၂၀၂၂ ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လေယာဉ်ပစ်ချတဲ့ လက်နက်များရှိပါက အကြမ်းဖက်စစ်တပ်ကို ၆ လလောက်နဲ့လုံးဝ အနိုင်ရသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
📌 ၂။ အုပ်ချုပ်မှုပုံစံအမှားနှင့် အချင်းချင်းအဆင်မပြေတိုက်ခိုက်နေကြလျှင် ပြည်သူတွေအတွက် အခက်အခဲကြုံရမှာဖြစ်လို့ COC အားကောင်းနေဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၃။ နွေဦးတော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့အထိ မဆုတ်မနစ် ချီတက်မယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို
📌 ၄။ လူ့အခွင့်အရေးကိုတိုက်ယူနေရကြောင်းကိုဖော်ထုတ်ပြသရေး Profile Campaign မှာပါဝင်ဖို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး တိုက်တွန်း
📌 ၅။ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ဂစ်တာကို တော်လှန်ရေးအတွက် ပရော့ဂျက်အဖြစ် ကံစမ်းမဲလက်မှတ်များရောင်းချ
📌 ၆။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ထံမှ တပ်သား တစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာ
📌 ၇။ မြိုင်မြို့နယ် ကိုင်းတောမ ဆေးရုံကြီးမြောက်ဘက်လမ်းကြားမှာ ကင်းပတ်လာတဲ့ စကစတပ်ဖွဲ့ ၄ ဦးကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံး
📌 ၈။ ဒီပဲယင်း ကံပြားဘက်သို့ ဝင်ရောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၇၀ ခန့် ပျော်ဖွယ်ကျေးရွာသို့ဝင်ရောက်ခဲ့ပြီး အရပ်သားပြည်သူနေအိမ် ၂၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လေယာဉ်ပစ်ချတဲ့ လက်နက်များရှိပါက အကြမ်းဖက်စစ်တပ်ကို ၆ လလောက်နဲ့လုံးဝ အနိုင်ရသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
လေယာဉ်ပစ်ချတဲ့ လက်နက်များရှိပါက အကြမ်းဖက်စစ်တပ်ကို ၆ လလောက်နဲ့လုံးဝ အနိုင်ရသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက်ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next အွန်လိုင်း ညီလာခံတက်ရောက်တဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
“တိုက်ခိုက်သတ်ဖြတ်နေတာ၊ နောက်တခါ ရွာတွေကိုလိုက်ပြီးမီးရှို့နေတာ စသဖြင့် ဒါတွေကို ကာကွယ်နိုင်ဖို့ လေယာဉ်ပစ်ချတဲ့ လက်နက်များရှိရင်တော့ ကျနော်ထင်တာ ၆ လလောက်နဲ့ဆို ကျနော်တို့လုံးဝ နိုင်သွားပါပြီ။ သူတို့ကိုယ်တိုင်က ဆွေးနွေးတဲ့စားပွဲဝိုင်းကို ရောက်လာချင်မှာပါ"လို့ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းကိုကူညီသလိုမျိုး မြန်မာကို အကူအညီပေးကြဖို့နဲ့ မြန်မာပြည်သူတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အတော်လေး ခံစားနေရတယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ အုပ်ချုပ်မှုပုံစံအမှားနှင့် အချင်းချင်းအဆင်မပြေတိုက်ခိုက်နေကြလျှင် ပြည်သူတွေအတွက် အခက်အခဲကြုံရမှာဖြစ်လို့ COC အားကောင်းနေဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
အုပ်ချုပ်မှုပုံစံအမှားနှင့် အချင်းချင်းအဆင်မပြေတိုက်ခိုက်နေကြလျှင် ပြည်သူတွေအတွက် အခက်အခဲကြုံရမှာဖြစ်လို့ COC အားကောင်းနေဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"တော်လှန်ရေးအချိန်ကြာလာတာနှင့်အမျှ ပြည်သူများ၏ ခံနိုင်ရည်စွမ်းရည် ကျလာနိုင်ကြောင်း၊ အဓိကအားဖြင့် ဆက်တိုက်ဖိခံနေရသောဒေသများတွင် ဆက်လက်တောင့်ခံထားဖို့အတွက် အခက်အခဲရှိကြောင်း၊ ဒီလိုအချိန်တွင် တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍမှ ရှိနေသောအမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းဟာ အရေးကြီးနေကြောင်း၊ မြေပြင်တွင် ဒုက္ခမျိုးစုံတွေ့ဆုံနေရသော အချိန်၌ စီမံအုပ်ချုပ်သူတို့အစီအမံတွင် အုပ်ချုပ်မှုပုံစံအမှားနှင့် အချင်းချင်းအဆင်မပြေတိုက်ခိုက်နေကြလျှင် ပြည်သူတွေအတွက် အခက်အခဲကြုံရမည်ဖြစ်သဖြင့် မြေပြင်ရှိနေသော ပအဖ၊ ပလဖ၊ ပကဖ၊ စစ်ဒေသ အသီးသီးရဲ့ စီမံအုပ်ချုပ်မှု အောက်တွင်ရှိနေသော PDF, LPDF အားလုံးသည် သက်ဆိုင်ရာဌာနတွေရဲ့ COCအားကောင်းနေဖို့လိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၈/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့အထိ မဆုတ်မနစ် ချီတက်မယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို
နွေဦးတော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့အထိ မဆုတ်မနစ် ချီတက်မယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ စီမံကိန်း ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုထားပါတယ်။
"တရားမျှတ လွတ်လပ်ခြင်းနှင့် အတူလူပီသတဲ့ ရှင်သန်ရပ်တည်မှုများအတွက်ဒီတော်လှန်ရေးကို ပန်းတိုင်ရောက်သည်အထိမဆုတ်မနစ် ချီတက်မယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့စစ်အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၄။ လူ့အခွင့်အရေးကိုတိုက်ယူနေရကြောင်းကိုဖော်ထုတ်ပြသရေး Profile Campaign မှာပါဝင်ဖို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး တိုက်တွန်း
လူ့အခွင့်အရေးကိုတိုက်ယူနေရကြောင်းကိုဖော်ထုတ်ပြသရေး Profile Campaign မှာပါဝင်ဖို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ လူမှုကွန်ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုထားပါတယ်။
"ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း စစ်အာဏာရှင် ရဲ့မတရားဖိနှိပ်မှုတွေအောက်မှာ သွေးမအေးဘူးဆိုတာကို ဖော်ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အရေးတွေတားမြစ်ပိတ်ပင်ခံနေရလို့ တိုက်ယူနေရကြောင်းကိုဖော်ထုတ်ပြသရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေး စတဲ့ ရည်ရွယ်ချက်တွေကို ဖော်ထုတ်ပြသဖို့ 10 D Campaign အတွင်းဆောင်ရွက်သွားမယ့် Profile Campaign မှာပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်"လို့ဆိုထားပါတယ်။
Profile Campaign ကိုတော့ ဒီဇင်ဘာလ (၂) ရက်နေ့ကနေ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ ပါဝင်ပေးရမှာဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့ (10 D) မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် (နဝတ) စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ၁၉၉၁ ခုနှစ်ရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်” ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။
========================
📌📌 ၅။ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ဂစ်တာကို တော်လှန်ရေးအတွက် ပရော့ဂျက်အဖြစ် ကံစမ်းမဲလက်မှတ်များရောင်းချ
သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ဂစ်တာကို တော်လှန်ရေးအတွက် ပရော့ဂျက်အဖြစ် ကံစမ်းမဲလက်မှတ်များရောင်းချပေးနေတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁ ရက်မှာ H2B ရဲ့ အသိပေးကြေညာချက်အရသိရပါတယ်။
"မင်းမော်ကွန်းရဲ့မြတ်နိုးတန်ဖိုးထားခဲ့ရတဲ့အနှစ်၂၀ကျော်လက်တွဲဖော်ဂစ်တာလေးအားတော်လှန်ရေးအတွက်ပြည်သူတွေထံပေးအပ်သွားမည့် သူ၏ပထမဆုံးပရော့ဂျက်မှာပါဝင်ကြဖို့ဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။ ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများပရော့ဂျက်အတွက်လက်မှတ်တစောင် အမေရိကန်ဒေါ်လာ၂၀ နဲ့ H2B page မှာလာရောက်ဝယ်ယူလို့ရပြီလို့သိရပါတယ်။
========================
📌📌 ၆။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ထံမှ တပ်သား တစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ထံမှ တပ်သား တစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ နဂါးနီစစ်ကြောင်း၊ တပ်ခွဲ ၂ ကအသိပေးဆိုပါတယ်။
"ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ခလရ၂၈၄မှ တပ်သား စက်ပိုင်ထွန်းဟာ နဂါးနီစစ်ကြောင်း၊တပ်ခွဲ ၂ နှင့် KNLA တပ်ရင်း၁၇ တပ်ခွဲ ၂ ထံသို့ လာရောက် ပူးပေါင်း CDM ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
CDM လာရောက်ပြုလုပ်သောတပ်သားအား နဂါးနီစစ်ကြောင်းတပ်ခွဲ (၂) မှ ကြိုဆို၍ လိုအပ်မည့် အဝတ်အစား၊အသုံးအဆောင်များနှင့် ထောက်ပံ့ငွေများ ကူညီပံ့ပိုးခဲ့ပါတယ်။ နဂါးနီစစ်ကြောင်း တပ်ခွဲ ၂ နှင့် KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံသို့ လာရောက် ပူးပေါင်း CDM ပြုလုပ်ကြသည်မှာ ၁၀ ဦးကျော်ထိ ရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ် ကိုင်းတောမ ဆေးရုံကြီးမြောက်ဘက်လမ်းကြားမှာ ကင်းပတ်လာတဲ့ စကစတပ်ဖွဲ့ ၄ ဦးကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံး
မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမ ဆေးရုံကြီးမြောက်ဘက်လမ်းကြားမှာ ကင်းပတ်လာတဲ့ စကစတပ်ဖွဲ့ ၄ ဦးကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်မှာ စစ်ရေးသတင်းကို Myaing Garuda P.D.F ကအတည်ပြုဆိုပါတယ်။
"ဒီဇင်ဘာ ၁ ရက်ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပကဖ တပ်ရင်း ၁၊ တပ်ခွဲ ၂)နှင့် GOD OF BURMESE ARMY (G.O.B.A) တို့ပူးပေါင်း၍ ကိုင်းတောမ ဆေးရုံကြီးမြောက်ဘက်လမ်းကြား၌ မနက် ၇:၄၅ အချိန်ခန့်တွင် ကင်းပတ်နေသောစကစတပ်ဖွဲ့ဝင်၄ဦးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင်၂ ဦးနေရာတင်သေဆုံးခဲ့ပြီးတော့ ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ဒီပဲယင်း ကံပြားဘက်သို့ ဝင်ရောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၇၀ ခန့် ပျော်ဖွယ်ကျေးရွာသို့ဝင်ရောက်ခဲ့ပြီး အရပ်သားပြည်သူနေအိမ် ၂၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့
စစ်ကိုင်းတိုင်း ဒီပဲယင်း ကံပြားဘက်သို့ ဝင်ရောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ပျော်ဖွယ်ကျေးရွာသို့ဝင်ရောက်ခဲ့ပြီး အရပ်သားပြည်သူနေအိမ် ၂၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းမှာ စကစတပ်များဟာ ပျော်ဖွယ်ကျေးရွာသို့ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
"ယနေ့နံနက်ပိုင်း ဒီပဲယင်း ကံပြားဘက်သို့ ဝင်ရောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၇၀ ခန့်သည် ပျော်ဖွယ်ကျေးရွာသို့ဝင်ရောက်ခဲ့ပြီး အရပ်သားပြည်သူနေအိမ် ၂၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်မစိုးရိမ်ကျေးရွာမှ ပြည်သူ (၄) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ဒီပဲယင်းမြို့တွင်း သို့ဝင်ရောက်သွားတယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment