30th DEC 2022 - Evening Daily News by Radio NUG

၂၀၂၂ ဒီဇင်ဘာလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုက ထောင်ဒဏ် နှစ် ယနေ့ထပ်မံချမှတ်

📌 ၂။၂၀၂၃ ခုနှစ်အတွက် ယာယီသမ္မတ ဆုမွန်ကောင်းတောင်း

📌 ၃။ NUG အစိုးရရဲ့ တော်လှန်ရေးပန်းတိုင်ဟာ ပြည်ထောင်စုအသစ်နဲ့တပ်မတော်အသစ်တစ်ခု ထူထောင်ကြဖို့ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

📌 ၄။ NUG CRPH ERO PDF တို့ကိုအမည်တပ်ပြီးအသိအမှတ်ပြုခြင်းက စစ်ကောင်စီအတွက် အကြီးမားဆုံးသော နိုင်ငံရေးဆုံးရှုံးမှုဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၅။ ShweBo justice force မှ ထုတ်လုပ်သော လက်လုပ်သေနတ်များ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများထံပေးပို့ဖြန့်ဝေမယ်

📌 ၆။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် စစ်အုပ်စုက မတရားချမှတ်

📌 ၇။ မြိုင်နယ်မြောက်ပိုင်း အိုးဘိုရွာမှာ ညအိပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့မနက် အိုးဘိုရွာကိုမီးရှို့ဖျက်ဆီး

📌 ၈။ တနင်္သာရီတိုင်း၊ပုလောမြို့နယ်ပလမြို့အထွက်တွင် တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်မှ တိုကျေးရွာကို မီးရှို့ဖျက်ဆီး

📌 ၉။အာဏာရှင်နိဂုံး ၂၀၂၃ကို ကြိုဆိုကြဖို့ Facebook Profile ပြောင်းရန်တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုက ထောင်ဒဏ် နှစ် ယနေ့ထပ်မံချမှတ်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုက ထောင်ဒဏ် နှစ် ယနေ့ထပ်မံချမှတ်ရာ စုစုပေါင်းထောင်ဒဏ် ၃၃နှစ်အထိရှိလာပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ လက်ကျန် အမှု မှုအပေါ် တရားရုံးက မတရားအမိန့်ချမှတ်ခဲ့တာလို့ နေပြည်တော် တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။


ဒီဇင်ဘာ ၃၀ ရက်နေ့ချမှတ်လိုက်တဲ့ မတရားစွပ်စွဲထားတဲ့အမှုများဟာ ရဟတ်ယာဥ်ငှားရမ်းမှုနဲ့ ဝယ်ယူရာမှာနစ်နာမှုတို့ အပါအဝင်ဖြစ်ပါတယ်။ နေပြည်တော် အချုပ်ထောင်မှာ သီးသန့်ထားရှိတဲ့ အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့က စတင်ဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပါတယ်။ ယနေ့ချမှတ်လိုက်တဲ့ ထောင်ဒဏ်၇နှစ်အပါအဝင် ယခင် ချမှတ်ထားသော ထောင်ဒဏ်များပါ ပေါင်းလိုက်ပါက ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စုကချမှတ်ထားတဲ့ထောင်ဒဏ် ၃၃ နှစ်ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။၂၀၂၃ ခုနှစ်အတွက် ယာယီသမ္မတ ဆုမွန်ကောင်းတောင်း


၂၀၂၃ ခုနှစ်မှာ မြန်မာပြည်သူလူထုအားလုံး ငြိမ်းချမ်းကောင်းမွန်စွာ နေထိုင်နိုင်ပါစေလို့ ယာယီသမ္မတဒူဝါလရှီးလက ဆုမွန်ကောင်းတောင်းပေးအပ်လိုက်ပါတယ်။ ဒီဇင်ဘာလနောက်ဆုံးပတ် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။


"၂၀၂၃ ခုနှစ်ကို ပြည်သူလူထု ငြိမ်းချမ်းစွာနေနိုင်ဖို့၊ကောင်းမွန်စွာ စားသောက်နိုင်ဖို့၊ကောင်းမွန်စွာ စာသင်နိုင်ဖို့ဆိုတဲ့ အခွင့်အလမ်းတွေ ရသွားနိုင်ပါတယ်။ရလည်းရပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လိမ်လည်လှည့်ဖျားတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုနဲ့နိုင်ငံတကာက နားမယောင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာများရေးဆွဲ ပြီးစနစ်တကျ လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတက အသိပေးဆိုပါတယ်။


========================


📌📌 ၃။ NUG အစိုးရရဲ့ တော်လှန်ရေးပန်းတိုင်ဟာ ပြည်ထောင်စုအသစ်နဲ့တပ်မတော်အသစ်တစ်ခု ထူထောင်ကြဖို့ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား


NUG အစိုးရရဲ့ တော်လှန်ရေးပန်းတိုင်ဟာ ပြည်ထောင်စုအသစ်နဲ့တပ်မတော်အသစ်တစ်ခု ထူထောင်ကြဖို့ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာလအတွင်း စစ်ရေးနဲ့ပတ်သက်လို့ တွေ့ဆုံပြောကြားရာမှာ  ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


"ကျနော်တို့မှာ အင်မတန် ရှင်းလင်းပြတ်သားတဲ့ တော်လှန်ရေးပန်းတိုင်လည်းရှိတယ်။တော်လှန်ရေးလမ်းစဥ်လည်း ရှင်းရှင်းလင်းလင်း ရှိတယ်။ကျနော်တို့မျှော်မှန်းတဲ့ ပန်းတိုင်က စစ်အာဏာရှင် စနစ်အကြွင်းမဲ့ ဖယ်ရှားရမယ်။ ပြီးလို့ရှိရင် ကျနော်တို့နိုင်ငံမှာ ပြည်ထောင်စုအသစ်တစ်ခု၊ တပ်မတော် အသစ်တစ်ခုကို ထူထောင်ကြဖို့ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအတွက် အဆုံးအဖြတ်နှစ်အဖြစ်သက်မှတ်ကာ မဟာဗျူဟာများ ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ NUG CRPH ERO PDF တို့ကိုအမည်တပ်ပြီးအသိအမှတ်ပြုခြင်းက စစ်ကောင်စီအတွက် အကြီးမားဆုံးသော နိုင်ငံရေးဆုံးရှုံးမှုဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


NUG CRPH ERO PDF တို့ကိုအမည်တပ်ပြီးအသိအမှတ်ပြုခြင်းက စစ်ကောင်စီအတွက် အကြီးမားဆုံးသော နိုင်ငံရေးဆုံးရှုံးမှုဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဆိုလိုက်ပါတယ်။


"NDAA ဥပဒေရဲ့ ထူးခြားချက်ကတော့ NUG CRPH ERO PDF တို့ကို လေလှိုင်းပေါ်ကအစိုးရတို့ အကြမ်းဖက်အဖွဲ့တို့ဆိုပြီး အကြမ်းဖက်စစ်ကောင်စီက  ဝါဒဖြန့်ပုံဖျက်နေပေမဲ့ မြန်မာ့ဒီမိုကရေစီအရေး‌အောင်မြင်ဖို့အတွက် ဒီအဖွဲ့အစည်းတွေကို ကူညီပေးရမယ်ဆိုပြီး အမည်တပ်ပြီးအသိအမှတ်ပြုခြင်းက စစ်ကောင်စီအတွက် အကြီးမားဆုံးသော နိုင်ငံရေးဆုံးရှုံးမှုဖြစ်သလို ကျွန်တော်တို့အတွက် တကယ့်ကို အကျိုးရှိတဲ့ နိုင်ငံရေးအသိအမှတ်ပြုခံရခြင်းဖြစ်ပါတယ်။"လို့ဝန်ကြီးကဆိုပါတယ်။


အမေရိကန် နိုင်ငံရဲ့ NDAA ဥပဒေကို အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့ဟာ အတည်ပြုခဲ့ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဥပဒေကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ NDAA မှာ Burma Actကို ထည့်သွင်းရေးသားထားပြီး NUG CRPH ERO PDF တို့ကိုနည်းပညာအထောက်အကူများပေးအပ်ရန်အပါအဝင် အထောက်အပံ့များပေးအပ်ဖို့ပါဝင်ပါတယ်။


========================


📌📌 ၅။ ShweBo justice force မှ ထုတ်လုပ်သော လက်လုပ်သေနတ်များ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများထံပေးပို့ဖြန့်ဝေမယ်


ShweBo justice force မှ ထုတ်လုပ်သော လက်လုပ်သေနတ်များ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများထံပေးပို့ဖြန့်ဝေမယ်လို့ ဒီဇင်ဘာ ၃၀ ရက်မှာ SJF Gun Prodution မှအသိပေးဆိုပါတယ်။


"SJF Gun Prodution မှမဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများထံ မကြာမီ ပေးပို့တော့မယ့်လက်နက်အသစ်များဖြစ်ပါတယ်"လို့ ဖော်ပြအသိပေးဆိုပါတယ်။ အဆိုပါလက်လုပ်သေနတ်များဟာ တိုက်ပွဲဝင်အဆင့်အဖြစ်အသုံးပြုနိုင်ပြီး သေနတ်ဒင်များဟာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ပုံစံများလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် စစ်အုပ်စုက မတရားချမှတ်


ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် စစ်အုပ်စုကမတရားချမှတ်ခဲ့ပါတယ်။ မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင်းအထူးတရားရုံးမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၀ () ဖြင့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ AAPPကဖော်ပြပါတယ်။


၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဒေါ်ရွက်နုအောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အိုးဘိုထောင်တွင်း၌ ပြုလုပ်သော တရားရုံးချိန်းမှအပြန် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၁၆၇) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၈၆၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၇။ မြိုင်နယ်မြောက်ပိုင်း အိုးဘိုရွာမှာ ညအိပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့မနက် အိုးဘိုရွာကိုမီးရှို့ဖျက်ဆီး


ဒီဇင်ဘာ ၃၀ ရက်နေ့မနက်ပိုင်းမှာ အိုးဘိုရွာကို စကစတပ်များကမီးရှို့ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"မနေ့ညက မကွေးတိုင်း မြိုင်နယ်မြောက်ပိုင်းအိုးဘိုရွာမှာ ညအိပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာယနေ့မနက် အစော နာရီ ၂၀ အချိန်အိုးဘိုရွာကို မီးရှို့ဖျက်ဆီးပြီး နာရီခန့်မှာ အိုးဘိုရွာကနေ ထွက်ခွာသွားပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ မြိုင်မြို့နယ် တစ်ကြောကို စစ်ကြောင်းထိုးမွှေနှောက်နေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ တနင်္သာရီတိုင်း၊ပုလောမြို့နယ်ပလမြို့အထွက်တွင် တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်မှ တိုကျေးရွာကို မီးရှို့ဖျက်ဆီး


တနင်္သာရီတိုင်း၊ပုလောမြို့နယ်ပလမြို့အထွက်တွင် တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်မှ တိုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းကိုဒီဇင်ဘာ၃၀ရက်နေ့မှာ TanintharyiDefenseForce က အတည်ပြုဆိုပါတယ်။


"တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပလမြို့မှ ထွက်ခွါလာသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့ နံနက်ပိုင်း ပလမြို့အထွက်တွင် တိုက်ခိုက်ခံရပြီးနောက် တိုကျေးရွာအရောက်တွင် ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်များဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ် အဆောက်အအုံ လေးသောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၉။အာဏာရှင်နိဂုံး ၂၀၂၃ကို ကြိုဆိုကြဖို့ Facebook Profile ပြောင်းရန်တိုက်တွန်း


ဒီဇင်ဘာနောက်ဆုံးပတ်မှာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အခုလိုနှိုးဆော်ထားပါတယ်။ "အသက်နဲ့ရင်းပြီး ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ PDFs နဲ့ EROsရဲဘော်တွေ၊ ဘဝတွေရင်းပြီး မြေပြင်မှာ သပိတ်‌တိုက်ပွဲ မြေအောက်မှာတော်လှန်ရေး ဆင်နွှဲနေကြတဲ့ရဲဘော်တွေ၊ အာဏာရှင်ခိုင်းတာမလုပ်တဲ့ CDMs ဝန်ထမ်းတွေ။အာလုံးဟာ ရှိသမျှ ပုံအောရင်းပြီး အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနေကြတယ်။ 

မြန်မာပြည် အာဏာရှင်လက်မှအပြီးတိုင်လွတ်မြောက်ရေး၊ အနာဂတ်မြန်မာ့မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်တဲ့ မြန်မာပြည်ကို လက်ဆင့်ကမ်းအမွေပေးနိုင်ရေးဆိုတဲ့ ပန်းတိုင်တွေကို ရည်မှန်းရှုမျှော်ကြရင်း လူတိုင်းကိုယ်စီ ကိုယ်တတ်စွမ်းရာအခန်းကဏ္ဍကနေ ပါဝင်ကြမှ၊ အကာတွေကိုပယ် အနှစ်ကိုယူပြီး ညီညီညာညာ စုပေါင်းလုပ်ဆောင်ကြမှ ဒီခရီး ဒီပန်းတိုင်ကို ရက်တိုတိုနဲ့ ရောက်မှာပါ"လို့ဖော်ပြပါတယ်။

အာဏာရှင်နိဂုံး ၂၀၂၃ကို ကြိုဆိုကြဖို့ Facebook Profile ပြောင်းတာ၊ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဆန္ဒထုတ်ဖော်တာတွေဟာ အင်တာနက်သုံးနိုင်တဲ့သူတိုင်း တော်လှန်ရေးမှာ အလွယ်တကူပါဝင်နိုင်တဲ့ နည်းလမ်းတွေလည်းဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment