၂၀၂၃ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့သော သူရဲကောင်းတို့၏ စွန့်လွှတ်အနစ်နာခံမှုကို နှလုံးသားတွင်အစဥ်ထာဝရ မော်ကွန်းထိုးမှတ်တမ်းတင်ထားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြား
📌 ၂။ နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးတွင် တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင် ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြား
📌 ၃။ စစ်ကောင်စီတပ်များက မီးရှို့ခဲ့သော ကျေးရွာများက ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုထောက်ပံ့ကူညီ
📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ ရပ်တည်ခွင့် ပျောက်ဆုံးနေပြီလို့ ချက်နိုင်ငံNUGကိုယ်စားလှယ် မှတ်ချက်ပြု
📌 ၅။ ကလစ်လုပ်သူများ လျော့နည်းလာ၍ ဝင်ငွေလျော့နည်းလာကြောင်း Click2donate အသိပေးဆို
📌 ၆။ Spring Valour Condominium ထပ်တိုးအခန်း ၂၃၀ အား ဇန်နဝါရီ ၂၈ ရက် ညပိုင်းထပ်ဆောင်းရောင်းချပေးမယ်
📌 ၇။ ကချင်ပြည်နယ်မြစ်ကြီးနားမှာ စကစရဲ့ထွေအုပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထား
📌 ၈။ ရေးမြို့ဝယ်ဇင် ၊ဝယ်ပေါင် ၊ ရွာဟောင်းရွာများတွင် ရေးဘီလူး သတင်းလိုက်ယူနေသော ပျူနှစ်ဦး သေဆုံး
📌 ၉။ နတ်တလင်းမြို့နယ် ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထံသို့ အင်အားဖြည့်တင်းရန် တက်လာသော စစ်ကောင်စီတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခံရကာ (၄)ဦးသေ (၆)ဦးဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့သော သူရဲကောင်းတို့၏ စွန့်လွှတ်အနစ်နာခံမှုကို နှလုံးသားတွင်အစဥ်ထာဝရ မော်ကွန်းထိုးမှတ်တမ်းတင်ထားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြား
နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့သော သူရဲကောင်းတို့၏ စွန့်လွှတ်အနစ်နာခံမှုကို နှလုံးသားတွင် အစဥ်ထာဝရ မော်ကွန်းထိုး မှတ်တမ်းတင်ထားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားပါတယ်။ နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့ကြသော သူရဲကောင်းအာဇာနည်များအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားခဲ့ပါတယ်။
"ကျွန်ုပ်တို့သည် နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့သော သူရဲကောင်းအာဇာနည်များ၏ မိသားစုဝင်များနှင့် တသွေးတသားတည်း ထပ်တူ ကြေ ကွဲ ဝမ်းနည်း နှမြောတဿ ဖြစ်ရပါတယ်။ အားလုံးမျှော်မှန်းတန်ဖိုးထားသည့် ဖက်ဒရယ် ဒီမိုကရေစီအတွက် ကိုယ်ကျိုးစွန့်ခဲ့သော သူရဲကောင်းတို့၏ မြင့်မြတ်သော စိတ်ထားနှင့် ရဲစွမ်းသတ္တိတို့ကို မြန်မာပြည်သူများက လေးစားဦးညွတ်ဂါရဝပြုပါတယ်။ သူရဲကောင်းတို့၏ စွန့်လွှတ်အနစ်နာခံမှုကို ကျွန်ုပ်တို့၏ နှလုံးသားတွင် အစဥ်ထာဝရ မော်ကွန်းထိုးမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ နွေဦးတော်လှန်ရေးတွင်စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်တို့တွင် ကျဆုံးသူရဲကောင်းများစွာရှိခဲ့ပါတယ်။
========================
📌📌 ၂။ နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးတွင် တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင် ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြား
နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးတွင် တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင် ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာဆိုပါတယ်။
"ယခုအချိန်သည် နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးတွင် တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင် ဆောင်ရွက်နေလျက်ရှိကြောင်း၊ မြေပြင်အုပ်ချုပ်ရေးဖော်ဆောင်မှုသည် အရေးကြီးပြီး အချင်းချင်းချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး အစရှိသည်များတွင် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း"ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထို့နောက် ပခုက္ကူခရိုင်နှင့် ကန့်ဘလူခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီတပ်များက မီးရှို့ခဲ့သော ကျေးရွာများက ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုထောက်ပံ့ကူညီ
စစ်ကောင်စီတပ်များက မီးရှို့ခဲ့သော ကျေးရွာများက ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုထောက်ပံ့ကူညီခဲ့ပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
""ပြည်သူတစ်ဦးကျေးဇူးတင်စကား""
“အခုလို တိုက်ပွဲလည်း မဖြစ်ပဲနဲ့ အခုလို ဘလိုင်းကြီး ရှို့သွားတာ ကျွန်တော်တို့လည်း တောသူတောင်သားအနေနဲ့ စုဆောင်းပြီးတော့မှ ဆောက်ထားတာ ဒီအိမ်လေးပဲ ရှိတာပါ။ အခု ဒီအိမ် မီးရှို့ခံရတယ်ဆိုတော့ ဘယ်မှာနေရမှန်းမသိ အနေအစား ဆင်းရဲ တောကြိုတောင်ကြားမှာပဲ အခုလိုနေရတာ။ ဒီလိုလုပ်သွားတာစစ်တပ်က လုပ်သွားတာ။ အခုလို NUGကလည်းကျွန်တော်တို့အပေါ်ကို အသိအမှတ်ပြုပြီးတော့ အကူအညီပေးတာလည်း ကျွန်တော်တို့ အတိုင်းအထက်အလွန် ဝမ်းသာပါတယ်။ ကျွန်တော်တို့လည်း ဆက်လက်ပြီး ကျွန်တော်တို့ တက်နိုင်တဲ့ဘက်က တိုက်ပွဲဝင်နေမှာပါ။ အရေးတော်ပုံ မြန်မြန်အောင်ပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော် တို့ စစ်ခွေးတွေကို အောင်မြင်တဲ့အထိ တိုက်ထုတ်ပြီးမှပဲ ဒီဝဋ်ကလွတ်မှာပါ။ အရေးတော်ပုံ မြန်မြန်အောင်ပါစေဆုတောင်းပါတယ်။ NUGက အခုလိုထောက်ပံ့တာလည်း အတိုင်းအထက်အလွန် ဝမ်းသာပါတယ်။ ကျွန်တော်တို့ကို အသိအမှတ်ပြုတာကို ဝမ်းသာလှပါပြီ "
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် လူသားချင်း စာနာမှု အကူအညီများအတွက် ငွေကျပ် (၆၁၆.၇၇) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်များကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် ယာယီခိုလှုံနေထိုင်နိုင်သည့် နေအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း စီမံချက်နှင့် ကျောင်းများတွင် ယာယီဗုံးခိုကျင်း တည်ဆောက်ရေး စီမံချက်တို့ကိုလည်း ဆက်လက် အကောင်အထည်ဖော်လျက် ရှိပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ ရပ်တည်ခွင့် ပျောက်ဆုံးနေပြီလို့ ချက်နိုင်ငံNUGကိုယ်စားလှယ် မှတ်ချက်ပြု
အကြမ်းဖက်စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ ရပ်တည်ခွင့် ပျောက်ဆုံးနေပြီလို့ ချက်နိုင်ငံNUGကိုယ်စားလှယ် မှတ်ချက်ပြုဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ ချက်နိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်ကဆိုပါတယ်။
"အကြမ်းဖက်စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲကို သူ့နိုင်ငံရေးထွက်ပေါက်အဖြစ် ပုံဖော်နေတယ်။ လတ်တလော အကြမ်းဖက်စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ကြံ့/ဖွံ့ကလွဲပြီး ကျန်နိုင်ငံရေးပါတီများရဲ့ ဖြစ်တည်မှုကို တားဆီးပိတ်ပင်လိုက်တာပဲ။
ဒီအထဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ ဘယ်လိုမှ တရားဝင် ရပ်တည်ခွင့် မရှိတော့ဘူး။ ဒီလောက် ရှင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သဘောထားကို တိုင်ရင်းသား နိုင်ငံရေးပါတီတွေနဲ့တကွ တိုင်းရင်းသားအားလုံး အမှန်မြင်ပြီး အမြင်မှန်မှန်နဲ့ အကြမ်းဖက်စစ်ကောင်ဆီ နိဂုံးချုပ်ဖို့ ဒီထက်ပိုပြီး ဟန်ချက်ညီညီ ဝိုင်းကြိုးစားကြဖို့ပဲရှိတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဟာ အနည်းဆုံးပါတီဝင် ၁၀၀၀၀၀ (တစ်သိန်း)ကို ရက်၉၀အတွင်း စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် တစ်ခုထဲအတွင်းမှာပဲ စည်းရုံးမယ့်ပါတီဆိုပါက အနည်းဆုံးပါတီဝင် ၁၀၀၀ကို ရက်၉၀အတွင်း စည်းရုံးရမယ်လို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီဆိုရင် ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်လှစ်ထားပြီးဖြစ်တဲ့အထောက်အထားကိုပါတင်ပြရမှာဖြစ်ပါတယ်။
========================
📌📌 ၅။ ကလစ်လုပ်သူများ လျော့နည်းလာ၍ ဝင်ငွေလျော့နည်းလာကြောင်း Click2donate အသိပေးဆို
Click2donate က ဝင်ငွေလျော့နည်းလာ၍ တော်လှန်ရေးအင်အားစုများကို ပံပိုးကူညီရာမှာ သိန်းတစ်ထောင် အောက် ကျဆင်းသွားတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ Click2donate ကအသိပေးဆိုထားပါတယ်။
ဒီဇင်ဘာလရငွေတွေဝင်လာပါပြီခင်ဗျာ။ ဒီတခေါက်တော့ ပထမဆုံး သိန်း ၁ ထောင်အောက်ကိုကျသွားခဲ့ပါပြီခင်ဗျာ။သိန်း၆၀၀ လောက်ပဲ ရတော့တာမို့ တစ်ဖွဲ့ ၃၀ ဆိုရင်တောင် အဖွဲ့ ၂၀ ပဲ ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဇန်နဝါရီလအခြေအနေအရ နောက်လမှာ ပိုတောင်နည်းပါဦးမယ်။ ကလစ်တဲ့သူများလာဖို့ ဘယ်လိုမှ လှုံ့ဆော်လို့မရတော့တာကြောင့် ရှိသလောက်ရသလောက်နဲ့ပဲ အကောင်းဆုံးအများဆုံးရအောင် ကျွန်တော်နည်းမျိုးစုံနဲ့ကြိုးစားပါ့မယ်"လို့ဆိုထားပါတယ်။ Click2 donateအနေနဲ့ Website အသစ်တွေ လုပ်ပြီးgoogle လျှောက်တာတွေ၊ Youtube တွေ ပြန်တက်လာအောင် လုပ်တာတွေ ပိုမိုလုပ်ဆောင်မယ်လို့ဆိုပါတယ်။
"ရှိတဲ့သူနဲ့ပိုရအောင် တွန်းကြမယ်ခင်ဗျာ။တစ်လလုံးမှ ဆယ်သိန်းတောင် မပြည့်တဲ့နေ့တွေက စလာခဲ့တာမို့ စိတ်ဓာတ်ကျစရာလည်းမရှိသလိုမအောင်မြင်မချင်း ဘယ်တော့မှလည်း လက်မလျှော့ပါဘူး"လို့ Click2 donateကဆိုပါတယ်။ click2donateဟာ ပြည်သူများ ကလစ်နှိပ်၍ ရရှိသော ဝင်ငွေများမှ တော်လှန်ရေးအင်အားစုများကို ပြန်လည်ထောက်ပို့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၆။ Spring Valour Condominium ထပ်တိုးအခန်း ၂၃၀ အား ဇန်နဝါရီ ၂၈ ရက် ညပိုင်းထပ်ဆောင်းရောင်းချပေးမယ်
Spring Valour Condominium ထပ်တိုးအခန်း ၂၃၀ အား ဇန်နဝါရီ၂၈ရက် ညပိုင်းထပ်ဆောင်းရောင်းချပေးမယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၇ ရက် မှာ EOD ကအသိပေးဖော်ပြပါတယ်။
"EOD အဖွဲ့သားများထံသို့ အားပေးထောက်ပို့ရန် အချိန်မမီလိုက်သော ပြည်သူများ၊ ထောက်ပို့ဝယ်ယူရန် ငွေယူထားပြီး အခန်းမကျန်၍ အခက်တွေ့နေကြသော EOD ကိုယ်စားလှယ်များ၏ တောင်းဆိုမှု အများအပြားကို လက်ခံရရှိခဲ့ပါတယ်။ဤသို့ အကြံပေးတောင်းဆိုမှုများအတွက် EOD၏ အကြံပေးပညာရှင်များနှင့် တိုင်ပင်လျက် Spring Valour Condominium အခန်းအရေအတွက်ကို နောက်ဆုံး(နောက်ဆုံး) ထပ်တိုးအခန်း ၂၃၀ အား ထပ်ဆောင်းရောင်းချပေးသွားပါမယ်"လို့ဆိုပါတယ်။
၂၀၂၃ ရဲ့ ပထမဆုံး EOD Project ဖြစ်တဲ့ Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို)ဟာ အခန်း ၇၇၀၊ ကြိုတင်ပေးငွေ ဒေါ်လာ 10.35 သန်းကို ၁၈ နာရီအတွင်း ရောင်းချပေးနိူင်ခဲ့ပါတယ်။ ထပ်တိုး အရောင်းဖွင့်လှစ်မည့် အချိန်မှာ မြန်မာစံတော်ချိန် ၂၈ ဇန်နဝါရီ ၂၀၂၃ ခုနှစ် ည ၉:၀၀ နာရီ တိတိဖြစ်ပါတယ်။
========================
📌📌 ၇။ ကချင်ပြည်နယ်မြစ်ကြီးနားမှာ စကစရဲ့ထွေအုပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထား
ကချင်ပြည်နယ်မြစ်ကြီးနားမှာ စကစရဲ့ထွေအုပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း အသိပေးဆိုထားပါတယ်။
"မြစ်ကြီးနားမှာ 144 ထုတ်ထားတယ်နော်၊ အမျိုးတွေ သွားလာ သတိရှိကြပါ။ သားရေကွင်း ဥပဒေ မို့လို့ သူတို့ ဆွဲဆန့်ချင်သလောက် ဆန့်သွားနိုင်တယ်"လို့ ဆိုပါတယ်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်နယ်ထွေအုပ်က ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ လူငါးဦး၊ ငါးဦးထက်ပိုသော လူအများ စုဝေးခြင်းမပြုဖို့နဲ့ ည၁၀နာရီမှ နံနက် ၄နာရီအတွင်း ညမထွက်ရ အမိန့်ကို စကစဘက်က ကြေညာထားတာဖြစ်ပါတယ်။
========================
📌📌 ၈။ ရေးမြို့ဝယ်ဇင် ၊ဝယ်ပေါင် ၊ ရွာဟောင်းရွာများတွင် ရေးဘီလူး သတင်းလိုက်ယူနေသော ပျူနှစ်ဦး သေဆုံး
မွန်ပြည်နယ် ရေးမြို့ဝယ်ဇင် ၊ဝယ်ပေါင် ၊ရွာဟောင်းရွာများတွင် ရေးဘီလူးသတင်းလိုက်ယူနေသော ပျူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင် ကအသိပေးဆိုပါတယ်။
"ဇန်နဝါရီ ၂၇ ရက် ရေးမြို့ဝယ်ဇင်၊ ဝယ်ပေါင် ၊ရွာဟောင်းတွေမှာ ရေးဘီလူးသတင်းလိုက်ယူနေတဲ့ ခေါင်းစိမ်းလက်အောက်ခံပျူ ၂ဦးကို ပစ္စည်းတွေနဲ့ အတူ ၃နာရီ၃၀မှာ အနားပေးလိုက်တယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးမှာ အဖွဲ့သားများထိခိုက်မှုမရှိဘဲ သေနတ်အတိုနှစ်လက်သိမ်းဆည်းရမိခဲ့ပါတယ်။
========================
📌📌 ၉။ နတ်တလင်းမြို့နယ် ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထံသို့ အင်အားဖြည့်တင်းရန် တက်လာသော စစ်ကောင်စီတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခံရကာ (၄)ဦးသေ (၆)ဦးဒဏ်ရာရ
ပဲခူးတိုင်း နတ်တလင်းမြို့နယ်ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထံသို့အင်အားဖြည့်တင်းရန် တက်လာသော စစ်ကောင်စီတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခံရကာ (၄)ဦးသေ (၆)ဦးဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ BAGO PDF က အသိပေးဖော်ပြပါတယ်။
" နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်း ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များထံသို့ ထပ်မံအင်အားဖြည့်တင်းရန် မကျီးပင်စက်လှေဂိတ်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့အင်အား(၂၀)ဦးခန့်အား သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ၁ (Zigon PDF) ၊ တပ်ခွဲ ၂ ( Phoenix)၊ တပ်ခွဲ ၃ (နတ်စစ်သည်) နှင့် တပ်ခွဲ ၄ (MRF) ပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီ (၂၆)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါကြားဖြတ်တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးသေဆုံးပြီး (၆)ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ အထိနာသွားသော စစ်ကောင်စီတပ်မှာ ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment