၂၀၂၂ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ခုခံတော်လှန်စစ် ဒုတိယနှစ်အတွက် ရည်မှန်းထားတဲ့ ဘဏ္ဍာငွေလိုအပ်ချက် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ပမာဏာရှိ
📌 ၂။ NUG ၏ One Year Plan ဖြင့် တော်လှန်ရေးကို တစ်နှစ်အတွင်း သွက်သွက်လက်လက် အပြီးသတ်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီနှင့် CDM Success Committee ၏ Job Creation and Income Generation Taskforce တို့တွေ့ဆုံဆွေးနွေး
📌 ၄။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း စုပုံထားသည့် ရိုဟင်ဂျာလူငယ် ရုပ်အလောင်း (၁၃) လောင်းနဲ့စပ်လျဥ်း၍ အမျိုးသားရေးညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေစတင်မည်
📌 ၅။ စစ်ကောင်စီတပ်များက ပေါက်မြို့နယ် သရဖီကျေးရွာကိုလည်း မီးရှို့
📌 ၆။ ထီးချိုင့်မြို့နယ်မှာ ရွာတွေကို မီးပတ်ရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်း ယနေ့မနက်လည်း ပေါက်ကုန်းရွာကိုမီးရှို့ဖျက်ဆီး
📌 ၇။ စစ်ကောင်စီတပ်များနဲ့ ပြည်သူလူထုများ နီးကပ်နေ၍ မစ်ရှစ်ငါးခုကို Red wolves of mogok ဖျက်သိမ်းခဲ့ရ
📌 ၈။ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး စစ်ကောင်စီကို မဖိတ်ထားဘူးလို့ကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ခုခံတော်လှန်စစ် ဒုတိယနှစ်အတွက် ရည်မှန်းထားတဲ့ ဘဏ္ဍာငွေလိုအပ်ချက် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ပမာဏာရှိ
ဒီဇင်ဘာလအတွင်း တော်လှန်ရေး ဘဏ္ဍာရန်ပုံငွေလ်ုအပ်ချက်နဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားချက်ကို EOD က အခုလိုဖော်ပြလိုက်ပါတယ်။
"ခုခံတော်လှန်စစ် ဒုတိယနှစ် ရည်မှန်းထားတဲ့ ဘဏ္ဍာငွေလိုအပ်ချက်ကတော့ ဒေါ်လာသန်း၃၀၀ ကျော်ပါတယ်။ ဒီ၃လတာကာလမှာ ဒေါ်လာသန်း၅၀လောက်ရည်မှန်းပြီး နောက်ထပ်၉လတာကာလအတွင်း ကျန်တဲ့သန်း၂၅၀ လောက်ကိုဆက်လက်ပြီးရှာဖွေသွားဖို့ရှိပါတယ်"လို့ဆိုပါတယ်။
ဒီဇင်ဘာလအတွင်း ပြည်သူတွေပါဝင်နိုင်လောက်တဲ့ လစဥ်ထည့်ဝင်ငွေ အစီအမံကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် သယံဇာတနဲ့ သဘာဝဓာတ်ငွေ့ တို့နဲ့စပ်လျဥ်းနဲ့ စီမံကိန်းပရော့ဂျက်များကိုလည်း ပြည်တွင်း ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများကို ခေါ် ယူသွားမယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ NUG ၏ One Year Plan ဖြင့် တော်လှန်ရေးကို တစ်နှစ်အတွင်း သွက်သွက်လက်လက် အပြီးသတ်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကချင်ပြည်နယ်မှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေးရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"မိမိတို့တွင် Roadmap များရှိ၍ CDM ၏အင်အားဖြင့် ယန္တရားကိုရပ်ခဲ့ပြီး ယင်းအင်အားဖြင့်ပင် မိမိတို့၏ယန္တရားကို ပြန်လည် လည်ပတ်ရန် ရရာနေရာ၊ ရောက်ရာနေရာတွင် ပြည်သူကို ဝန်ဆောင်မှုပြန်ပေးဖို့ ကြိုးစားကြရန်ဖြစ်ကြောင်း၊ Roadmap အတိုင်း စတင်၍ NUG ၏ One Year Plan ဖြင့် တော်လှန်ရေးကို တစ်နှစ်အတွင်း သွက်သွက်လက်လက် အပြီးသတ်ကြရန်ဖြစ်ကြောင်း၊ CDM မူဝါဒများ၊ CDM ကျောင်းသားမူဝါဒများအတွက် ပြတ်ပြတ်သားသားရှိပြီး အမြန်ဆုံးပေါ်ပေါက်ရေးအတွက်လည်း အာမခံပါကြောင်း"ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကိုစတင်ဖို့အသိပေးကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်နေပြီး တစ်နှစ်တာ မဟာဗျူဟာ စီမံချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီနှင့် CDM Success Committee ၏ Job Creation and Income Generation Taskforce တို့တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီ၏ လက်ရှိအချိန်တွင် CDM များကို ကူညီပံ့ပိုးနေမှုများနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ၍ အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီအနေဖြင့် CDM ပြည်သူ့ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ ကဏ္ဍအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန် ယခုလိုရည်ရွယ်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါတယ်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Job Creation and Income Generation Taskforce နှင့် SME Taskforce ဆိုင်ရာ နောက်ခံအကြောင်းအရာများ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လုပ်ငန်းပေါင်းစပ်ချိတ်ဆက်ကြိုးပမ်းမှုများနှင့် CDM များ၏ ဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ရာတွင် အလုပ် အကိုင်စစ်တမ်းကောက်ယူခြင်း၊ ရေတိုရေရှည် သင်တန်းများပေးခြင်း၊ လုပ်သားဈေးကွက် ရှာဖွေပေးခြင်း၊အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း၊ SME ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေများပေးခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ SME များ နိုင်ငံတကာ ဈေးကွက်ဝင်ရောက်နိုင်ရေး လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ စီမံချက်ရေးဆွဲနေမှုများ၊ ရန်ပုံငွေရှာဖွေမှုများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ကော်မတီဝင်များနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း စုပုံထားသည့် ရိုဟင်ဂျာလူငယ် ရုပ်အလောင်း (၁၃) လောင်းနဲ့စပ်လျဥ်း၍ အမျိုးသားရေးညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေစတင်မည်
ဒီဇင်ဘာ ၈ ရက်မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက အခုလိုအသိပေးဆိုလိုက်ပါတယ်။
"ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း စုပုံထားသည့် ရိုဟင်ဂျာလူငယ် ရုပ်အလောင်း(၁၃)လောင်းမှာ သတ်ဖြတ်ပြီးနောက် စွန့်ပစ်ခံထားရပြီး အိစ္စလာမ်ဘာသာရေးထုံးတမ်းစဉ်လာနဲ့ သဂြိုတ်ခွင့်မပေးတဲ့ အမှုကို အမျိုးသားရေးညီညွတ်ရေးအစိုးရ က စုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင်မယ်လို့သိရပါတယ်"လို့ဆိုထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရိုဟင်ဂျာလူငယ်၁၃ဦးရဲ့ရုပ်အလောင်းများကို စွန့်ပစ်ထားတာ တွေ့ရှိခဲ့ပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီတပ်များက ပေါက်မြို့နယ် သရဖီကျေးရွာကိုလည်း မီးရှို့
တစ်နိုင်ငံလုံးက အိုးအိမ်ပေါင်းလေးသောင်း ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်များက ပေါက်မြို့နယ် သရဖီကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်း မကွေးတိုင်း ပေါက်မြို့နယ် သရဖီကျေးရွာသို့ ရောက်လျှင်ရောက်ချင်းမီးရှို့ခဲ့တာလို့ ရွှေတောင်မြေကာကွယ်ရေးတပ်ဖွဲ့ ပေါက်မြို့နယ်ကအတည်ပြုဆိုပါတယ်။
"ပေါက်မြို့နယ် တောင်ပိုင်း စကစတပ်များ ခုမနက်နံနက် သရဖီကျေးရွာသို့ ရောက်လျှင်ရောက်ချင်း ဆိုသလို သရဖီကျေးရွာ လူနေအိမ်များအား မီးရှို့နေပါတယ်"လို့ဆိုပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်ကို အကြမ်းဖက် စစ်တပ်ဟာ သာလွန်အင်အားနဲ့စစ်ကြောင်းထိုးဝက်ရောက်နေပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေပါတယ်။
========================
📌📌 ၆။ ထီးချိုင့်မြို့နယ်မှာ ရွာတွေကို မီးပတ်ရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်း ယနေ့မနက်လည်း ပေါက်ကုန်းရွာကိုမီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ ရွာတွေကို မီးပတ်ရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဒီဇင်ဘာ၈ရက် မနက်ပိုင်းမှာ ပေါက်ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
"ယမန်နေ့မနက်ပိုင်းက အောင်သာကုန်းရွာနှင့် မဲဇာရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ စကစတပ်များဟာယနေ့မနက် ပေါက်ကုန်းရွာကို မီးစတင်ရှို့ဖျက်ဆီးနေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာထီးချိုင့်နယ်၊ပေါက်ကုန်းရွာနှင့် အနီးဆုံးရှိကျေးရွာများ ဘေးလွတ်ရာတိမ်းရှောင်ပေးကြရန် တော်လှန်ရေးအင်အားစုများကအသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ စစ်ကောင်စီတပ်များနဲ့ ပြည်သူလူထုများ နီးကပ်နေ၍ မစ်ရှစ်ငါးခုကို Red wolves of mogok ဖျက်သိမ်းခဲ့ရ
စစ်ကောင်စီတပ်များနဲ့ ပြည်သူလူထုများ နီးကပ်နေ၍ မစ်ရှစ်ငါးခုကို Red wolves of mogok ဖျက်သိမ်းခဲ့ရတယ်လို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ စစ်ဆင်ရေးနဲ့ပတ်သက်လို့ဆိုပါတယ်။
"မိဘပြည်သူများခင်ဗျား အသွားအလာဆင်ခြင်ပေးကြရန်နှင့် စကစတပ်/ရဲများနဲ့ ဝေးဝေးမှာနေကြဖို့ ကျနော်တို့မကြာခဏသတိပေးခဲ့သော်လည်း မလိုက်နာခဲ့ကြသဖြင့် ကျွန်တော်တို့တပ်ရင်းမှ ပြုလုပ်မည့် မစ်ရှစ်ငါးခုကို ယခုအခါဖျက်သိမ်းခဲ့ရပြီပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။ ထို့ကြောင့် (မလိုအပ်ပဲ မြို့တွင်းမြို့ပြင် အသွားအလာလုပ်ခြင်း)စကစတပ်၊ရဲများနဲ့ နီးကပ်စွာသာမက၄င်းတို့နဲ့ ပတ်သက်ဆက်နွယ်နေသော နေရာများ၊ အရာများကို လုံး၀(လုံး၀) ရှောင်ကြဉ်ပေးကြရန် အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၈။ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး စစ်ကောင်စီကို မဖိတ်ထားဘူးလို့ကြေညာ
ဒီဇင်ဘာ ၇ ရက်နေ့မှာ ဆွစ်ဇာလန် သံရုံး ရန်ကုန်က အစည်းအဝေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကိုဖိတ်ကြားထားတာ မရှိဘူးလို့ တရားဝင်အသိပေးဆိုပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ၊ဂျီနီဗာမြို့မှာ ကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကို ဖိတ်ကြားထားတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံ ထိပ်သီးအစည်းအဝေးများနဲ့ နိုင်ငံတကာက ကျင်းပတဲ့ အရေးကြီး အစည်းအဝေးများကနေ ပယ်ချခံရပြီးနောက် အသိအမှတ်ပြုမယ့် နိုင်ငံများကို လိုက်လံရှာဖွေနေတာလည်းဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment