၂၀၂၂ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၂။ မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့တဲ့ နီပေါကျောင်းသားများကို ကာကွယ်ရေးဝန်ကြီး ကျေးဇူးတင်စကားဆို
📌 ၃။ “နွေဦးတော်လှန်ရေးက အောင်မြင်မှာ မုချဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၄။ ကချင်ပြည်နယ်မှာ လုံခြုံမှုမရှိတော့တဲ့ဖြစ်ရပ်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြား
📌 ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီနှင့် ကချင်ပြည်နယ်မှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး
📌 ၆။ Nway Oo Yaung ညီအစ်ကိုများမှ Bago Federal School နှင့်ပူးပေါင်း၍ CDM Heroes များအတွက် အကြမ်းစားဆုမဲရောင်းချ
📌 ၇။ ကျွန်းလှမြို့နယ် အင်တိုင်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခြင်းကြောင့်ပြည်သူပိုင်နေအိမ် ၁၄၃ လုံးထိ မီးလောင်ဆုံးရှုံး
📌 ၈။ စစ်အာဏာရှင်ကြောင့် အတိဒုက္ခရောက်နေရတဲ့ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြုလုပ်သော ရံပုံငွေဂီတဖျော်ဖြေပွဲရောမမြို့မှာကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး (၁၂/၂၀၂၂) ကိုကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန နှင့် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ရှိသူများမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်း ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့တဲ့ နီပေါကျောင်းသားများကို ကာကွယ်ရေးဝန်ကြီး ကျေးဇူးတင်စကားဆို
မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့တဲ့ နီပေါကျောင်းသားများကို ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၇ ရက် Twitter မှာ ကာကွယ်ရေးဝန်ကြီးကအသိပေးဆိုပါတယ်။
"စည်းလုံးညီညွတ်မှုအတွက်နီပေါ ကျောင်းသားများကို ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံနေရသူတွေနဲ့အတူ နီပေါကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားများက ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့ကြတယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကအသိပေးဖော်ပြပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာ နီပေါကျောင်းသားသမဂ္ဂက ကျောင်းသားတွေဟာ မြန်မာစစ်အုပ်စုရဲ့ ကျောင်းသားတွေအပေါ်သေဒဏ်ချမှတ်ခဲ့မှုကို ဆန့်ကျင်ပြီး နီပေါနိုင်ငံ မြန်မာသံရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ နီပေါရဲတပ်ဖွဲ့ကနေပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦးနှင့်ပြည်သူ (၁၂) ဦး စုစုပေါင်း (၁၉) ဦးကို အကြမ်းဖက် စစ်အုပ်စုမှ နိုဝင်ဘာလ (၃၀) ရက် ၂၀၂၂ ခုနှစ်တွင် သေဒဏ်ချမှတ်ခဲ့ပါတယ်။
========================
📌📌 ၃။ “နွေဦးတော်လှန်ရေးက အောင်မြင်မှာ မုချဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
"နွေဦးတော်လှန်ရေးက အောင်မြင်မှာ မုချဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဒီဇင်ဘာ ၇ ရက်မှာ တော်လှန်ရေးနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
"နွေဦးတော်လှန်ရေးက အောင်မြင်မှာ မုချဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ကအောင်မြင်မှာ မုချဖြစ်ပါတယ်။ ပြည်သူလူထု ထောက်ခံမှု ဘယ်ဘက်မှာ ဘယ်လောက်များလဲဆိုတာ အကြမ်းဖက်စစ်တပ်ကိုယ်တိုင်သိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် စကစတပ် ကို ထိန်းထားဖို့ တပ်ပျက်နေမှုကို အကြမ်းဖက် စစ်တပ်ကိုယ်တိုင် အသိဆုံးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ကထပ်လောင်းပြောပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ် ကျော်ကာလအတွင်း အကြမ်းဖက်စစ်တပ်က နှစ်သောင်း ကျော်သေဆုံးခဲ့ပါတယ်။
========================
📌📌 ၄။ ကချင်ပြည်နယ်မှာ လုံခြုံမှုမရှိတော့တဲ့ဖြစ်ရပ်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြား
ကချင်ပြည်နယ်မှာ လုံခြုံမှုမရှိတော့တဲ့ဖြစ်ရပ်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၇ ရက် မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကအသိပေးဆိုပါတယ်။
"ဖါးကန့်မှာ ကားမောင်းနေတဲ့ လူလတ်ပိုင်း ကလေး အဖေ၊ လမ်းမပေါ်နေ့ခင်းကြောင်တောင် စကစ ပစ်သတ်တာ ခံရတဲ့ မိသားစု ဘာမှ မေးပိုင်ခွင့်မရှိဘူး။ မြစ်ကြီးနား မြို့လည်ခေါင် သားအမိ ၂ ယောက် ကားမောင်းနေရင်း ပစ်သတ် ခံရတာကို စစ်လော်ဘီ တွေက ယဉ်တိုက်မှု ဆိုပြီးလော်တယ်၊ ကား ပါ သိမ်းတယ်။ မိသားစုဝင်တွေ အတွန့်မတက်ရဲဘူး။ ဖါးကန့်လမ်းမ ပေါ်က ရွာသား ၃၀ ကျော်ကို ရှေ့တန်းသွားနေတဲ့ စစ်ကြောင်းက လူသားဒိုင်းလုပ်တယ်၊ ဘယ် ရပ်မိရပ်ဖ မှ မပြောရဲဘူး"လို့ဝန်ကြီးကဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံသားအားလုံး လုံခြုံမှုမရှိတော့ဘဲ အသတ်ခံရတဲ့လူများအားလုံးကောင်းရာ ဘုံရောက်ရှိပါစေကြောင်းနဲ့ ပေးဆပ်ရတဲ့ ဘဝတွေ အတွက် ဆက်ပြီး တာဝန်ယူသွားမယ်လို့ ဝန်ကြီးကထပ်မံဆိုပါတယ်။
========================
📌📌 ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီနှင့် ကချင်ပြည်နယ်မှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ဖွဲ့စည်းထား ရှိသော ပြည်သူ့ရေးရာ ကော်မတီဟာ ကချင်ပြည်နယ်မှ CDMer များနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က တော်လှန်ရေးကာလမှာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်၍ မဝေးတော့သည့် အနာဂတ်တွင် အောင်မြင်မှုရရှိမည်မှာ မုချယုံကြည်ပါကြောင်းနှင့် အခက်အခဲများ၊ သွေးခွဲမှုများကို ပိုမိုစည်းလုံးညီညွတ်စွာ ကျော်ဖြတ်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။
ထို့နောက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် မိမိတို့ကိုယ်စားလှယ်များသည် NUG၊ CRPH နှင့် ကျရာနေရာအသီးသီးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြပါကြောင်းနှင့် ပြည်သူ့ရေးရာ ကော်မတီသည် ပြည်သူများ၏ အရေးအရာများထဲမှ CDMer များအတွက် အဓိကထား၍ ဆောင်ရွက်ပေးလျက်ရှိသည်ကို CDM များအနေဖြင့် သိစေလို၍ တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်သူ့ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီ၏ လက်ရှိအချိန်တွင် CDM များကို ကူညီပံ့ပိုးနေမှုများ၊ CDM များအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်မှ CDM သူရဲကောင်းများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ Nway Oo Yaung ညီအစ်ကိုများမှ Bago Federal School နှင့်ပူးပေါင်း၍ CDM Heroes များအတွက် အကြမ်းစားဆုမဲရောင်းချ
Nway Oo Yaung ညီအစ်ကိုများမှ Bago Federal School နှင့်ပူးပေါင်း၍ CDM Heroes များအတွက် အကြမ်းစားဆုမဲရောင်းချလျက်ရှိပါတယ်။ ဒီဇင်ဘာ ၇ ရက်မှာ ကံစမ်းမဲလက်မှတ်များရောင်းချနေပြီ ဖြစ်ကြောင်း အသိပေးဆိုပါတယ်။
"ကျွန်တော်တို့ Nway Oo Yaung ညီအစ်ကိုများမှ Bago Federal School နှင့်ပူးပေါင်း၍ CDM Heroes များအတွက် အကြမ်းစားဆုမဲရောင်းချပွဲလေးကိုစီစဉ်လိုက်ပါတယ်"လို့ဆိုပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်ရောင်းချမည်ဖြစ်ကာမဲလက်မှတ် ၁ စောင်လျှင် - ၁၀,၀၀၀(တသောင်း) ကျပ်နဲ့ မဲလက်မှတ်အစောင်ရေ ၆၀၀ တိတိရောင်းချပေးသွားမှာဖြစ်ပါတယ်။ ရရှိရန်ပုံငွေများအား Bago Federal School တွင်သင်ကြားပို့ချနေကြသော CDM ဆရာ/ဆရာမများနှင့်ပဲခူးတိုင်းအတွင်းရှိ ပညာရေး CDM များကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
========================
📌📌 ၇။ ကျွန်းလှမြို့နယ် အင်တိုင်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခြင်းကြောင့်ပြည်သူပိုင်နေအိမ် ၁၄၃ လုံးထိ မီးလောင်ဆုံးရှုံး
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် အင်တိုင်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခြင်းကြောင့်ပြည်သူပိုင်နေအိမ် ၁၄၃ လုံးထိ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။
"ဒီဇင်ဘာ ၆ ရက်နေ့မနက်တွင် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ နှင့် နောက်လိုက်ပျူစောထီး စုပေါင်းအင်အား၂၀၀ ခန့်ကျွန်းလှမြို့နယ် အင်တိုင်းရွာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ အကြမ်းဖက်ဝင်ရောက်ခဲ့ပါတယ်။ ၎င်းစစ်ကြောင်းဟာ မွန်းလွဲ ၃ နာရီတွင် အင်တိုင်းရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။
အင်တိုင်းရွာမှာ အိမ်ခြေ ၂၇၀ ကျော်ရှိသည့်အနက် စစ်ကောင်စီတပ်နှင့် နောက်လိုက်ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အင်တိုင်းကျေးရွာမှ ပြည်သူပိုင်နေအိမ် ၁၄၃ လုံးထိ မီးလောင်ပျက်ဆီးသွားခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် အင်တိုင်းရွာမှ ပြန်လည်ထွက်ခွါသွားပြီး သဖန်းဆိပ်ဆင်စွယ်စခန်းသို့ ရောက်ရှိနေကြောင်းသိရှိရပါတယ်။
========================
📌📌 ၈။ စစ်အာဏာရှင်ကြောင့် အတိဒုက္ခရောက်နေရတဲ့ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြုလုပ်သော ရံပုံငွေဂီတဖျော်ဖြေပွဲရောမမြို့မှာကျင်းပ
စစ်အာဏာရှင်ကြောင့် အတိဒုက္ခရောက်နေရတဲ့ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြုလုပ်သော ရံပုံငွေဂီတဖျော်ဖြေပွဲရောမမြို့မှာကျင်းပခဲ့ပါတယ်။ စစ်အာဏာရှင်ကြောင့် အတိဒုက္ခရောက်နေရသည့် မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြုလုပ်သော ရံပုံငွေဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၆ ရက် နေ့ ညနေပိုင်းတွင် ရောမမြို့၌ အီတလီမြန်မာအတူတကွ အဖွဲ့အစည်း ( Associazione Italia - Birmania Insieme ) က ကျင်းပခဲ့ပါတယ်။
အစီအစဥ်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူများ အထူးသဖြင့် မြန်မာအမျိုးသမီးများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ဓါတ်ပုံမှတ်တမ်းများဖြင့် စတင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီမှ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ရက်စက်စွာဖြိုခွင်းမှုများ၊ ရွာလုံးကျွတ်မီးရှို့ခြင်းများ၊ ကျောင်းသားလူငယ်များကို သေဒဏ်ချခြင်းများကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ထို့နောက် classical guitar ၊ အီတလီရိုးရာကွာရာသီချင်းများဖြင့် ပါဝင်တင်ဆက်ခဲ့ကြပြီး အစီအစဥ်သို့ ရောမမြို့ရှိ မြန်မာများမှ တက်ကြွစွာ ပူးပေါင်းလာရောက်ကြသည့်အပြင် တိုင်းရင်းသားအကများနှင့် ပါဝင်ခဲ့ကြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment