချက် (resolution) အဆင့်ဖြစ်ပါတယ်။ လေးစားလိုက်နာဖို့လိုအပ်တဲ့အဆင့်ပါ"လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကရှင်းလင်းဆိုထားပါတယ်။


ဒီလိုဆုံးဖြတ်နိုင်ဖို့အတွက် အမြဲတမ်းအဖွဲ့ဝင် () နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံက မဲခွဲဆုံးဖြတ်ပြီး  အခုလိုဆုံးဖြတ်ချက်ချနိုင်ခြင်းက ဗီတိုအာဏာသုံးပြီး ကန့်ကွက်တဲ့နိုင်ငံမရှိတဲ့အပြင် ထောက်ခံသူ (၁၂) နိုင်ငံ၊ ကြားနေ () နိုင်ငံသာရှိခဲ့လို့ ဆုံးဖြတ်ချက်အတည်ပြုနိုင်ခဲ့တာဖြစ်ကြပါတယ်။ အဆိုပါမူကြမ်းကို တရုတ်နဲ့ ရုရှားနိုင်ငံတို့က မကန့်ကွက်ဘဲ အိန္ဒိယနိုင်ငံနဲ့အတူ ကြားနေမဲပေးခဲ့တာဖြစ်ပါတယ်။ 


"အခုဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်တဲ့ တိုးတက်ပြောင်းလဲသော ခြေလှမ်းတစ်ခုလို့ပြောနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီကီု တောင်းဆိုမှုနဲ့ နိုင်ငံတကာကလုပ်ဆောင်ရန်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တံ့ရန်ဆိုတဲ့အချက်မျိုးတွေ ကျန်ခဲ့ပါတယ်၊ ဒါတွေကို မလိုက်နာရင် နိုင်ငံတကာအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့အဆင့်ထိတော့ မပါဝင်လာသေးပါဘူး။ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကနေ နိုင်ငံတကာက ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမယ့်လုပ်ငန်းတွေအတွက် ခွန်အားသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေပါတယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက ထပ်မံဆိုပါတယ်။


========================


📌📌 ၂။ အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းပြီး အေးချမ်းသာယာသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်းCRPHမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့သဝဏ်လွှာပေးပို့


ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပေးပို့သည့်သဝဏ်လွှာ မှာ အခုလိုဖော်ပြထားပါတယ်။


" ယနေ့ကျရောက်သည့် ထူးမြတ်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့ အချိန်အခါ သမယတွင် ကရင်တိုင်းရင်းသားများအားလုံးနှင့်တကွ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခွန်အားသစ်များ ပြည့်ဝကာ အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းပြီး အေးချမ်းသာယာသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ် ပါတယ်"လို့ဖော်ပြထားပါတယ်။


ကရင်လူမျိုးများသည် ညီနောင်တိုင်းရင်းသားများနှင့်အတူ ခေတ်အဆက်ဆက်နိုင်ငံရေး ကဏ္ဍတွင် သမိုင်းတာဝန်ကျေပွန်ခဲ့ကာ ရဲရင့်မှု၊ ဦးဆောင်နိုင်စွမ်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှု အရည်အချင်းများဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတစ်‌လျှောက် အရေးပါသောအင်အားတစ်ရပ်အဖြစ် အဓိကပါဝင်လျက်ရှိပါတယ်။ ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်အား ပထမဆုံးအစိုးရ အသိ အမှတ်ပြု ရုံးပိတ်ရက်အဖြစ် ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ရက်) ကရင်သက္ကရာဇ် ၂၆၇၇ (စနေနေ့)ကို သတ်မှတ်ခဲ့ကြပြီး ယနေ့တိုင်ကျင်းပလာခဲ့ကြသည်မှာ (၈၅)နှစ် တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။


ကရင်လူမျိုးများသည် တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိရေးတို့အတွက် သမိုင်းအစဥ် အဆက် စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့ကြပြီး ယခုနွေဦးတော်လှန်ရေးခရီးတွင်လည်း အကြမ်းဖက် စစ်အာဏာရှင်များကို ရွပ်ရွပ်ချွံချွံဆန့်ကျင်တော်လှန်နေသည့် ဦးဆောင်တော်လှန်ရေးအင်အားတစ်ရပ် လည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကိုထူထောင်နိုင်မှ မိမိတို့မျိုးဆက်များနှင့် အနာဂတ် လူငယ်များသည် ဒီမိုကရေစီနှင့်မတူကွဲပြားသည့် ယဉ်ကျေးမှုအနှစ်သာရကို ခံစားကြရမှာ ဖြစ်ပါတယ်။  မိမိတို့၏ လက်ရှိနှင့်အနာဂတ်မျိုးဆက်များသည် မိမိတို့နိုင်ငံကိုပိုမိုကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်သည့် အရည်အချင်းများရှိစေရန်မှာ မိမိတို့၏ သမိုင်းပေးတာဝန်ဖြစ်ပါတယ်လို့ဆိုထားပါတယ်။


တည်ဆောက်ထားရှိခဲ့သည့် စည်းလုံးညီညွတ်မှုဖြင့် တွဲလက်ခိုင်ခိုင်ထားပြီး တိုင်းရင်းသားအားလုံး မျှော်ရည်မှန်း၍ ကြိုးစားဖန်တီးတည်ဆောက်နေကြသည့် မိမိတို့တိုင်းပြည်တွင် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်‌ပေါက်လာရေး ဆက်လက်ကြိုးပမ်းသွားကြရန် လည်း ဤ‌နေ့ထူးနေ့မြတ်တွင် ထပ်လောင်း၍ပြောကြားလိုပါတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။


========================


📌📌 ၃။မြန်မာနိုင်ငံနှင့်ပတ်သက် သောဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းအပေါ် ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြားနိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင်ရှိ


မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် ဒီဇင်ဘာ ၂၂ ရက်‌ နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုတရားဝင်ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


" မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါတယ်။ အထူးအားဖြင့် ယင်းအဆိုမူကြမ်းအားပြုစုသည့် လုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုရာတွင်လည်း ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြား ထောက်ခံသည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ထောက်ခံပြီးမြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ထပ်မံတိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သူများ အားလုံးက ဤဆုံးဖြတ်ချက်အဆိုပါ အချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါတယ်လို့ဖော်ပြပါတယ်။


အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများနှင့်အတူ အကျိုးတူပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးလုပ်ငန်းစဉ်၊ ရိုဟင်ဂျာများ နေရပ်ပြန်လည် လာရောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်အား ဖန်တီးပေးရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေးနှင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေအား ချိုး‌ဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာကူညီထောက်ပံ့မှု များကို ထပ်လောင်းတောင်းဆိုပါတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ဆိုရှယ်မီဒီယာမှာ ပြည်သူဟန်ဆောင်ထားတဲ့ အကောင့်တွေကို သတိထားဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


ဒီဇင်ဘာ ၂၂ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုရှယ်မီဒီယာနှင့်ပတ်သက်ပြီး အသိပေးဆိုထားပါတယ်။


"Comment တိုင်းကို သာမန်ပြည်သူတွေရေးတာမဟုတ်ဘူး။ သတိရှိကြပါ။ပုလဲ ကိစ္စ ပိုစ့် အောက်တင်မကဘူး၊ ကျနော့ပိုစ့်အောက်တွေမှာပါ ရေးနေတဲ့ comment တိုင်း က ရိုးသားတဲ့ ပြည်သူတွေဆီက လာတာ မဟုတ်ဘူး ဆိုတာ ဆင်ခြင်စေချင်တယ်။ စကစ စိတ်ဓါတ် စစ်ဆင်ရေး ဌာန အောက်မှာ နည်းပညာ ကျွမ်းကျင်တဲ့ အရာရှိတွေ ရာနဲ့ချီ တစ်ယောက်ကို အကောင့်တု ၄၊ ခု ဗီယက်နမ်၊ ကမ္ဘောဒီးယားမိန်းမပျို၊ ယောကျားလေးတွေ, CRPH, NLD, ဒေါ်အောင်ဆန်းစုကြည် ပရိုဖိုင်တွေ ယူသုံးပြီး ရိုးသားတဲ့ ပြည်သူဟန်ဆောင်ပြီး ဖက် ဖက်ကို လိုက်ရှို့နေတာ သတိထားပါ"လို့ဆိုပါတယ်။


စကစတပ်များဟာ ဆိုရှယ်မီဒီယာမှာ အကောင့်တုသုံး၍ တိုက်ခိုက်တဲ့အပြင် နည်းပညာပိုင်းအရ စုံစမ်းထောက်လှမ်းခြင်းတို့ပါရှိနေကြောင်းသိရပါတယ်။


"ရန်သူဟာ ကျနော်တို့ထင်သလို မအ ဘူး။ အခွင့်အရေးကို အသုံးချတတ်တယ်။ အထဲထိတောင်ရှိနေနိုင်တယ်။ စစ်မှန်တဲ့ တော်လှန်ရေး ဆိုတာ ဘုံရည်မှန်းချက် နဲ့ ဘုံရန်သူပဲ မြင်တယ်။ ကျန်တာမိသားစု ထမင်းဝိုင်းထဲက ငြင်းခုန်မျိုးလောက်ပဲ။ မသွားဘူး၊ ကုန်အောင်စားတယ်။ အရင်က အချင်းချင်း ရန်စောင်ခဲ့ဖူးတဲ့ စစ်သားစစ်စစ်တွေတောင် တော်လှန်ရေးထဲ ဝင်ဖို့ EROs တွေ လက်ထဲ ရောက်နေကြပြီပဲ။ တော်လှန်ချင်တဲ့ စိတ်ဓါတ် သာလျှင်ကျနော်တို့ကို ညီညွတ်စေတယ်"လို့ဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၅။ တရားဥပဒေစိုးမိုးမှ သာလျှင် နိုင်ငံ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ပြည်သူများကောင်းစွာ ခံစားရမယ်လို့တရားရေးဝန်ကြီး ပြောကြား


ဒီဇင်ဘာ၂၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဦးသိန်းဦးက မြို့နယ်တရားသူကြီးများ၏ လုပ်ငန်းဝင် သင်တန်း အမှတ်စဉ်- () ပြီးဆုံးခြင်း အခမ်းအနားကို တက်ရောက်၍ အခုလိုပြောကြားခဲ့ပါတယ်။


"နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိရန်အတွက် ယခုကဲ့သို့  လုပ်ငန်းဝင် သင်တန်းအမှတ်စဉ်  () ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက်  လွန်စွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ဆရာ၊ ဆရာမတို့အနေနဲ့ အခက်အခဲများကြားမှ  တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျအကောင်အထည်ဖော်နေကြခြင်း၊ တရားဥပဒေစိုးမိုးသော အနာဂါတ် နိုင်ငံကို ဖော်ဆောင်နေကြခြင်းတို့မှာ လွန်စွာအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးမှ သာလျှင် နိုင်ငံ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ပြည်သူများကောင်းစွာ ခံစားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းဝင် သင်တန်းကို အခက်အခဲများ၊ မပြည့်စုံမှုများကြားမှ မဖြစ်မနေ လုပ်ဆောင်နိုင်ခြင်းကိုလည်း အထူးပင် ဝမ်းမြောက်ကြောင်းဆိုခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက  မြို့နယ် (၂၅) မြို့နယ်မှ အာဏာအပ်နှင်းထားသည့် တရားသူကြီးများအတွက် လုပ်ငန်းဝင် သင်တန်း အမှတ်စဥ် () ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ () ကြိမ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ () ကြိမ် ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ သင်တန်းတွင် အနယ်နယ်အရပ်ရပ်မှ တရားသူကြီး (၈၃) ဦး တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံကလူငယ်များကို ကိုယ့်တိုင်းပြည်မှာ တန်ဖိုးမထားတဲ့အတွက် အာရှရဲ့ ကျောက်မြက်ရတနာအဖြစ် လေလွင့်နေကြရတယ်လို့ဆို


မြန်မာနိုင်ငံက လူငယ်များနဲ့ပတ်သက်လို့ကိုယ့်တိုင်းပြည်မှာ တန်ဖိုးမထားတဲ့အတွက် အာရှရဲ့ ကျောက်မြက်ရတနာအဖြစ် လေလွင့်နေကြရတယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်ကဆိုပါတယ်။


"တိုင်းပြည်ရဲ့ ကျောက်မြတ်ရတနာလေးတွေ ကိုယ့်ပြည်ရွာမှာ တန်ဖိုးမထားခံရ၊ နေမရအောင်လုပ်ခံရလို့ အခုတော့ အာရှရဲ့ ကျောက်မြတ်ရတနာလေးတွေ လေလွင့်နေရတယ်"လို့ဆိုပါတယ်။


စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့လူတစ်သောင်း ကျော်တွင် ပညာတတ်လူငယ်များ အများဆုံးပါဝင်ပြီး အကြမ်းဖက်စစ်အုပ်စုမှ သတ်ဖြတ်ခဲ့တဲ့ လူပေါင်းနှစ်ထောင်ကျော်မှာလည်း လူငယ်များ အများဆုံးပါဝင်ခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment