၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို NUG ထုတ်ပြန်
📌 ၂။ စစ်တပ်က နိုင်ငံရေးထဲဝင်မပါခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက အခြေခံအကြောင်းတရားဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို
📌 ၃။ နှစ်သစ်ကူး အကြိုညနှင့် နှစ်သစ်ကူး နေ့ရက်များတွင် ပြည်သူများအတွက် ဘေးအန္တရာယ် သတိပေးချက်တစ်ရပ်ထုတ်ပြန်
📌 ၄။ နွေဦးတော်လှန်ရေးမှာ ကြုံရတဲ့ သင်ခန်းစာတွေဟာ တန်ဖိုးမြင့်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြော
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန ဒုဝန်ကြီးနှင့် နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ တွေ့ဆုံဆွေးနွေး
📌 ၆။ လက်နက်တပ်ဆင်ရေးကို MOD က ရပ်တန့်မထားဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း အသိပေး
📌 ၇။ "2023 ရောက်လည်း ငါတို့မနိုင်မချင်း ဆက်ပြီးတော်လှန်နေဦးမှာပဲ" ဘန်နာကို ဂုန်းကျော်တံတားပေါ်တွင် ချိတ်ဆွဲ
📌 ၈။ EOD ရဲ့ Spring Investment စီမံကိန်းများ လက်ကျန်ရှိနေသေးကြောင်း EOD သတင်းပါး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို NUG ထုတ်ပြန်
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ကြေညာချက်တစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရက အခုလို ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့သည်ကို တွေ့ရှိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်သည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင် ပျက်ပြယ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကြေညာချက်အမှတ် (၁၃/၂၀၂၁) ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ၊ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ မတရား ညှင်းပမ်း နှိပ်စက်ခံရသူများ၊ သတ်ဖြတ်ခံရသူများ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရသူများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်စေရေး နှင့် ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့် အလေ့အထ(Impunity) ကို အဆုံးသတ်နိုင်ရေး တို့ကို မမေ့မလျော့နှလုံးသွင်းလျက် တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါကြောင်း အဆိုပါထုတ်ပြန်ကြေညာချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ဖော်ပြပါတယ်။
========================
📌📌 ၂။ စစ်တပ်က နိုင်ငံရေးထဲဝင်မပါခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက အခြေခံအကြောင်းတရားဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို
ဒီဇင်ဘာ နောက်ဆုံးပတ် မှာ သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောကြားခဲ့ပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အလုပ်မဖြစ်တော့ဘူး။ သူတို့ကိုယ်တိုင် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အာဏာသိမ်းကတည်းက ၂၀၀၈ ကို ချိုးဖောက်ပြီးသားဖြစ်သွားတယ်။ စစ်တပ်က နိုင်ငံရေးမှာ မပါဖို့နဲ့ ကိုယ့်နေရာ ကိုယ်နေဖို့က အရေးကြီးတယ်လို့မြင်တယ်။ ဒီတော်လှန်ရေးမှာ အဓိက အခြေခံအကြောင်းတရားက ဒါပါပဲ" လို့ ဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၃ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့နဲ့ နိုင်ငံရေးအရ အာဏာဆက်လက်တည်မြဲဖို့ လုပ်ဆောင်နေလျက်ရှိပါတယ်။
========================
📌📌 ၃။ နှစ်သစ်ကူး အကြိုညနှင့် နှစ်သစ်ကူး နေ့ရက်များတွင် ပြည်သူများအတွက် ဘေးအန္တရာယ် သတိပေးချက်တစ်ရပ်ထုတ်ပြန်
နှစ်သစ်ကူး အကြိုညနှင့် နှစ်သစ်ကူး နေ့ရက် များတွင် ပြည်သူများအတွက် ဘေးအန္တရာယ် သတိပေးချက်တစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
"အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာအတွက် ပြည်သူများကို တိုက်ခိုက် ရန် လက်မရွံ့ကြောင်းကို အခါကြီး ရက်ကြီးနေ့ရက်များတွင် တိုင်းရင်းသား ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များအား မီးရှို့ခြင်းနှင့် ဘာသာရေးအဆောက်အဦများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်း အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်ခြင်း အစရှိသည့် လူမဆန်သော ရာဇဝတ်မှုတို့က သက်သေခံလျက်ရှိပါတယ်" လို့ ဆိုပါတယ်။
ထို့အတူ နိုင်ငံတကာနှင့် သံတမန်ရေးတွင် ရှုံးနိမ့်မှုများ ကြုံတွေ့လျက်ရှိသော စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ပုံဖော်နိုင်ရန် နည်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိပါတယ်။
ထို့ကြောင့် ယခုကဲ့သို့ နှစ်သစ်ကူး အကြိုညနှင့် နှစ်သစ်ကူး နေ့ရက်များတွင် ပြည်သူများအနေဖြင့် လူစုလူဝေးများပြားသည့်နေရာများ၌ အကြမ်းဖက်လုပ်ရပ် များကို အထူးသတိပြုကြပါရန် သတိပေး ကြေညာအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ပြထားပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးမှာ ကြုံရတဲ့ သင်ခန်းစာတွေဟာ တန်ဖိုးမြင့်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြော
“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ” အတွဲ (၁)၊ အမှတ် (၁၁)ပြည်ထောင်စုဝန်ကြီး စကားသံမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က "အခြေခံမူ၊ ရပ်တည်ချက်၊ စံတန်ဖိုးများမခိုင်ရင် လူတိုင်းဟာ ဝမ်းရေးပဲ ထည့်တွက်စရာရှိတာ ဖြစ်ပါတယ်။ဒီတော်လှန်ရေးမှာ ကြုံရတဲ့ သင်ခန်းစာတွေဟာ တန်ဖိုးမြင့်ပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန ဒုဝန်ကြီးနှင့် နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများအကြား အမြင်ချင်းဖလှယ်ရန်နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် Online တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ သိရှိပါတယ်။
နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးမှ ကမကထပြု၍ သုံးပတ်တကြိမ် ပြုလုပ်နေသည့် ဤဆွေးနွေးပွဲတွင် NUG နိုင်ငံခြားရေးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ နော်ဝေကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ပြင်သစ် ကိုယ်စားလှယ် မနန်းစုမွန်အပါအဝင် ဂျာမဏီ၊ ပြင်သစ်၊ နယ်သာလန်၊ ဖင်လန်၊ နော်ဝေ၊ UK, ကနေဒါ နှင့် အိုင်ယာလန်တို့မှ လှုပ်ရှားတက်ကြွသူများမှ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် ဂျာမနီနိုင်ငံက moderator အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားရေး၊ သံတမန်ရေးနှင့် ထောက်ပို့ရေးရာများအပါအဝင် အခြား အရေးကြီးသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၆။ လက်နက်တပ်ဆင်ရေးကို MOD က ရပ်တန့်မထားဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း အသိပေး
