၂၀၂၃ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUCC၊ NUG တို့ရဲ့တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီနှင့် NLD၊ သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေး
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ယူကေရောက် မြန်မာတော်လှန်ရေးမိသားစုများတွေ့ဆုံမယ်
📌 ၃။ NDAA နှင့် စပ်လျဥ်း၍ NUG အစိုးရကအမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထား
📌 ၄။ ဖေဖော်ဝါရီ ၁ ရက်နေ့ အပြင်မထွက် ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုလူထုပါဝင်ဆင်နွဲဲကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း
📌 ၅။ ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကို စကစတပ်များ သောင်းကျန်းမွှေနှောက်ကာ မီးရှို့ဖျက်ဆီး
📌 ၆။ တပ်မ ၄၇ ကွန်မန်ဒိုထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးတစ်ဦးကို မိုးကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K မှ ဖမ်းဆီးရမိတယ်လို့ဆို
📌 ၇။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇာတိကျေးရွာအား စကစတပ်များနှင့်ပျူများ လာရောက် အစည်အဝေးလုပ်နေစဉ် ကာကွယ်ရေးတပ်များက လက်နက်ကြီးနဲ့ပစ်ခတ်
📌 ၈။ တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အကြမ်းဖက် စစ်တပ်တို့ ၃ ရက်တာ တိုက်ပွဲ ပြင်းထန်ရာ အကြမ်းဖက်စစ်တပ်က ၂၅ ဦးထက် မနည်းသေဆုံး
📌 ၉။ အရာတော်မြို့နယ် သလဲဘာရွာတိုက်ပွဲ အကြမ်းဖက်စစ်တပ်က အယောက် ၂၀ နီးပါး ထိခိုက်သေဆုံးနိူင်
📌 ၁၀။ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်အစပ်ရှိ ကံသစ်ကျေးရွာတွင်အခြေပြုရှိနေတဲ့ စကစတပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUCC၊ NUG တို့ရဲ့တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီနှင့် NLD၊ သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ကိုယ်စားလှယ်များပါဝင်မှုဖြင့် ဖွဲ့စည်းထားသော တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီ (Anti-Sham Election Joint Working Committee) သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (NLD CWC)၊ သပိတ်အင်အားစုများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပူးပေါင်းလုပ်ငန်းကော်မတီအနေဖြင့် NUCC က အတည်ပြုထားသော တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် ပူးတွဲဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပြီး NLD CWC နှင့် သပိတ်အင်အားစုများကလည်း တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်များကို မျှဝေဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးချမှတ်နိုင်ခဲ့ပါတယ်။
ပူးပေါင်းလုပ်ငန်းကော်မတီက တင်ပြဆွေးနွေးခဲ့သော တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် ပူးတွဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် သတင်းစကားများ၊ ပြည်တွင်းနှင့် ပြည်ပ လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်ရေးမူများပါဝင်ပါတယ်။ ပူးပေါင်းလုပ်ငန်းကော်မတီသည် ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင် ဆောင်ရွက်နေကြသည့် အခြားသော မိတ်ဖက်အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUCC က သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ယူကေရောက် မြန်မာတော်လှန်ရေးမိသားစုများတွေ့ဆုံမယ်
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ယူကေရောက် မြန်မာတော်လှန်ရေးမိသားစုများတွေ့ဆုံမယ်လို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ယူကေရောက် မြန်မာတော်လှန်ရေးမိသားစုများ ရင်းနှီးနွေးထွေးစွာတွေ့ဆုံ ပွဲကို ဖေဖော်ဝါရီလ ၄ရက် နေ့ နေ့လည် ၁ နာရီမှ ၃ နာရီ အထိ London Westminster University ၌ ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ နေရာအကျယ်အဝန်း နှင့် လုံခြုံရေးအရ လူဦးရေ ကန့်သတ်ထားရပါသဖြင့် ဦးရာလူစနစ် ဖြင့်သာတက်ရောက်နိုင်မည် ဖြစ်ကာယူကေရောက်မြန်မာတော်လှန်ရေး ညီအကိုမောင်နှမ များအား ဖိတ်ကြားထားပါတယ်။
========================
📌📌 ၃။ NDAA နှင့် စပ်လျဥ်း၍ NUG အစိုးရကအမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထား
NDAA နှင့် စပ်လျဥ်း၍ NUG အစိုးရကအမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထားတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၈ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ရှင်းလင်းဆိုပါတယ်။
"NDAA နှင့် စပ်လျဥ်း၍ ဝန်ကြီးဌာနအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုများ၊ အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်ကော်မတီများ၊ လွှတ်တော်အမတ်များနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ၎င်းဥပဒေပြုခြင်းနှင့်စပ်လျဥ်း၍ မဲပေးပိုင်ခွင့်ရှိသော အမေရိကန်ပြည်ထောင်စုပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ မီဒီယာများနှင့် Talk Show များတွင် ဆောင်ရွက်ထားရှိမှုများ၊ NDAA အတည်ပြုလာခြင်းအတွက် တုံ့ပြန်လာနိုင်သောကိစ္စရပ်များအား အကျယ်တဝင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက်တက်ရောက်လာကြသည့်ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းကာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား၍ လွှတ်တော်ကဏ္ဍအနေဖြင့် ရှေ့လုပ်ငန်းစဥ်များတွင် မည်သို့ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ဖေဖော်ဝါရီ ၁ ရက်နေ့ အပြင်မထွက် ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုလူထုပါဝင်ဆင်နွဲဲကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း
ဖေဖော်ဝါရီ ၁ ရက်နေ့ အပြင်မထွက် ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုလူထုပါဝင်ဆင်နွဲဲကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။ ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် လူထုတိုက်ပွဲအပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) တွင် ပူးပေါင်းပါဝင်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇန်နဝါရီ ၂၈ ရက်မှာ ဆိုပါတယ်။
"ယခုလာမယ့် ဖေဖော်ဝါရီ၁ရက်နေ့ ဆိုရင် ကျနော်တို့ တော်လှန်ရေး ၂နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ဒီ၂နှစ် တော်လှန်ရေးအတွင်းမှာ ကျနော်တို့တစ်တွေရဲ့ စွန့်လွှတ်၊ စွန့်စားမှုတွေနဲ့ တော်လှန်ရေးဟာ အရှိန်အဟုန်တစ်ခုအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်၍ ပေါ်ပေါက်လာနေပြီ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ကိုဖြုတ်ချပြီး ဖက်ဒရယ် ဒီမိုကရေစီ နိူင်ငံတည်ထောင်နိူင်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် တစ်လှမ်းပြီးတစ်လှမ်းခြေလှမ်းများနဲ့ အဆင့်တစ်ဆင့်တက်ပြီး အောင်မြင်မှုတွေရရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းအနေနဲ့ စကစကိုထောက်ခံနေခြင်းမရှိဘူးဆိုတာ နားလည်သဘောပေါက်ပါတယ်။ ဖေဖော်ဝါရီ၁ရက်နေ့မှာတော့ အပြင်မထွက် ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုပါဝင်ဆင်နွဲဲကြဖို့ နှိုးဆော်လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဖေဖော်ဝါရီ (၁) ရက်၊ ၂၀၂၃ ခုနှစ် နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအတွင်းအပြင်မထွက် ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ဆင်နွှဲမှာဖြစ်ပါတယ်။
========================
📌📌 ၅။ ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကို စကစတပ်များ သောင်းကျန်းမွှေနှောက်ကာ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကို စကစတပ်များ သောင်းကျန်းမွှေနှောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၂၈ ရက်မှာ Khin-U Special force Organization_KSO က အသိပေးဖော်ပြပါတယ်။
"ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အင်းပတ်ကွေ့ အထိုင်ချ စကစတပ်နဲ့ ပျူ ၃၀ခန့်ဟာ ရွာသစ်ကျေးရွာအတွင်း သေနတ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်၍ ပြည်သူပိုင်နေအိမ်များအား မီးရှို့ခဲ့ပါတယ်" လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ထိုအထဲတွင် စစ်ကိုင်းတိုင်းမှာ ၃၆,၆၆၇ လုံး၊ မကွေးတိုင်းမှာ ၈,၅၇၅ လုံး၊ ချင်းပြည်နယ်မှာ ၁,၄၇၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁,၇၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၆။ တပ်မ ၄၇ ကွန်မန်ဒိုထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးတစ်ဦးကို မိုးကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K မှ ဖမ်းဆီးရမိတယ်လို့ဆို
တပ်မ ၄၇ ကွန်မန်ဒိုထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးတစ်ဦးကို မိုးကောင်းမြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့ UG BLACK K မှ ဖမ်းဆီးရမိတယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ မိုးကောင်းမြို့နယ် ပြည့်သူကာကွယ်ရေးအဖွဲ့ UG BLACK K မှ အသိပေး ဖော်ပြပါတယ်။
"ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ အချိန်တွင် တပ်မ ၄၇ မှ ကွန်မန်ဒိုထောက်လှန်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင် ကို ကျွန်တော်တို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K မှ ဖမ်းဆီးရမိခဲ့တယ်" လို့ ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဗိုလ်ကြီးအဆင့်ဖြင့်တာဝန်ထမ်းဆောင်ပြီး အရပ်ဘက်ရဲအရာရှိသို့ပြောင်းလည်းကာ ဒွန်ဘန်အကျဉ်းထောင်မှူးဗိုလ်ကြီးကိုင်ဇာလျန်ကို နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇာတိကျေးရွာအား စကစတပ်များနှင့်ပျူများ လာရောက် အစည်အဝေးလုပ်နေစဉ် ကာကွယ်ရေးတပ်များက လက်နက်ကြီးနဲ့ပစ်ခတ်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇာတိကျေးရွာအား စကစတပ်များနှင့်ပျူများ လာရောက် အစည်အဝေးလုပ်နေစဉ် ကာကွယ်ရေးတပ်များက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ စစ်ရေးသတင်းကို ကန့်ဘလူ စွန်ရဲအဖွဲ့က အတည်ပြုဆိုပါတယ်။
"ကန့်ဘလူမြို့နယ် ဇာတိ ပျူကျေးရွာအား စကစတပ်များနှင့်ပျူများ လာရောက် အစည်အဝေးလုပ်နေစဉ် ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ တော်လှန်ရေးအင်အားစုများမှ တတ်ကျွမ်းရာ နည်းပညာများဖြင့်ပြုလုပ်ထားသော လက်နက်များဖြင့် တိုက်ခိုက်ခဲ့ကြပြီး ကန့်ဘလူ MDF စွန်ရဲမှလည်း Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်" လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စကစတပ်နဲ့ ပျူများ အထိအခိုက် အကျအဆုံးများရှိနိုင်သော်လည်း အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၈။ တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အကြမ်းဖက် စစ်တပ်တို့ ၃ ရက်တာ တိုက်ပွဲ ပြင်းထန်ရာ အကြမ်းဖက်စစ်တပ်က ၂၅ ဦးထက် မနည်းသေဆုံး
တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အကြမ်းဖက် စစ်တပ်တို့ ၃ရက်တာ တိုက်ပွဲ ပြင်းထန်ရာ အကြမ်းဖက်စစ်တပ်က ၂၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ စစ်ရေးသတင်းကို တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အတည်ပြုဆိုပါတယ်။
"တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက်/ ၂၄ ရက်/ ၂၅ ရက်နေ့များအတွင်း PDF တပ်၊ တနင်္သာရီ (ပကဖ) တို့နှင့်ပူးပေါင်းကာ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များကို သွားရောက်တိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
အဆိုပါ (၃) ရက်ကြာ တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့မှ ရဲဘော် (၃) ဦး မြင့်မြတ်စွာအသက်ပေးခဲ့ရပြီး စကစတပ်ဘက်က (၂၅) ဦးခန့် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဆိုပါတယ်။
========================
📌📌 ၉။ အရာတော်မြို့နယ် သလဲဘာရွာတိုက်ပွဲ အကြမ်းဖက်စစ်တပ်က အယောက် ၂၀ နီးပါး ထိခိုက်သေဆုံးနိူင်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာရွာ တိုက်ပွဲ အကြမ်းဖက်စစ်တပ်က အယောက်၂၀နီးပါးထိခိုက်သေဆုံးနိူင်တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ စစ်ရေးသတင်းကို GTR MMU အဖွဲ့က အတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ ၂၇ ရက်နေ့တွင် အရာတော်မြို့နယ် သလဲဘာပျူရွာတွင် အထိုင်ချတပ်စွဲထားသော စကစတပ်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စကစတပ်ကနှစ်ဦးအား GTR MMU ၏ လက်ဖြောင့်တပ်သားမှ စနိုက်ဘာဖြင့်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ပျူရွာအား ဝင်ရောက်စီးနင်းနိုင်ခဲ့ပါတယ်။ ခန့်မှန်းခြေ အယောက်၂၀ ခန့် ရှင်းလင်းနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို GTR MMU၊MMDF၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) တပ်ရင်း (၂)၊ မြင်းခြံခရိုင်တပ်ရင်း (၆) တပ်ရင်း (၇)၊ မုံရွာခရိုင်တပ်ရင်း (၆) တပ်ရင်း (၂၁)၊ ဒေသခံပကဖ နှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၁၀။ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်အစပ်ရှိ ကံသစ်ကျေးရွာတွင်အခြေပြုရှိနေတဲ့ စကစတပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်
မကွေးတိုင်း ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်ရှိ ကံသစ်ကျေးရွာတွင်အခြေပြုရှိနေတဲ့ စကစတပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက် စစ်ရေးသတင်းကို မြိုင်ပကဖက အတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ ၂၈ ရက်နေ့ ၀၅:၁၀ ချိန်မှ စတင်ပြီး ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်ရှိ ကံသစ်ကျေးရွာတွင် မြိုင် ပကဖ ရင်း ( ၁ ) နှင့် ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ ပူးပေါင်း၍ ဒုန်းဖြင့် အီနာဂါဗုံးသီး ( ၁၈ ) ဖြင့် ၎င်းကျေးရွာတွင် အခြေပြုနေသော ရှိသော စစ်ကြောင်းအား တိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
ထို့နောက် မနက် ၀၇:၅၀ အချိန် ကံသစ်ကျေးရွာမှ ထွက်ခွာရာတွင် ဘူတာအနီးရှိတဲအား စစ်ကြောင်းက မီးရှို့၍ဆက်လက် ထွက်ခွာရာ မိုင်းပွိုင့် ( ၂ ) ပွိုင့် မိုင်း ( ၁၁ ) လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စကစတပ်များ ထိခိုက်မှုရှိခဲ့ပါတယ်။
အလားတူ Faw ကား ( ၄ )စီး နှင့် စစ်ကြောင်းမှာ ဖြေးဖြေးချင်း ရွေ့လျားလာပြီးစစ်ကြောင်းအား ဖလံကိုင်းစခန်းမှ စကစတပ်နဲ့ ရဲ ( ၂၀ ) ကျော် လာရောက်ကြိုဆိုစဉ် ကျောက်တိုင်ခင်ကျေးရွာလမ်းခွဲ အနီး ဇရပ်တွင် စောင့်ဆိုင်းနေသော စကစတပ် နဲ့ ရဲများအား ဒရုန်းဖြင့် အီနာဂါဗုံးသီး ( ၃ )လုံးဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment