၂၀၂၂ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့လစ်ဟာမှုများ နည်းသထက် နည်းအောင် ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြား
📌 ၂။ အွန်လိုင်းလူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးများ မေးခွန်းပေါင်း (၁၂၀) ကျော် ဖြေကြားပေးခဲ့
📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဗြိတိန်ပါလီမန်မှ Baroness Cox of Queensbury နှင့် လုပ်ဖော်ကိုင်ဖက်များကို တွေ့ဆုံခဲ့
📌 ၄။ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကယ်တင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို အထူးလိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၅။ NUG အလုပ်သမားဝန်ကြီးဌာနမှ ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ သား၊ သမီးအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့လှူဒါန်း
📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) နှင့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု(ဒီမိုကရေစီအင်အားစု)တို့တွေ့ဆုံဆွေးနွေး
📌 ၇။ weclick4pdf ဝဘ်ဆိုက်က လမကုန်ခင် အမေရိကန်ဒေါ်လာ ၉၀၀၀ ရရှိ၍ အခြားဝဘ်ဆိုက်တွေကိုလည်း အသစ်ဖွင့်မယ်လို့ Click2donate အသိပေး
📌 ၈။ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်နယ်ကို အကြမ်းစစ်တပ်က စစ်ကြောင်းထိုး
📌 ၉။ ဒီပဲယင်းမြို့နယ် မီးဘေးသင့်ကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၂၅၀ ခန့်အတွက် အလှူငွေ နဲ့အိုးခွက်ပန်းကန်များ ခွဲဝေထောက်ပံ့ပေးခဲ့
📌 ၁၀။ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားလက်နက်နဲ့အတူအလင်းဝင် ခိုလှုံလာ၍ ငွေကျပ်သိန်း (၁၀၀) ဂုဏ်ပြုချီးမြှင့်
📌 ၁၁။ သာစည်ထောင်က စကစတပ်ကင်းတဲကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ ထိမှန်
📌 ၁၂။ မုံရွာမြို့နယ် တောပုကျေးရွာမှ အပြစ်မဲ့ပြည်သူများလျှင်မြန်စွာပြောင်းရွှေ့ကြရန် ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ အသိပေးကြေညာ
📌 ၁၃။ ရေစကြိုမြို့နယ် ထန်းပင်းချောင်းကျေးရွာမှ ရွာသာအေးကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ ၃ ဦးသေ၊ ၂ ဦး ထိခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့လစ်ဟာမှုများ နည်းသထက် နည်းအောင် ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြား
တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့လစ်ဟာမှုများ နည်းသထက် နည်းအောင် ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက် ကျင်းပတဲ့ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"အစိုးရတစ်ရပ်သည် ပြည်သူ့အတွက် အင်အားတစ်ရပ်နှင့်အကာအကွယ်တစ်ခု ဖြစ်စေရမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံး၏ ဆောင်ရွက်ဆဲလုပ်ငန်းများကို ပြန်လည် သုံးသပ်ပြီး ပြည်သူ့အတွက် အကျိုးရှိပြီး ပြည်သူ့အားကိုးထိုက်သည့် အစိုးရတစ်ရပ် ဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်သောကြောင့် လစ်ဟာမှုတွေ လိုအပ်မှုတွေ ရှိနိုင်သော်လည်း လစ်ဟာမှုများ နည်းသထက် နည်းအောင် ကြိုးစားဆောင်ရွက်ကြရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၁/၂၀၂၂) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ အွန်လိုင်းလူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးများ မေးခွန်းပေါင်း (၁၂၀) ကျော် ဖြေကြားပေးခဲ့
အွန်လိုင်းလူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးများ မေးခွန်းပေါင်း (၁၂၀) ကျော် ဖြေကြားပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ညနေ (၁၅:၃၀) နာရီမှာ CRPH/NUG Support Group-Australia က ကြီးမှူးကျင်းပသော Asia-Pacific Region အွန်လိုင်းလူထု တွေ့ဆုံပွဲကိုကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် နွေဦးတော်လှန်ရေး၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေး အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ပါ နိုင်ငံရေးလမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်နေမှုတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်၊ လူ့အခွင့်အရေးဝန်ကြီးဌာန ခွန်ဗဟန်းထန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် အခြား နိုင်ငံတကာရောက် တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဗြိတိန်ပါလီမန်မှ Baroness Cox of Queensbury နှင့် လုပ်ဖော်ကိုင်ဖက်များကို တွေ့ဆုံခဲ့
ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ ဗြိတိန်ပါလီမန်မှ Baroness Cox of Queensbury နှင့် လုပ်ဖော်ကိုင်ဖက်များကို တွေ့ဆုံခဲ့ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာကအသိပေးဖော်ပြပါတယ်။
"ဒေါက်တာဆာဆာသည် ဗြိတိန်ပါလီမန်မှ Baroness Cox of Queensbury နှင့် လုပ်ဖော်ကိုင်ဖက်များကို တွေ့ဆုံခဲ့ပါတယ်" လို့ ဖော်ပြပါတယ်။ တွေ့ဆုံမှုတွင် ကုလသမဂ္ဂတွင် ဗြိတိန်၏ အခန်းကဏ္ဍ အရေးပါပုံ၊ နိုင်ငံတကာအသိုင်းဝိုင်းမှ မြန်မာနိုင်ငံအရေးအတွက် လတ်တလော လုပ်ဆောင်မှုများဖြစ်သော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းနှင့် အမေရိကန် ပြည်ထောင်စု အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ US National Defense Authorization Act (NDAA) တွင် Burma Act ကို ထည့်သွင်း အတည်ပြုခဲ့ခြင်းစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကယ်တင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို အထူးလိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကယ်တင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို အထူးလိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသတင်းစာရှင်းလင်းပွဲမှာ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
"အဓိက အချက်ကတော့ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကယ်တင်ရေးနဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်နေတာတွေကို ကာကွယ်ထိန်းသိမ်းဖို့ လုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုအထူးလိုအပ်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေတဲ့အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေးလေးစားဖို့ တောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကို လူ့အခွင့်အရေးလုံခြုံရေးကောင်စီကချမှတ်လိုက်တာဖြစ်ပါတယ်။ မြန်မာအရေးနဲ့ပတ်သက်တဲ့ မူကြမ်းမှာ ဗီတိုအာဏာသုံးပြီး ကန့်ကွက်တဲ့နိုင်ငံမရှိတဲ့အပြင် ထောက်ခံသူ (၁၂) နိုင်ငံ၊ ကြားနေ (၃) နိုင်ငံသာရှိခဲ့လို့ ဆုံးဖြတ်ချက်အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ NUG အလုပ်သမားဝန်ကြီးဌာနမှ ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ သား၊ သမီးအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့လှူဒါန်း
NUG အလုပ်သမားဝန်ကြီးဌာနမှ ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူ များ၏ သား၊ သမီးအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်မှာ အလုပ်သမားဝန်ကြီးဌာနကဖော်ပြအသိပေးပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် International Migrants Day (2022) အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူ များ၏ ပညာသင်ကြားလျက်ရှိသည့် သား၊ သမီးအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။ အဆိုပါကျောင်းသုံးပစ္စည်းများကိုမြန်မာရွှေ့ပြောင်းကလေးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်း များသို့ သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) နှင့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု(ဒီမိုကရေစီအင်အားစု)တို့တွေ့ဆုံဆွေးနွေး
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) နှင့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု (ဒီမိုကရေစီအင်အားစု) တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၂ ရက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) နှင့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု (ဒီမိုကရေစီအင်အားစု) များဟာ ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံရာတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဌနှင့် တာဝန်ရှိ ကော်မတီဝင်များ၊ ရေးရာကော်မတီတာဝန်ခံများတက်ရောက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ ၏ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု(ဒီမိုကရေစီအင်အားစု)များက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ဥပဒေရေးရာကိစ္စရပ်များအပြင် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရှေ့လုပ်ငန်းစဥ်များကိုဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပါတယ်။
ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီမှ ဥက္ကဌ နှင့် လူသားချင်းစာနာထောက်ထားရေးကော်မတီနှင့်လူထု ဆက်ဆံရေးကော်မတီ တာဝန်ခံ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီ တာဝန်ခံ၊ ဖက်ဒရယ် ရေးရာသုတေသနကော်မတီ တာဝန်ခံ၊ ပညာရေးနှင့် ကျန်းမာရေးကော်မတီ တာဝန်ခံတို့မှ ဆွေးနွေးမေးမြန်း အကြုံပြုချက်များအပေါ် ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ weclick4pdf ဝဘ်ဆိုက်က လမကုန်ခင် အမေရိကန်ဒေါ်လာ ၉၀၀၀ ရရှိ၍ အခြားဝဘ်ဆိုက်တွေကိုလည်း အသစ်ဖွင့်မယ်လို့ Click2donate အသိပေး
weclick4pdf ဝဘ်ဆိုက်က လမကုန်ခင် အမေရိကန်ဒေါ်လာ ၉၀၀၀ ရရှိ၍ အခြားဝဘ်ဆိုက်တွေကိုလည်း အသစ်ဖွင့်မယ်လို့ Click2donate က အသိပေးဆိုပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ Click2donate ကအသိပေးဖော်ပြပါတယ်။
"အရင်လ တစ်လလုံး weclick4pdf ဝဘ်ဆိုက်က ဒေါ်လာ တစ်ထောင့်လေးရာ (မြန်မာငွေ သိန်း လေးဆယ်ဝန်းကျင်) ပဲ ရပါတယ်ခင်ဗျာ။
ဒီလမှာတော့ လမကုန်ခင်မှာကိုပဲ ဒေါ်လာကိုးထောင် (မြန်မာငွေ သိန်း ၂၇၀ လောက် ) ရနေပါပြီခင်ဗျာ။ တခြားဝဘ်ဆိုက်တွေကိုလဲ အဲ့လိုလေးရအောင် ဝဘ်ဆိုက်အသစ်တွေလုပ်ပါ့မယ် google ကနေ သေချာလေးဝိုင်းဝင်ပေးကြပါဦးခင်ဗျာ"လို့ ဆိုထားပါတယ်။ Click2 donateဟာ ပြည်သူများ ကလစ်နှိပ်၍ ရရှိသောငွေကြေးများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည် ထောက်ပို့စီးဆင်းခြင်းပဲ ဖြစ်ပါတယ်။
========================
📌📌 ၈။ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်နယ်ကို အကြမ်းစစ်တပ်က စစ်ကြောင်းထိုး
ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်နယ်ကို အကြမ်းစစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ ကျားဖြူတပ်ခွဲ (၁) က အသိပေးဆိုပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဘက်က ငါတို့ကရင်တိုင်းရင်းသားတွေရဲ့ အထွဋ်အမြတ်ထားတဲ့နှစ်သစ်ကူးတဲ့ နေ့ထူးနေ့မြတ်မှာတောင်လက်နက်ကြီးတွေ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်" လို့ ဆိုထားပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၇ ယောက် သေဆုံးပြီး ၉ ယောက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။
========================
📌📌 ၉။ ဒီပဲယင်းမြို့နယ် မီးဘေးသင့်ကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၂၅၀ ခန့်အတွက် အလှူငွေ နဲ့အိုးခွက်ပန်းကန်များ ခွဲဝေထောက်ပံ့ပေးခဲ့
ဒီပဲယင်းမြို့နယ် မီးဘေးသင့်ကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၂၅၀ ခန့်အတွက် အလှူငွေ နဲ့အိုးခွက်ပန်းကန်များ ခွဲဝေထောက်ပံ့ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အတည်ပြုဆိုပါတယ်။
"ယခုလအတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်နှင့် အသုံးအဆောင်များ မီးလောင်ဆုံးရှုံးခဲ့ရသော မီးဘေးသင့်အိမ်ခြေ ၂၃၀ ခန့်ရှိကျေးရွာတစ်ရွာနှင့် မီးဘေးသင့် အိမ်ခြေ ၂၀ ခန့်ရှိကျေးရွာတစ်ရွာအတွက် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ စောင် အထည် ၁၀၀၊ ငွေကျပ် ၁၂ သိန်း၊ စောင်အထည် ၅၀၊ မီးဖိုချောင်သုံး ပန်းကန်၊ ဇလုံ၊ ဖန်ခွက်များ စတာတို့ကို ခွဲဝေထောက်ပံ့ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။
ယခုကဲ့သို့ မီးဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့နိုင်ရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှတစ်ဆင့် ပါဝင်လှူဒါန်းပေးကြသော အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များအား ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ မီးဘေးသင့်ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၁၀။ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားလက်နက်နဲ့အတူအလင်းဝင် ခိုလှုံလာ၍ ငွေကျပ်သိန်း (၁၀၀) ဂုဏ်ပြုချီးမြှင့်
ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားလက်နက်နဲ့အတူအလင်းဝင် ခိုလှုံလာ၍ ငွေကျပ်သိန်း (၁၀၀) ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)ကအသိပေးဆိုပါတယ်။
ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သား မောင်စွမ်းလင်းထက်ဟာ အကြမ်းဖက်စကစများ၏လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် G3 တစ်လက် ၊ကျည်ဘောက်အပိုတစ်ခု ၊ G3 ကျည် ၅၂ တောင့်နှင့်အတူ ကျွန်တော်တို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) MRGF သို့ ဝင်ရောက်ခိုလှုံခဲ့တယ်" လို့ ဖော်ပြပါတယ်။ MRGF မှ CDM ရဲတပ်သား မောင်စွမ်းလင်းထက်အား ကျပ်သိန်း (၁၀၀) ဂုဏ်ပြုချီးမြင့်ပြီး လုံခြုံစိတ်ချရသောနေရာသို့ ပို့ဆောင်ပြီးဖြစ်တာ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၁။ သာစည်ထောင်က စကစတပ်ကင်းတဲကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ ထိမှန်
သာစည်ထောင်က စကစတပ်ကင်းတဲကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ ထိမှန်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ စစ်ရေးသတင်းကို ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ မုံရွာကအတည်ပြုဆိုပါတယ်။ ဒီဇင်ဘာ၂၁ ရက် ည ၈ နာရီ ၃၀ အချိန် အနောက်မြောက်တိုင်း မဟာမိတ်တပ်ပေါင်းစုနှင့်မဟာမိတ်များဖြစ်ကြသေူ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ •မုံရွာခရိုင် တပ်ရင်း၂၄ (MONYWA RANGER GROUP TRUTH ARMY) -M.A.CT ပြောက်ကျားတပ်ဖွဲ့ -D.R.P.A-FUTURE STARS .LPDF- NKLDF တပ်ဖွဲ့တို့နှင့် ၁၂၀ မမ ၂ လုံး၊ ၆၀ မမ ၆ လုံး၊ ၄၀ မမ ၂လုံး တိုဖြင့် သာစည်ထောင်ရှိ စကစတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးကင်းတဲပေါ် ကျရောက်ရာ မီးလောင်ပျက်စီးခဲ့ပါတယ်" လို့ ဆိုပါတယ်။ လတ်တလော စကစတပ်များအသေအပျောက် စာရင်းကို စုံစမ်းနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၁၂။ မုံရွာမြို့နယ် တောပုကျေးရွာမှ အပြစ်မဲ့ပြည်သူများလျှင်မြန်စွာပြောင်းရွှေ့ကြရန် ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ အသိပေးကြေညာ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာမှ အပြစ်မဲ့ပြည်သူများလျှင်မြန်စွာပြောင်းရွှေ့ကြရန် ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ အသိပေးကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ ပြည်သူကာကွယ်ရေးတပ် (၁၇) ဖွဲ့ ပူးပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
"မုံရွာမြို့နယ် တောပုကျေးရွာဟာ စကစ အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ကြောင်းများ အင်အားဖြည့်တင်းရာ ပျူစောထီး အဖွဲ့သားများနေထိုင်တဲ့ ကျေးရွာဖြစ်တယ်" လို့ ဆိုပါတယ်။ သို့ဖြစ်၍ ယခုကြေညာချက်ထုတ်ပြန်ချိန်မှစတင်၍အပြစ်မဲ့ပြည်သူများလျှင်မြန်စွာပြောင်းရွေ့ကြပါရန်နှင့် ထိုးစစ်ဆင်သည့်အခါတွင် ထိခိုက်မှုဖြစ်ပေါ်နိုင်၍ကြိုတင်အသိပေးထုတ်ပြန်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၃။ ရေစကြိုမြို့နယ် ထန်းပင်းချောင်းကျေးရွာမှ ရွာသာအေးကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ ၃ ဦးသေ၊ ၂ ဦး ထိခိုက်
မကွေးတိုင်း ရေစကြိုမြို့နယ် ထန်းပင်းချောင်းကျေးရွာမှ ရွာသာအေးကျေးရွာသို့စစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ ၃ ဦးသေ၊ ၂ ဦး ထိခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ (၂၂) ရက် မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုက အတည်ပြုဆိုပါတယ်။
"ရေစကြိုမြို့နယ် ထန်းပင်းချောင်းကျေးရွာမှ ရွာသာအေးကျေးရွာသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလားသော စကစတပ်များအား ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည် ၂ နာရီအချိန်မှစ၍ ၂ နာရီကြာ ထိတွေ့မှုဖြစ်ပွါးခဲ့ပါတယ်" လို့ ဖော်ပြပါတယ်။
စကစတပ်ဘက်မှ ၃ ဦးသေဆုံးကာ၂ဦးထိခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင် (ပ.က.ဖ) တပ်ရင်း ( ၂ ), Pakokku People Defense Force (PPDF), King Cobra People Defense Force, Urban Underground Revolution Force (YSO) ပခုက္ကူမြို့ပြပျောက်ကြားအဖွဲ့ (PUGF), Young Force နှင့်အတူ အခြားသော မဟာမိတ်အဖွဲ့ပေါင်းများစွာဖြင့် ပူးပေါင်းခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်။
No comments:
Post a Comment