တပ်ရင်းတစ်ရင်းကို လက်နက်တပ်ဆင်စရိတ် ဒေါ်လာတစ်သန်းအထက်ရှိသော်လည်း လက်နက်တပ်ဆင်ရေးကို MOD က ရပ်တန့်မထားဘဲ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ နောက်ဆုံးပတ် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ဆိုပါတယ်။
"လက်နက်တပ်ဆင်တဲ့တစ်ပိုင်းထဲကို ကြည့်မယ်ဆိုရင် တပ်ရင်းတစ်ရင်းကိုပဲ လက်နက်ကြီးမပါဘဲ အခြေ ခံလက်နက်တပ်ဆင်စရိတ်က ဒေါ်လာ ၁ သန်းအထက်မှာ ရှိပါတယ်။ အဲဒီတော့ တပ်ရင်းတွေကိုပဲ လက်နက်တပ်ဆင်ဖို့ပဲ ဒေါ်လာ သန်း ၃၀၀ လောက် အနေအထားရှိပါတယ်။ ဒါပေမယ့် လက်နက်တပ်ဆင်ရေးအပိုင်းကို ကျနော်တို့အနေနဲ့ နည်းနည်းနဲ့ကျဲကျဲ အရင်ကတည်းကဆောင်ရွက်နေပါတယ်။ အခုလည်း ဆောင်ရွက်နေပါတယ်" လို့ ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးနဲ့ မြို့နယ်ပကဖ အဖွဲ့ ပေါင်း ၂၅၀ ကျော်အပါအဝင် LDF နဲ့ မြို့ပြပြောက်ကျား လူငယ်အဖွဲ့များလည်း ရာနဲ့ချီ ရှိနေပါတယ်။
========================
📌📌 ၇။ "2023 ရောက်လည်း ငါတို့မနိုင်မချင်း ဆက်ပြီးတော်လှန်နေဦးမှာပဲ" ဘန်နာကို ဂုန်းကျော်တံတားပေါ်တွင် ချိတ်ဆွဲ
အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ မန္တလေးသပိတ်တက်ကြွလူငယ်များမှ လုပ်ဆောင်ခဲ့တာလို့ သတင်းရရှိပါတယ်။
"2023 ရောက်လည်းငါတို့မနိုင်မချင်းတော်လှန်နေဦးမှာပဲ" စာသားပါ ဘန်နာက်ို ဂုန်းကျော်တံတားပေါ်တွင် မန္တလေးသပိတ်တက်ကြွလူငယ်များမှ ချိတ်ဆွဲခဲ့ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်" လို့ ဖော်ပြထားပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးများမှာ ပြောက်ကျား လှုပ်ရှားမှု သပိတ်များကို နှစ်နှစ်ပြည့်ခါနီး အခုချိန်အထိ လူငယ်များက ဆင်နွှဲလျက်ရှိပါတယ်။
========================
📌📌 ၈။ EOD ရဲ့ Spring Investment စီမံကိန်းများ လက်ကျန်ရှိနေသေးကြောင်း EOD သတင်းပါး
EOD ရဲ့ Spring Investment စီမံကိန်းများ လက်ကျန်ရှိနေသေး၍ ရင်းနှီးမြုပ်နှံဖို့ အခွင့်အရေးလက်လွတ်မခံဘဲ ဝယ်ယူကြဖို့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ EOD က အသိပေးနှိုးဆော်လိုက်ပါတယ်။
"အာဏာရှင်စနစ် အဆုံးသတ်ဖို့ တော်လှန်ပြည်သူတွေ ထောက်ပို့ခဲ့ကြတဲ့ ပရောဂျက်များအနက် EOD ရဲ့ Spring Investment စီမံကိန်းများဟာ တော်လှန်ရေး ရန်ပုံငွေ အများဆုံး ရရှိခဲ့ပါတယ်။ EOD မြေကွက်လက်ကျန် စာရင်းကို ကြည့်ရင် တချို့စီမံကိန်းများဟာ လက်ကျန်လုံးဝ မရှိအောင် ရောင်းချထားပြီး ဖြစ်ပေမဲ့ တချို့စီမံကိန်းများမှာ ရင်းနှီးမြုပ်နှံဖို့ အခွင့်အရေး ရှိနေသေးကြောင်း တွေ့ရပါမယ်။ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံပါ။ ကိုယ့်အနာဂတ်အတွက်တင်မက နိုင်ငံရဲ့ အနာဂတ်၊ ဒီမိုကရေစီရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ရင်းနှီးမြုပ်နှံမှု ဖြစ်စေရပါမယ်" လို့ ဖော်ပြဆိုထားပါတယ်။
“ဖက်ဆစ်ဆိတ်သုဉ်း ၂၀၂၃” ဖြစ်စေဖို့ EOD ကိုယ်စားလှယ်များနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်...
No comments:
Post a Comment