၂၀၂၂ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပညာရေး အပြောင်းအလဲနဲ့အတူ လူမှုတော်လှန်ရေးကိုပါ ရှေ့ရှုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်း
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၃။ အာဆီယံရဲ့ အခန်းကဏ္ဍာကို မှေးမှိန် သေးသိမ်သွားအောင် လုပ်နေတာဟာ အကြမ်းဖက်စစ်ကောင်စီသာလျှင်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ဗကသများအဖွဲ့ချုပ်က ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်
📌 ၅။ ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားရာမှာမင်းတပ်မြို့နယ်တစ်ခုထဲတွင် တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော် အများဆုံးဖြစ်ပွားခဲ့
📌 ၆။ Non-CDM များရှိရာမုံရွာဆည်မြောင်းရုံးအနီးသို့ အသံမိုင်းဖြင့် ဖောက်ခွဲ သတိပေး
📌 ၇။ ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ)ကျေးရွာ နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ (၃) ဦးထက် မနည်း အသတ်ခံထားရ
📌 ၈။ TGYR.(LPDF) မှ R.2 ခေါ်အသေးစားအမြှောက်ကိုထုတ်လုပ်အောင်မြင်၍ စမ်းသပ် ပစ်ခတ်
📌 ၉။ ကလေးမြို့ရေလဲဦးကျေးရွာမှGTCသို့သွားသည့် စကစ တပ်သားများအား Mine team အဖွဲ့သားများနှင့် PDF (Kalay) ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်က ၁၀ ဦးသေဆုံး
📌 ၁၀။ သပိတ်ကျင်းမြို့နယ်တကောင်းတိုက်နယ်၊မကျီးကုန်းအုပ်စု ပေါ်တော်မူရှိစကစပိုင် Mytel တာဝါတိုင်စက်ပစ္စည်းများကို ရှော့မိုင်း (၂) လုံးအသုံးပြုပြီး ဖောက်ခွဲ
📌 ၁၁။ နွားထိုးကြီးမြို့နယ် ဂွေးကုန်းကျေးရွာတွင် တပ်ဆွဲထားသော စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံး
📌 ၁၂။ ကောလင်းမြို့ပေါ်မှာ မိုင်းဆွဲခံရတဲ့ စကစတပ်ဖွဲ့မှ ပွဲချင်းပြီးသေဆုံးခဲ့သူနှစ်ဦးတွင် ဒုရဲအုပ်တစ်ဦးပါဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပညာရေး အပြောင်းအလဲနဲ့အတူ လူမှုတော်လှန်ရေးကိုပါ ရှေ့ရှုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်း
ပညာရေး အပြောင်းအလဲနဲ့အတူ လူမှုတော်လှန်ရေးကိုပါ ရှေ့ရှုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၂၃ ရက် မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"အနာဂတ်တိုင်းပြည်တည်ဆောက်ရေးဟာ ပညာရေးမှာ ဗဟိုချက်အဖြစ် လာဆုံနေပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးက အရေးကြီးသလို ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း အလေးထားလုပ်ကြ ရပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ ပညာရေးအပြောင်းအလဲ လိုက်ပါမလာရင် လူ့အဖွဲ့အစည်း ရဲ့ အမူအကျင့်နဲ့ အတွေးအခေါ် အပြောင်းအလဲကို မလုပ်ဆောင်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ အမူအကျင့် နဲ့ အတွေးအခေါ် ပြောင်းလဲရေးဟာ နိုင်ငံသစ်တည်ဆောက်ရေးနဲ့အတူ ယှဉ်တွဲဖြစ်တည်ရပါလိမ့်မယ်။ သို့မဟုတ်ရင် နိုင်ငံဟာ အဆိုးကျော့သံသရာထဲကို ပြန်ပြီး လည်ထွက်နိုင်ပါတယ်။ ဒါကို သတိပြုပြီး ပညာရေး အပြောင်းအလဲနဲ့အတူ လူမှုတော်လှန်ရေးကိုပါ ရှေ့ရှုကြပါလို့ တိုက်တွန်းလိုပါတယ်"လို့ ယာယီသမ္မတ ကဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ပညာရေးဟာ စစ်ဝါဒ ဖြန့်ချိရေး ပြဋ္ဌာန်း/ သင်ကြားချက်တွေဟာ လွှမ်းမိုးခဲ့ပြီးတော့ ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားတဲ့ အလေ့အကျင့် အားနည်းခဲ့တယ်လို့ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၃ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၁/၂၀၂၂)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းမှ အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အာဆီယံရဲ့ အခန်းကဏ္ဍာကို မှေးမှိန် သေးသိမ်သွားအောင် လုပ်နေတာဟာ အကြမ်းဖက်စစ်ကောင်စီသာလျှင်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
အာဆီယံရဲ့ အခန်းကဏ္ဍာကို မှေးမှိန် သေးသိမ်သွားအောင် လုပ်နေတာဟာ အကြမ်းဖက်စစ်ကောင်စီသာလျှင်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။ ဒီဇင်ဘာလအတွင်း PVTV နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဥ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်မဖော်တာက စစ်ကောင်စီ ဖြစ်တယ်။ စစ်ကောင်စီက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ အာဆီယံကိုလည်း ဂရုမစိုက်ဘူး။ သူလုပ်ချင်ရာ လုပ်မယ်ဆိုတာ ဖြစ်တယ်။ အဲဒီတော့ အာဆီယံရဲ့ အခန်းကဏ္ဍာကို မှေးမှိန် သေးသိမ်သွားအောင်လို့ လုပ်နေတာ အကြမ်းဖက် စစ်ကောင်စီပဲ ဖြစ်တယ်ဆိုတာကို အာဆီယံအနေနဲ့ သဘောပေါက်ဖို့လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် သဘောတူညီခဲ့သော်လည်း စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ချုပ်နှောင်ခြင်းနဲ့ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ဗကသများအဖွဲ့ချုပ်က ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်
အကြမ်းဖက်စစ်ကောင်စီက ဗကသများအဖွဲ့ချုပ်က ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ဖော်ပြပါတယ်။
"၂၀၂၂ မတ်လ၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရတဲ့ ဗကသများအဖွဲ့ချုပ်၊ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူးမသီရိရတနာအပါဝင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့(၃)ဦးကိုဒီဇင်ဘာ၂၃ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် (၂၂) နှစ်စီ ချမှတ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
၎င်းတို့ ၃ ဦးမှာ ကျောင်းသားထုအခွင့်အရေးနှင့်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အစဥ်အမြဲ ဦးဆောင်ပါဝင်ခဲ့တဲ့ ဗကသကျောင်းသားခေါင်းဆောင်များဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများနဲ့ တရားစွဲဆိုခံခဲ့ရပြီး အမြင့်မားဆုံးပြစ်ဒဏ်များဖြစ်တဲ့ ပုဒ်မ ၅၀ ညအတွက် ၁၅ နှစ်၊ ပုဒ်မ ၅၂ ကအတွက် ၇ နှစ်ဟုဆိုကာ စုစုပေါင်းထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ယခုလက်ရှိ ဗမာပြည် ထောင်အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရပြီးဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်ကျောင်းသားရဲဘော် (၃၀) ကျော် ရှိနေပါတယ်။
========================
📌📌 ၅။ ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားရာမှာမင်းတပ်မြို့နယ်တစ်ခုထဲတွင် တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော် အများဆုံးဖြစ်ပွားခဲ့
ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားရာမှာမင်းတပ်မြို့နယ်တစ်ခုထဲတွင် တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော် အများဆုံးဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ISP Myanmarက အချက်အလက်များထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်က မြို့နယ် ကိုးခုလုံးမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်ကောင်စီနဲ့ EAOs တွေအကြားမှာ ဖြစ်ပွားခဲ့ပြီးတော့မင်းတပ်မြို့နယ်မှာ တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော် ဖြစ်ခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှု ၃၃ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားနေတဲ့ ပလက်ဝမြို့နယ်မှာတော့ လေကြောင်းတိုက်ခိုက်ခံရမှု ၂၇ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါ တယ်။ တဆက်တည်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ ၁,၁၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး မီးရှို့ဖျက်ဆီးခံရမှုတွေက ထန်တလန်မြို့နယ်မှာ အများဆုံးဖြစ်ခဲ့ပြီး အရေအတွက်အားဖြင့် နေအိမ်၊ အဆောက်အအုံ ၁,၀၁၁ လုံးထက်မနည်း ရှိခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ Non-CDM များရှိရာမုံရွာဆည်မြောင်းရုံးအနီးသို့ အသံမိုင်းဖြင့် ဖောက်ခွဲ သတိပေး
Non-CDM များရှိရာမုံရွာဆည်မြောင်းရုံးအနီးသို့ အသံမိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာ Monywa People's Force-Support Team မှ အသိပေးဆိုပါတယ်။
"Monywa People's Force-Support Team မှ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ခန့်က Non-CDMများရှိရာ ဆည်မြောင်းရုံးအနီးသို့ အသံမိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။
ထိုဖောက်ခွဲသတိပေးမှုဟာ Monywa Roads Information-MRIတနှစ်ပြည့်အထိမ်းအမှတ်နဲ့အတူ တော်လှန်ရေးကာလ ၂နှစ်နီးပါးရောက်ချိန်ထိ သွေးမအေးသေးကြောင်း ပြသခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၇။ ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ)ကျေးရွာ နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ (၃) ဦးထက် မနည်း အသတ်ခံထားရ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ)ကျေးရွာ နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ (၃)ဦးထက် မနည်း အသတ်ခံထားရတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။
"ဒီပဲယင်းမြို့နယ် အေးသာယာ ပျံကျကျေးရွာ ကိုစကစတပ်ကထပ်မံမီးရှို့ဖျက်ဆီးနေပါတယ်။မနေ့ကတည်းက အေးသာယာ (ပျံကျ)ကျေးရွာသို့ အကြမ်းဖက်များ ဝင်ရောက်မီးရှို့နေခြင်းဖြစ်ပြီပြည်သူ (၃)ဦးထက် မနည်း အသတ်ခံထားရကြောင်းလည်း စိတ်မကောင်းဖွယ်ကြားသိရပါတယ်"လို့ဆိုပါတယ်။ ပြည်သူ နှစ်ဦးအား လက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ထားပြီး တစ်ဦးမှာ ကင်းပုန်းနဲ့တွေ့ကာ ပစ်သတ်ခံရတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၈။ TGYR.(LPDF) မှ R.2 ခေါ်အသေးစားအမြှောက်ကိုထုတ်လုပ်အောင်မြင်၍ စမ်းသပ် ပစ်ခတ်
TGYR.(LPDF) မှ R.2 ခေါ်အသေးစားအမြှောက်ကိုထုတ်လုပ်အောင်မြင်၍ စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ TGYR.youth Guerilla Counter Revolution (LPDF) မှအသိပေးဆိုပါတယ်။ "TGYR.(LPDF) မှ အောင်မြင်စွာပြုလုပ်ဆန်းသတ်သော R.2 ခေါ်အသေးစားအမြှောက်ကိုပြုလုပ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ အသေးစား အမြှောက်နဲ့ မကြာမီ တိုက်ပွဲဝင် ဆင်နွှဲမယ်လို့လည်း အသိပေးဆိုပါတယ်။ TGYR.youth Guerilla Counter Revolution(LPDF) ဟာ စစ်အာဏာရှင် ကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၉။ ကလေးမြို့ရေလဲဦးကျေးရွာမှ GTC သို့သွားသည့် စကစ တပ်သားများအား Mine team အဖွဲ့သားများနှင့် PDF (Kalay) ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်က ၁၀ ဦးသေဆုံး
စစ်ကိုင်းတိုင်းကလေးမြို့ရေလဲဦးကျေးရွာမှ GTC သို့သွားသည့် စကစ တပ်သားများအား Mine teamအဖွဲ့သားများနှင့်PDF (Kalay) ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်က၁၀ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ရေးသတင်းကို PDF Kalay တပ်ရင်း ၂ ကအတည်ပြုဖော်ပြပါတယ်။
"ကလေးမြို့ရေလဲဦးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား PDF (Kalay)တပ်ရင်း(2) ပကဖ (Kalay )ပူးပေါင်းတပ်ဖွဲ့များနှင့် ညနေပိုင်းအချိန်ခန့်တွင် ထိတွေ့မူ့ဖြစ်ပွားခဲ့တဲ့ ရေလဲဦးကျေးရွာမှ GTC သို့သွားသည့် စကစ တပ်သားများအား Mine team အဖွဲ့သားများနှင့် PDF (Kalay) ပူးပေါင်းတပ်ဖွဲ့များမှမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာ စကစတပ်က ၁၀ ဦးခန့်ထိခိုက်သေဆုံးခဲ့တယ်လို့အတည်ပြုဆိုပါတယ်။
========================
📌📌 ၁၀။ သပိတ်ကျင်းမြို့နယ်တကောင်းတိုက်နယ်၊မကျီးကုန်းအုပ်စု ပေါ်တော်မူရှိစကစပိုင် Mytel တာဝါတိုင်စက်ပစ္စည်းများကို ရှော့မိုင်း (၂) လုံးအသုံးပြုပြီး ဖောက်ခွဲ
သပိတ်ကျင်းမြို့နယ်တကောင်းတိုက်နယ်၊မကျီးကုန်းအုပ်စု ပေါ်တော်မူရှိစကစပိုင် Mytel တာဝါတိုင်စက်ပစ္စည်းများကို ရှော့မိုင်း (၂) လုံးအသုံးပြုပြီး ဖောက်ခွဲခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက် မှာ Mytel တာဝါတိုင်ကို ဖောက်ခွဲခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် (ပကဖ) ကအတည်ပြုဆိုပါတယ်။
"ဒီဇင်ဘာ ၂၃ ရက် (၇:၁၅) PM အချိန် တကောင်းတိုက်နယ်၊မကျီးကုန်းအုပ်စု ပေါ်တော်မူရှိစကစပိုင် Mytel တာဝါတိုင်၏စက်ပစ္စည်းများကို ရှော့မိုင်း (၂) လုံးအသုံးပြုပြီး ဖောက်ခွဲဖျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။ သပိတ်ကျင်းမြို့နယ်အတွင်း စကစထောက်တိုင်စီးပွားရေးလုပ်ငန်းများ၊စကစအားအခွန်ပေးဆောင်၍လုပ်နေသောလုပ်ငန်းများ အချိန်မှီရပ်တန့်ပေးရန်လည်းအသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၁၁။ နွားထိုးကြီးမြို့နယ် ဂွေးကုန်းကျေးရွာတွင် တပ်ဆွဲထားသော စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံး
နွားထိုးကြီးမြို့နယ် ဂွေးကုန်းကျေးရွာတွင် တပ်ဆွဲထားသော စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ရေးသတင်းကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း အဖွဲ့မှအတည်ပြုဖော်ပြပါတယ်။
" နွားထိုးကြီးမြို့နယ် ဂွေးကုန်းကျေးရွာတွင် တပ်ဆွဲထားသောစကစတပ်များကို ကျွန်ုပ်တို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း အဖွဲ့မှ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးမှာ စကစတပ်က ဗိုလ်တစ်ဦးအပါအဝင်ငါးဦး ပွဲချင်းပြီးသေဆုံးကာ အများအပြားထိလိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်
========================
📌📌 ၁၂။ ကောလင်းမြို့ပေါ်မှာ မိုင်းဆွဲခံရတဲ့ စကစတပ်ဖွဲ့မှ ပွဲချင်းပြီးသေဆုံးခဲ့သူနှစ်ဦးတွင် ဒုရဲအုပ်တစ်ဦးပါဝင်
စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်မှာ မိုင်းဆွဲခံရတဲ့ စကစတပ်ဖွဲ့မှ ပွဲချင်းပြီးသေဆုံးခဲ့သူနှစ်ဦးတွင် ဒုရဲအုပ်တစ်ဦးပါဝင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက် မနက် ၇ နာရီ ၃၀ အချိန် စကစတပ်များကို တော်လှန်ရေးအဖွဲ့များက ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ ကောလင်း တော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။
မြို့ပေါ် ပကဖ အဖွဲ့မှ အထက (၂) နှင့် ပြည်သူ့ပန်းခြံအနီး မိုင်းဆွဲခဲ့ရာထွေအုပ်ဘက်မှ ထွက်လာသော စကစတပ်ကငါးဦးတွင် နှစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦးထိခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ပွဲချင်းပြီးသေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ ဒုရဲအုပ်ပါဝင်တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်။
No comments:
Post a Comment