31st DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။  ပြည်ထောင်စုဝန်ကြီးချုပ် နှင့် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး

📌 ၂။  လက်နက်ချ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနအသိပေးဖော်ပြ

📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်တွင် တီထွင် ဖန်တီးနိုင်စွမ်းများကို အားပေးအားမြှောက်ပြုမည့် ပညာရေးစနစ်ဖြစ်ရန်လိုအပ်တယ်လို့ ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို

📌 ၄။ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကိုဖျက်ဆီးဖို့အကြမ်းဖက်တံဆိပ်အဖြစ် စစ်အုပ်စုက ကပ်လိမ့်မယ်လို့ ဦးမင်းကိုနိုင်ဆို

📌 ၅။ နှစ်သစ်ကူးလက်ဆောင်အဖြစ် မိသားစုနဲ့ မိတ်ဆွေတွေ အတွက် NUGPay Activation Code ဝယ်ယူပေးရန် တိုက်တွန်း

📌 ၆။ အကြမ်းဖက် စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၆၈၈) ဦးထိ ရှိလာ

📌 ၇။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအားမုံရွာနယ် သို့ရဟတ်ယာဥ်များနဲ့ အင်အားပြောင်းရွှေ့ချထား

📌 ၈။ မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာ ရဲနှင့်ပျူများ ကင်းလှည့်သွားလာနေစဉ်တော်လှန်ရေးရဲဘော်များပစ်ခတ်၍ စကစတပ်ကသုံးဦး ကျည်ထိမှန်

📌 ၉။ စစ်ကိုင်းတပ်မ (၃၃) မှအင်အား ၂၀ ခန့်မြင်းမူမြို့အထက () ကျောင်းအတွင်းသို့ရောက်ရှိလာပြီး Express ကားကိုအသုံးပြုလျက်မုံရွာသို့ဆက်လက်ထွက်ခွာစဉ် မိုင်းထိ

📌 ၁၀။ ကောလင်းမြို့နယ် ကျော်ဇေယျာရပ်ကွက် () အတွင်းရှိ ပြည်သူများကို စကစတပ်မှဖမ်းဆီးပြီး လမ်းထိပ်မှာ လက်ပြန်ကြိုးတုပ်ရိုက်နှက်တဲ့ ဖြစ်စဥ်များရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။  ပြည်ထောင်စုဝန်ကြီးချုပ် နှင့် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုဝန်ကြီးချုပ် နှင့် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၃၀ ရက် နေ့လည် နာရီတွင် online မှ တဆင့်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။


 တွေ့ဆုံပွဲတွင် အလုပ်သမားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်လျက် အစိုးရစတင်ဖွဲ့စည်းချိန်က စတင်ကာ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ အခက်အခဲများ၊ စိန်ခေါ်မှုများကို ဌာနခွဲများအလိုက် တင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ လိုအပ်သော လမ်းညွှန်မှုများ တော်လှန်ရေးကာလစိန်ခေါ်မှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီးဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် နှင့် ရုံးအဖွဲ့ဝင်များ၊  အလုပ်သမားဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊ ဌာနမှူးများ၊ စီဒီအမ်ဝန်ထမ်းများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။  လက်နက်ချ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနအသိပေးဖော်ပြ


လက်နက်ချ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနအသိပေးဖော်ပြလိုက်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးဖော်ပြပါတယ်။


"လက်နက်ချ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များ နံပါတ်တစ်အရ လက်နက်ချ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း မပြုရ"လို့ဖော်ပြထားပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀နီးပါးရှိပြီး မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်ရှိကာ ကျင့်ဝတ်နဲ့စည်းကမ်းများကို ကာကွယ်ရေးဝန်ကြီးဌာနက အတိအလင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်တွင် တီထွင် ဖန်တီးနိုင်စွမ်းများကို အားပေးအားမြှောက်ပြုမည့် ပညာရေးစနစ်ဖြစ်ရန်လိုအပ်တယ်လို့ ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို


ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်တွင် တီထွင် ဖန်တီးနိုင်စွမ်းများကို အားပေးအားမြှောက်ပြုမည့် ပညာရေးစနစ်ဖြစ်ရန်လိုအပ်တယ်လို့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ ပညာရေးဝန်ကြီးဌာနဒီဇင်ဘာလ ၂၉ ရက်"ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ" ထုတ်ပြန်ချက် ပြည်ထောင်စုဝန်ကြီးဥယောဇဥ်မှာဆိုထားပါတယ်။


"ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်တွင် ကျောင်းသား၊ကျောင်းသူများ၏ ပြဌာန်းစာအုပ်ပါ အကြောင်းအရာများကို ကျက်မှတ်ဖြေဆိုခြင်းထက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊တီထွင် ဖန်တီးနိုင်စွမ်းများကို အားပေးအားမြှောက်ပြုမည့် ပညာရေးစနစ်များ ဖြစ်ရန်လိုအပ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနဟာ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်များကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကိုဖျက်ဆီးဖို့အကြမ်းဖက်တံဆိပ်အဖြစ် စစ်အုပ်စုက ကပ်လိမ့်မယ်လို့ ဦးမင်းကိုနိုင်ဆို


နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကိုဖျက်ဆီးဖို့အကြမ်းဖက်တံဆိပ်အဖြစ် စစ်အုပ်စုက ကပ်လိမ့်မယ်လို့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်ကဆိုပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ် PVTV ရုပ်သံနဲ့ဘတွေ့ဆုံမေးမြန်းခန်းမှာ ဦးမင်းကိုနိုင်ကထည့်သွင်းပြောပါတယ်။


"ဒီ တော်လှန်ရေးရဲ့ အောင်မြင်မှုကိုဖျက်ဆီးဖို့က သူက အဓိက အ‌ရာရောက်ဆုံးကိစ္စကဘာလုပ်မှာလဲဆိုတော့ တံဆိပ်ကပ်မှာပဲဗျ တံဆိပ်ကပ်မှာပဲ ဘာလဲ အကြမ်းဖက်တံဆိပ် Terrorist တံဆိပ်ကိုကပ်မှာပဲ။ အဲဒါကတော့ကျွန်တော်တို့ကြိုပြီးပြောရမယ် အဲဒီတံဆိပ်ကိုကပ်ဖို့အတွက် ဘယ်လူတွေကအနစ်နာခံပြီးထိခိုက်မှာလဲဆိုတော့ ပြည်သူတွေပဲ ပြည်သူတွေကိုသူတို့ အဲဒီလိုပက်ပက်စက်စက်လုပ်ပြီးရင် ဒါကတော့ NUG လုပ်တာ ဒါကတော့ PDF လုပ်တာဆိုပြီးတော့တံဆိပ်ကပ်မယ် အဲဒါကြောင့် ပြည်သူတွေသတိထားကြဖို့ ဒါကို ကြိုပြီးတော့ ပြောကိုပြောထားရမယ်"လို့ဆိုပါတယ်။


ပြီးခဲ့တဲ့ ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်အနီး ထိတွေ့ပစ်ခတ်မှုဖြစ်စဥ်တွင် အကြမ်းဖက် စစ်ကောင်စီက ပြည်သူကာကွယ်ရေးတပ်နဲ့ ပူးပေါင်းအဖွဲ့များအပေါ် အပြစ်ပုံချပြီး အများပြည်သူအထင်မြင်လွဲမှားရန် ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


========================


📌📌 ၅။ နှစ်သစ်ကူးလက်ဆောင်အဖြစ် မိသားစုနဲ့ မိတ်ဆွေတွေ အတွက် NUGPay Activation Code ဝယ်ယူပေးရန် တိုက်တွန်း


နှစ်သစ်ကူးလက်ဆောင်အဖြစ် မိသားစုနဲ့ မိတ်ဆွေတွေ အတွက်NUGPay Activation Code ဝယ်ယူပေးရန် တိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ NUG Pay ကနေအသိပေးဆိုပါတယ်။


"မကြာခင်မှာ နှစ်သစ်ကူးတော့မှာဆိုတော့မိသားစုနဲ့ မိတ်ဆွေတွေ အတွက် အကောင်းဆုံး နှစ်သစ်လက်ဆောင်ကတော့ NUGPay Activation Code ပဲ ဖြစ်ပါတယ်။ NUGPay ဟာ မြန်မာနိုင်ငံရဲ့ အလုံခြုံဆုံး Blockchain နည်းပညာသုံးထားတဲ့ မိုဘိုင်း ပိုက်ဆံအိတ်ပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ NUGPay နဲ့ ကိုယ်ပိုင်ငွေကြေးကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ကာ စစ်အာဏာရှင်လက်အောက်က လွတ်ကင်းတဲ့ ဘဏ္ဍာရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ အကြမ်းဖက် စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၆၈၈) ဦးထိ ရှိလာ


အကြမ်းဖက် စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၆၈၈) ဦးထိ ရှိလာတယ်လို့သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ AAPP ကဖော်ပြအသိပေးပါတယ်။


ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝကျေးရွာကို စစ်သား ၆၀ ခန့်ပါဝင်သော အကြမ်းဖက် စစ်အုပ်စု၏ စစ်ကြောင်း ဝင်ရောက်စီးနင်းစဉ်  ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် လူငယ်နှစ်ဦးဖြစ်သော ပြည့်ပြည့်ကျော်နှင့် နိုင်းနိုင်တို့ ဖမ်းဆီးခြင်းခံခဲ့ရကာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပိုဝကျေးရွာမှ စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးနောက် သတ်ဖြတ် မီးရှို့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၆၈၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအားမုံရွာနယ် သို့ရဟတ်ယာဥ်များနဲ့ အင်အားပြောင်းရွှေ့ချထား


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအားမုံရွာနယ် သို့ရဟတ်ယာဥ်များနဲ့ အင်အားပြောင်းရွှေ့ချထားတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား စစ်သုံးရဟတ်ယာဥ်များနဲ့ မုံရွာဘက်သို့ သယ်ယူပြောင်းရွှေ့ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"ဒီဇင်ဘာ ၃၀ ရက်ညနေ နာရီ မိနစ်ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား Mi-35,Mi-17 တို့ဖြင့် နှစ်ခေါက်လာသယ်ကာ မုံရွာမြို့နယ် လှည်းဒါး၊ နိဗ္ဗာန်ဝရွာဘက်သို့ စစ်ကောင်စီတပ်သားများ ချသွားပါတယ်"လို့ဆိုပါတယ်။ အဆိုပါ စကစတပ်များ အင်အားတိုးရောက်ရှိနေ၍ ဗောဓိတစ်ထောင်တောင်ကြော တစ်လျှောက်တွင် နေထိုင်သော ပြည်သူများ အထူးဂရုပြုရန် အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာ ရဲနှင့်ပျူများ ကင်းလှည့်သွားလာနေစဉ်တော်လှန်ရေးရဲဘော်များပစ်ခတ်၍ စကစတပ်ကသုံးဦး ကျည်ထိမှန်


မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာ ရဲနှင့်ပျူများ ကင်းလှည့်သွားလာနေစဉ်တော်လှန်ရေးရဲဘော်များပစ်ခတ်၍ စကစတပ်ကသုံးဦး ကျည်ထိမှန်ခဲ့ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာ ရဲနှင့်ပျူများ ကင်းလှည့်သွားလာနေစဉ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Pauk Revolution Front (PRF) မှအတည်ပြုဆိုပါတယ်။


" ဒီဇင်ဘာလ၊ ၃၀ ရက် မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာ ရဲနှင့်ပျူများ ကင်းလှည့်သွားလာနေစဉ်  Pauk Revolution Front (PRF) မှ One Shoot One Kill Mission ပထမအကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်မှ () ဦးမှာ ရင်ဘတ်ကိုထိမှန်ပြီး၊ () ဦးမှာ ဝမ်းဗိုက်ထိမှန်အပြင်းအထန်ဒဏ်ရာရရှိကာ Mission ပြီးဆုံးအောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတပ်မ (၃၃) မှအင်အား ၂၀ ခန့်မြင်းမူမြို့အထက () ကျောင်းအတွင်းသို့ရောက်ရှိလာပြီး Express ကားကိုအသုံးပြုလျက်မုံရွာသို့ဆက်လက်ထွက်ခွာစဉ် မိုင်းထိ


စစ်ကိုင်းတပ်မ (၃၃) မှအင်အား ၂၀ ခန့်မြင်းမူမြို့အထက()ကျောင်းအတွင်းသို့ရောက်ရှိလာပြီး Express ကားကိုအသုံးပြုလျက်မုံရွာသို့ဆက်လက်ထွက်ခွာစဉ် မိုင်းထိခဲ့ပါတယ်။ ဒီဇင်ဘာ ၃၀ ရက် ညနေ () နာရီ (၄၉) မိနစ်အချိန်တွင်ဝမ်းပြည့်ကျေးရွာနှင့်အလ္လကပ္ပကျေးရွာကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ People's Army To Fight Dictatorship ကအသိပေးဆိုပါတယ်။


"ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်စစ်ကိုင်းတပ်မ (၃၃) မှအင်အား ၂၀ ခန့်မြင်းမူမြို့အထက () ကျောင်းအတွင်းသို့ရောက်ရှိလာပြီးထိုမှတစ်ဆင့် Express ကားကိုအသုံးပြုလျက်မုံရွာသို့ဆက်လက်ထွက်ခွာလာစဥ်ညနေ () နာရီ (၄၉) မိနစ်အချိန်တွင်ဝမ်းပြည့်ကျေးရွာနှင့်အလ္လကပ္ပကျေးရွာကြား ၌မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှမိုင်းနှစ်ကြိမ်ဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုတိုက်ခိုက်မှု့ကြောင့်စကစတပ်များလိုက်ပါလာတဲ့ ကားမှာထိခိုက်ပျက်စီးသွားပြီးရှေ့သို့ဆက်မသွားနိုင်သောအခြေအနေကြောင့်နောက်သို့ပြန်ခေါက်သွားတယ်လို့သတင်းရရှိပါတယ်။ စစ်ဆင်ရေးကိုPeople's Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU) People's knight Defense Force Myinmu (PKDF-MMU)  TAUNGTHA People Defense Force (TTAPDF) D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စကစတပ်များထိခိုက်သေဆုံးကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၁၀။ ကောလင်းမြို့နယ် ကျော်ဇေယျာရပ်ကွက် () အတွင်းရှိ ပြည်သူများကို စကစတပ်မှဖမ်းဆီးပြီး လမ်းထိပ်မှာ လက်ပြန်ကြိုးတုပ်ရိုက်နှက်တဲ့ ဖြစ်စဥ်များရှိခဲ့


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျော်ဇေယျာရပ်ကွက် ()အတွင်းရှိ ပြည်သူများကို စကစတပ်မှဖမ်းဆီးပြီး လမ်းထိပ်မှာလက်ပြန်ကြိုးတုပ်ရိုက်နှက်တဲ့ ဖြစ်စဥ်များရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၇ အချိန်မှာ အဆိုပါဖြစ်စဥ်များဖြစ်ပွားခဲ့တယ်လို့ ကောလင်း KR Team ကအသိပေးဖော်ပြပါတယ်။


"ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၇ အချိန်ကျော်ဇေယျာရပ်ကွက် () အတွင်းရှိ ပြည်သူများကို စကစတပ်မှဖမ်းဆီးပြီး လမ်းထိပ်၌ လက်ပြန်ကြိုးတုပ် ရိုက်နှက်မှုများရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ ဖြစ်စဥ်မှာအသက်ကြီးရွယ်အို အမျိုးသမီးကြီးများပါ ပါဝင်တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment