27th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီးလက်နက်များပေးအပ်ခဲ့တဲ့သတင်း

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုသတင်း

📌 ၃။ စွမ်းရည်မြင့်ဒရုန်းလက်နက်တွေနေရာအနှံ အပြားကိုရောက်နေပြီး မကြာမီ လှုပ်ရှားမှုကို တွေ့ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးထင်လင်းအောင်ကအသိပေးလိုက်တဲ့သတင်း

📌 ၄။ Federal Wings ရဲ့နွေဉီးအောင်လံ ကမ်ပိန်းကနေ ကံစမ်းမဲအထူးဆုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ခဲ့တဲ့ လေဒီရှူးဖိနပ်ပါဝင်မယ်

📌 ၅။ ချောင်းဉီးမြို့နယ်က ပျုခေါင်းဆောင်ကို ပြည်သူ့ကာ ကွယ်ရေးတပ်များ ဖမ်းမိတဲ့သတင်း

📌 ၆။ ဆောမြို့နယ် ညောင်ကန်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းကနေပစ်ခတ်လို့ ပြည်သူလေးဉီးအသက်ဆုံးရှုံးခဲ့တဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီးလက်နက်များပေးအပ်ခဲ့တဲ့သတင်း


ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပါ တယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရရဲ့ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနဲ့ သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနဲ့ တိုင်းရင်းသားမဟာမိတ်တပ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှု အစရှိတဲ့ အကြောင်းအရာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မယ့်လက်နက်များအနက် အလက်၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ပါတယ်။ ဒါအပြင်  ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းတို့က ကော်ဘရာစစ်ကြောင်းသင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုငွေ ၁၀သိန်း ပေးအပ်ခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များအား တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှုပါ ပြုလုပ်ခဲ့ ကြပါတယ်။သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဒေါ်ဖြူဖြူသင်းတောင်ပိုင်းတိုင်းစစ်ဒေသမှ  ဗိုလ်မှုးကြီးစောဖီးနစ်၊  ဗိုလ်စောရှား၊အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝ န်ကြီး အိသဉ္ဇာမောင်နှင့်  တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။ 


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုသတင်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး(၁၅/၂၀၂၂)ကို ဒီဇင်ဘာလ ၂၆ ရက်နေ့  မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ အမှာစကားပြောကြားရာတွင် တော်လှန်‌ရေးသည် တိုးတက်ကောင်းမွန်သည်အနေအထားတခုရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း ထောက်ခံမှုများရှိလာပြီး လက်တွေ့ကျသည့် ထိရောက်ကူညီမှုများရှိလာတော့မည်ဖြစ်ကြောင်း၊ တော်လှန်ရေးကို အားလုံးကြိုးစားဆောင်ရွက်ကြရန်နှင့် နှစ်သစ်မှာ ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ခု ရောက်ရှိနိုင်ရန်တိုက်တွန်းလိုကြောင်း၊ အုပ်ချုပ်ရေးသည် အင်မတန် သိမ့်မွေ့သကဲ့သို့ စိန်ခေါ်မှုလည်း ကြီးမားကြောင်း၊ စိန်ခေါ်မှုများကို ယုံကြည်မှုနှင့်အတူစည်းလုံးစွာ ဆောင်ရွက်ကြမည်ဆိုပါက တစ်နှစ်မဟာဗျူဟာ စီမံချက်အတွက်ရလဒ်ကောင်းများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန တာဝန်ရှိသူမှ ဌာနဖွဲ့စည်းပုံနှင့် ကြားကာလမီးသတ်လက်စွဲကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များကမြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မြိုနယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ​​​နေ့လည်(၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ စွမ်းရည်မြင့်ဒရုန်းလက်နက်တွေနေရာအနှံ အပြားကိုရောက်နေပြီး မကြာမီ လှုပ်ရှားမှုကို တွေ့ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးထင်လင်းအောင်ကအသိပေးလိုက်တဲ့သတင်း


စွမ်းဆောင်ရည်ကောင်းတဲ့ ဒရုန်းတွေ နေရာအနှံ့ အပြားကိုရောက်နေပြီဖြစ်လို့ မကြာမီ လှုပ်ရှားမှုတွေ တွေ့ရမယ်လို့ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။Federal Wings ရဲ့ 'နွေဦးအောင်လံ' Fundraising Campaign ဖွင့်ပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားလိုက်တာပါ။

"ဒရုန်းဆိုတာ ရန်သူက သူတို့မှာ မကြုံဖူးဘူး။ဒရုန်းကြောင့် ရန်သူတွေဟာ တုန်လှုပ် ခြောက်ခြားစေတယ်။ကျနော်တို့ ဒရုန်းတွေဟာ သူတို့ရဲ့စခန်းတွေပေါ် ၊ဘန်ကာတွေပေါ်၊ မြောင်းတွေပေါ်ကို ထိရောက်မှ ပစ်မှတ်ထားချနိုင်တာ တွေ့ရတယ်။အဲဒီအတွက်လည်း ထွက်ပြေး လက်နက်ချလာတဲ့ ရန်သူတွေဟာမနည်းတော့ဘူး။ဒီဟာကို ဒီမှာတင် ကျနော်တို့က ရပ်နေမှာတော့ မဟုတ်ဘူး။နည်းပညာအသာစီးရအောင်ကြိုးစားလေ့လာနေတယ်။ခုလောလောဆယ် ဒါ့ထက် ပိုကောင်းတဲ့ ဒရုန်းတွေ သုံးဖို့ထိရောက်စွာ လုပ်ဆောင်ထားတယ်။စွမ်းဆောင်ရည်ကောင်းတဲ့ ဒရုန်းတွေ နေရာအနှံ့ အပြားကိုရောက်နေပြီဖြစ်တယ် မကြာမီ လှုပ်ရှားမှုတွေတွေ့ရမယ်ဆိုတာ လူထုကို အသိပေးလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။Federal Wingsဒရုန်းတပ်ဖွဲ့ဟာ စစ်ဆင်ရေး ၂၃၂ ကြိမ် ဆင်နွှဲခဲ့ပြီး ရန်သူ့ဘက်က ၇၇ဉီးသေဆုံးခဲ့ကာ ဒရုန်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၁၃ဉီးရှိခဲ့ပါတယ်။Federal Wings ဟာ Drone Project နဲ့ Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ () သန်းကျော် သုံးစွဲထားပြီလည်း ဖြစ်ပါတယ်။


========================


📌📌 ၄။ Federal Wings ရဲ့နွေဉီးအောင်လံ ကမ်ပိန်းကနေ ကံစမ်းမဲအထူးဆုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ခဲ့တဲ့ လေဒီရှူးဖိနပ်ပါဝင်မယ်


Federal Wings ရဲ့နွေဦးအောင်လံ ကမ်ပိန်းကနေ ကံစမ်းမဲအထူးဆုအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ခဲ့တဲ့လေဒီရှူးဖိနပ်ပါဝင်မယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်တဲ့  Federal Wings ရဲ့နွေဦးအောင်လံကမ်ပိန်း မိတ်ဆက်ပွဲ အခမ်းအနားမှတဆင့် သိရတာပါ။လေဒီရှူးဖိနပ်ဟာ ၂၀၁၂-၂၀၁၃ ကာလများကဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံမှာ နိုဘယ်ဆု တက်ရောက်ယူစဉ်ကာလ နဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပ ခရီးစဉ်တွေမှာဝတ်ဆင်ခဲ့တဲ့ Lady Shoe ဖိနပ်ဖြစ်တယ်လို့ဆိုပါတယ်။

"ပြည်သူများအနေနဲ့ Federal Wings ကနေ သတ်မှတ်ထားတဲ့() ပန်ကာ () ဆားကစ် () ကင်မရာ () ဘက္ကထရီစတဲ့ ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကို ဝယ်ယူလှူဒါန်းနိုင်ပါတယ်"လို့ဖော်ပြပါတယ်။Parts တွေကို ဝယ်ယူသူတွေအနေနဲ့ ဒေါ်လာ တစ်ဆယ်ဖိုး ပစ္စည်း ဝယ်ယူလှူဒါန်းသူတိုင်းကို Points ဆယ်ခု သတ်မှတ်ပေးမှာဖြစ်ပြီးတော့Ponits 50 အထိဝယ်ယူသူတိုင်းကို ကံစမ်းမဲလက်မှတ်တစောင်ပေးမှာဖြစ်ပါတယ်။ ကံစမ်းမဲ အစီအစဉ်ကတော့ ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲလည်ဆွဲ ဒုတိယ ဆု သိန်း၂၀ ခန့်တန် ကြေးရှိ ကျပ်သား ရွှေဆွဲကြိုး   တတိယဆု ၁၅ သိန်း တန် မြလော့ကတ် ၊စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲလက်စွပ်အစရှိတဲ့ ရတနာပစ္စည်း မျိုးစုံ မဲဖောက်ပေးသွားမှာဖြစ်တဲ့အပြင် 'တုနှိုင်းမဲ့ရတနာ' အနေနဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှူးဖိနပ်ပါဝင်မှာဖြစ်ပါတယ်။


========================


📌📌 ၅။ ချောင်းဉီးမြို့နယ်က ပျုခေါင်းဆောင်ကို ပြည်သူ့ကာ ကွယ်ရေးတပ်များ ဖမ်းမိတဲ့သတင်း


စစ်ကိုင်းတိုင်း ချောင်းဦးမြို့အတွင်း အန္တရာယ်အကြီးဆုံး ပျုစောထီးခေါင်းဆောင်ကို အရှင်ဖမ်းမိထားပြီး စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ပြောပါတယ်။ချောင်းဦးမြို့တွင် ပျူစောထီးရွာဟုနာမည်ကြီးသော ကံကြီးကုန်းကျေးရွာမှ ပျူခေါင်းဆောင် လှဆင့်ဆိုသူကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ယမန်နေ့(ဒီဇင်ဘာ၂၅ရက်)က ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

လှဆင့်ဟာ သင်္ကန်းစီးထားပြီး ဘုန်းကြီးပုံစံဖြင့်  နန္ဒာစာရဘွဲ့ကိုယူကာ ပျူစောထီးခေါင်းဆောင်အနေဖြင့် ရပ်တည်နေသူဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။သူ့ကြောင့် PDF တွေ အသတ်ခံရတာ အဖမ်းခံရတာတွေ မနည်းတော့ဘူး အခုတော့ သူ့ကိုဖမ်းမိပြီ  အသေးစိတ်ကိုစီစစ်နေပြီးသတင်းထုတ်ပြန်သွားပါ့မယ်လို့  ချောင်းဉီးမြို့ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဉီးကပြောပါတယ်။

ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀)ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းက   စစ်ကောင်စီကို အထိနာစေတယ်လို့  တော်လှန်ရေးအင်အားစုများက ဆိုပါတယ်။ လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေပြီး ချောင်းဦး-အမြင့်လမ်းပိုင်းအား လုံးဝအသုံးမပြုကြရန် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ဆောမြို့နယ် ညောင်ကန်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းကနေပစ်ခတ်လို့ ပြည်သူလေးဉီးအသက်ဆုံးရှုံးခဲ့တဲ့သတင်း


မကွေးတိုင်း ဆောမြို့နယ် ညောင်ကန်ရွာကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည် (၀၁:၅၅)နာရီခန့်မှာ စစ်ကောင်စီက  ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လေကြာင်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်တွေပေါ် လက်နက်ကြီးကျလို့ ရွာသူရွာသား လေးယောက်အသက်ဆုံးရှုံးခဲ့ရပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူလေးဦးမှာ ကိုဇော်မင်း (47)နှစ်၊ဒေါ်စောဝိုင်း(66)နှစ် ၊‌ကိုကျော်ဌေးလင်း(40) ဝန်းကျင်နဲ့ ကိုဇော်ဌေးဝင်း(45)နှစ်တို့ဖြစ်ပြီး ဒေါ်စောဝိုင်း ၊‌ကိုကျော်ဌေးလင်းနဲ့ ကိုဇော်ဌေးဝင်း(45)နှစ်တို့က မိသားစုဖြစ်ပါတယ်။ တစ်မိသားစုတည်းသုံးဦးအသက်ဆုံးရှုံးခဲ့ရပြီး ဒီမိသားစုထဲက တစ်ဦးက အရေးပေါ်အခြေအနေထိ ဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။ ဒဏ်ရာရပြည်သူခုနှစ်ဦးမှာ လေးဦးက ပြင်းထန်ဒဏ်ရာရရှိထားတာဖြစ်လို့ ကျနော်တို့ဆေးရုံကိုပြောင်းရွှေ့ထားပါတယ်။ စစ်ကြောင်းမရှိဘဲ လေယာဉ်သံကောင်းကောင်းမကြားလိုက်ရဘဲ၊ ပေါက်ကွဲသံတွေအရင်ကြားလိုက်ရပြီးမှလေယာဉ်သံကြားရတယ်။

အဲ့တော့မှာ ကျနော်လေကြောင်းတိုက်ခိုက်ခံရမှန်းသိတယ်။ နှစ်ကြိမ်မြောက်မှာ စက်လက်ပစ်သံ‌ေတွကြားရပြီး ဂျက်ဖိုက်တာမြင်ရ မီးခိုးတေွလှမ်းမြင်ရတယ်။ ကိုယ့်ရွာကိုလာတာပဲထင်ခဲ့ပေမဲ့ ဘေးကပ်လျက်ကရွာဖြစ်နေတယ်။ ငါးမိနစ်လောက်မကြာတဲ့အချိန်အတွင်းမှာ အကြောင်းပြချက်ရေရေရာရာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ပြည်သူလေးဦးအသက်ဆုံးရှုံးသွားခဲ့ပြီလို့  ရွာနီးစပ်နေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဉီးကပြောပြပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်မှုကြောင့်လူနေအိမ်ခြေငါးလုံးလည်း မီးလောင်ပျက်စီးသွားတယ်လို့သိရှိရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနှင့်မိတ်ဖက်သတင်းရင်းမြစ်တွေကိုအခြေခံပြီးရေဒိယိုသတင်းထောက်လွတ်လပ်နွေဉီးကပေးပို့တာ ဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment