2nd JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကိုယ့်ပြည်သူကိုယ်ပြန်သတ်နေတဲ့စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပခွင့် လုံးဝမရှိဘူးလို့ KIO ထုတ်ပြန်ပြောဆိုလိုက်တဲ့သတင်း

📌 ၂။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မယ်လို့ မဟာမိတ်ညီနောင်သုံးဖွဲ့ ပူးပေါင်းအဖွဲ့က ကြေငြာ

📌 ၃။ တော်လှန်ရေးသံစုံတီးဝိုင်းမှာရက္ခိုင့်တပ်တော် (AA) က လိုအပ်ရာမှာပါဝင်မယ်လို့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ကတိပြုပြောကြားလိုက်တဲ့သတင်း

📌 ၄။ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက လူနေအိမ်  ၄၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့  NUG မီးသတ်ဦးစီးဌာနက စာရင်းထုတ်ပြန်တဲ့သတင်း

📌 ၅။ ကေအန်ယူတပ်မဟာ နယ်မြေက စစ်ကောင်စီဝန်ထမ်းတွေ ၁၀ ရက်အတွင်း ရာထူးမှ နုတ်ထွက်ဖို့သတိပေးလိုက်တဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကိုယ့်ပြည်သူကိုယ်ပြန်သတ်နေတဲ့စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပခွင့် လုံးဝမရှိဘူးလို့ KIO ထုတ်ပြန်ပြောဆိုလိုက်တဲ့သတင်း


၂၀၂၃ ခုနှစ် ဇန်နဝါရီ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ကေအိုင်အိုခေါင်းဆောင်  ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာဖြင့်နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားသွားခဲ့ပါတယ်။ မိန့်ခွန်းအစမှာ မြန်မာပြည်သူတရပ်လုံးပါဝင်ဆင်နွဲနေတဲ့ စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေးသင်ကေတဖြစ်တဲ့ လက်သုံးချောင်းထောင် သရုပ်ဖော် ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်နေတဲ့  စစ်ကောင်စီတပ်အနေနဲ့ တရားဝင်ရွေးကောက်ပွဲ ရလာဒ်ကိုဖျက်ဆီးခဲ့ပြီးနောက် ၄င်းတို့အလိုကျ နောက်ထပ်  ရွေးကောက်ပွဲကျင်းပခွင့်မရှိဘဲ အဆိုပါရွေးကောက်ပွဲအတုဟာ  စစ်အာဏာရှင်သက်ဆိုးရှည်အောင်ကြိုးပမ်းသည့် နည်းလမ်းတစ်ခုသာ ဖြစ်တဲ့အကြောင်း (KIO/KIA) ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၄င်းတို့အလိုကျ ကျင်းပမယ့် ရွေးကောက်ပွဲအတုမှာ ရန်သူနှင့်မိတ်ဆွေကို သဲသဲကွဲကွဲမြင်ရမှာဖြစ်တယ်လို့လည်း သတိပေးပြောဆိုပါတယ်။

"စစ်ကောင်စီတပ်က ကျင်းပမယ့်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်သက်ဆိုးရှည်အောင်ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပဲ။ ပြည်သူအပေါ်သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပခွင့် လုံးဝမရှိဘူး။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်ပါတီတွေဟာလည်း စစ်တပ်အလိုတော်ရိတွေပဲဖြစ်မှာ။ ဒီရွေးကောက်ပွဲမှာ ဘယ်သူက ရန်သူ၊ ဘယ်သူကကြားနေပြီး ဘယ်သူက အမှန်တရားဘက်ရပ်တည်သလဲဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်ရလိမ့်မယ်" လို့ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုပါတယ်။

ကြားနေသူများနှင့် ကိုယ်ကျိုးရှာနေသူများကြောင့် စစ်အာဏာရှင်၏ အစီအစဉ်များ အကောင်အထည်ပေါ်လာမှုမျိုးမဖြစ်စေရန် ပြည်သူအချင်းချင်း ပညာပေးရန် အရေးကြီးတယ်လို့လည်း ဗိုလ်ချုပ်ကြီးက ထောက်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေသည့် ပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့များကို အိမ်နီးနားချင်းနိုင်ငံများက ကူညီရန် အလွန်အရေးကြီးသည့်ကာလရောက်နေပြီလို့လည်း ထည့်သွင်းပြောဆိုသွားတာ တွေ့ရပါတယ်။ မိန့်ခွန်းတွင် အနန့်ပါမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးသည့်ဖြစ်စဉ်၊ အင်ဂျန်းယန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ကြွက်ဘေး ဖြစ်စဉ်များအကြောင်းလည်း ထည့်သွင်းပြောကြားထားတာ ကြားသိရပါတယ်။

လာမည့်နှစ်သစ်တွင် ပိုမိုကောင်းမွန်သည့်တာဝန်များကို ထမ်းရွက်နိုင်ရန် စိတ်ကိုပြင်ဆင်ထားကြဖို့နှင့် 'အတိတ်ကိုဖက်တွယ်နေသူဟာ  ရှေ့ဆက်တိုးရန်ခက်သည်' ဆိုသည့် ဆိုရိုးအတိုင်း အားလုံးပါဝင်ကြရန်ကိုလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းခဲ့ကြောင်းပါရှင်။


========================


📌📌 ၂။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မယ်လို့ မဟာမိတ်ညီနောင်သုံးဖွဲ့ ပူးပေါင်းအဖွဲ့က ကြေငြာ


စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ထုတ်သွားမယ်လို့    MNDAA TNLA နှင့် ULA/AA မဟာမိတ် ဖွဲ့က  တရားဝင်အသိပေးကြေငြာလိုက်ပါတယ်။ အဆိုပါထုတ်ပြန်ကြေငြာချက်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရက္ခိုင့်အမျိုးသားလွတ်မြောက်ရေးတပ်တော် AA  တို့က ညီနောင်မဟာမိတ်သုံးဖွဲ့အဖြစ် ပူးပေါင်းလက်တွဲ ထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာလူထုများဟာ   နှစ်သစ်ကို ဝမ်းမြောက်စွာ ကြိုဆိုကြရမည့် အစား စစ်ကောင်စီ အာဏာ သိမ်းသည့် လုပ်ရပ်နှင့် အတူတနိုင်ငံလုံးအပေါ် ဆက်လက်ကျူးလွန်နေသည့် ရက်စက်မှုများကြောင့် နေရပ်အိုးအိမ်စွန့်ခွာပြီး အသက်ဘေးကိုတိမ်းရှောင်နေရကြောင်း၊ ဒါကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့လုံးက  စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန် လုပ်သင့်လုပ် ထိုက်သည်များကို ဆက်လုပ်ဆောင်သွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။ နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့  စစ်အာဏာသိမ်းမှုကြောင့် လက်ရှိ ပြည်တွင်းရေး၊ နိုင်ငံရေး၊ စစ်ရေး မတည်မငြိမ်မှုများနှင့်အတူ စစ်ဘေးဒဏ်သင့်ပြည်သူများ ခံစားနေရသည့် ခံစားချက်များကို ညီနောင်မဟာမိတ်အဖွဲ့ ဖွဲ့ အနေနှင့် ထပ်တူထပ်မျှ စာနာနားလည်ပါတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် လက်ရှိရင်ဆိုင်နေရသည့် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ရန်အတွက် စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအနေနဲ့ ညီညွတ်စွာအလုပ်လုပ်ကြရန် အထူးအရေးကြီး လိုအပ်လျက်ရှိကြောင်းနှင့် ညီနောင် မဟာ မိတ် ဖွဲ့အနေနှင့်လည်း ပြည်သူ့ထောက်ခံမှု ရရှိထားပြီး တော်လှန်ရေးဆန်သည့် အဖွဲ့အစည်းအချို့နှင့် လက်တွဲကာ လုပ်သင့်လုပ် ထိုက်သည် များကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။ စည်းလုံးညီညွတ်မှသာ  စစ်အာဏာရှင်စနစ်ကို  အမြစ်ဖြုတ်နိုင်မည်ဖြစ်တာကြောင့် နှစ်သစ်ကူးနေ့မှ စ၍ ယခင်ထက် အင်တိုက် အားတိုက် ကြိုးပမ်းကြဖို့ကိုလည်း တိုက်တွန်းကြောင်း မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ရှင်။


========================


📌📌 ၃။ တော်လှန်ရေးသံစုံတီးဝိုင်းမှာရက္ခိုင့်တပ်တော် (AA) က လိုအပ်ရာမှာပါဝင်မယ်လို့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ကတိပြုပြောကြားလိုက်တဲ့သတင်း


စစ်အာဏာရှင် ချေမှုန်းရေး သံစုံတီးဝိုင်းတွင် အားလုံးပါဝင်ရေး ဦးမင်းကိုနိုင်၏ ဖိတ်ခေါ်မှုအပေါ်  ရက္ခိုင့်တပ်တော်(AA) အနေနဲ့ အမှန်တကယ်လိုအပ်သော နေရာများတွင် ပါဝင်သွားမှာ ဖြစ်တယ်လို့  AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ကတိပြုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သူပုန်ဖြူကလောင်ဖြင့် ဒေါက်တာညိုထွန်းအောင်ရေးသားခဲ့တဲ့ "လာမယ့် နွေဦးဟာ ငါတို့ အောင်ပွဲ" ကဗျာအပေါ်  ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က သုံးသပ်ချီးမွှမ်းခဲ့ပြီးနောက်မှာ တဆက်တည်း  နွေဦးတော်လှန်ရေးတွင် AA အနေဖြင့် ဦးဆောင်ပါဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ဖိတ်ခေါ်ချက်ကို AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က AA အနေဖြင့် နွေဦးတော်လှန်ရေးတွင် အမှန်တကယ် လိုအပ်သည့်နေရာများတွင် ပါဝင်နေမည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးတွင် မူလကတည်းက လက်ပိုက်ကြည့်မနေခဲ့ကြောင်း ပြန်လည် အသိပေးတုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

"ကျနော်တို့ ULA/AA အဖွဲ့အစည်းအပါအဝင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်နေကြတဲ့ ERO (EAO) အဖွဲ့အစည်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ဘေးက လက်ပိုက်ရပ်ကြည့်နေကြတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အဖွဲ့ အစည်းရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်တွေကို  ကိုယ့်ပြည်သူလူထု လိုလားချက်၊ မျှော်မှန်းချက်ကို အခြေခံပြီး ပုံစံတစ်မျိုးမျိုးနှင့် တော်လှန်ရေးပရဝဏ်ထဲမှာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်နေကြသူတွေချည်းပါပဲ။ ရက္ခိုင့် တပ်တော် (၁၂) နှစ်မြောက် တပ်တော်မွေးနေ့သို့ ပေးပို့ခဲ့ကြတဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို ကြည့်ရင် ကောင်းစွာသိနိုင်ပါတယ်။ ကျနော်တို့ဟာ ရက္ခိုင့်တော်လှန်ရေးကို ဆယ်စုနှစ်ချီပြီး ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းနှင့် တော်လှန် ရေးသမားစစ်စစ် တစ်ယောက်အနေနှင့် ရှိနေခဲ့ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ပြောစရာမလိုဘဲ လုပ်ပေးလို့ရတဲ့အရာတွေကို လုပ်ပေးနေပါတယ်။ ကျနော်တို့ဟာ ဒီနိုင်ငံထဲမှာ တော်လှန်ရေးထဲမှာ Anonymous ပုံစံမျိုးနှင့် တော်လှန်ရေးရဲ့ အမှန်တကယ် လိုအပ်တဲ့နေရာက ရှိနေမှာပါ။ ဘာလို့ဆို ကျနော်တို့တော်လှန်ရေးဟာလည်း လမ်းခုလတ်ထဲမှာပဲ ရှိနေသေးတာမို့ပါ" ဟု ဒေါက်တာညိုထွန်းအောင်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားထားတာ တွေ့ရပါတယ်။ ဆက်လက်ပြီးတော့ "ကျနော်တို့ဟာ တော်လှန်ရေးတာဝန်ကို ဆယ့်သုံးနှစ်ခန့် အားသွန်ခွန်စိုက်ခဲ့ပြီး တော်လှန်ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်ဆိုတဲ့ ခံယူချက်မျိုးနှင့် ကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးဆိုင်ရာ နစ်နာချက်၊ ရပိုင်ခွင့် တွေအတွက် တိုက်ပွဲဝင် နေကြတဲ့သူတွေမို့ တော်လှန်ရေးသမားချင်းချင်းကြားမှာ  ဒီအချက်တွေဟာ တူညီနေသလို 

ကျနော်တို့ တော်လှန်ရေးသမား၊ အဖွဲ့အစည်းအချင်းချင်းအကြားမှာ ပေါင်းစပ်၊  ပေါင်းကူ၊ ပေါင်းစု၊ ပေါင်းလုပ်၊ ပေါင်းတိုက်လို့ရတဲ့ ဘုံစုရပ် ဆုံမှတ်တွေ ရှိပြီးသားပါ။ ကျနော်တို့ဟာ အဲ့နေရာတွေမှာ အမြဲရှိနေပါတယ်။ ဘယ်အချိန်မဆို လာရှာလို့ ရပါတယ်လို့ အေအေ ရက္ခိုင့်တပ်တော် ဒုစစ်ဦးစီးချုပ် ဖြစ်တဲ့  ဒေါက်တာ ညိုထွန်းအောင်က ပြန်လည် ရေးသားအကြောင်းပြန်ခဲ့ပါတယ်ရှင်။


========================


📌📌 ၄။ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက လူနေအိမ်  ၄၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့  NUG မီးသတ်ဦးစီးဌာနက စာရင်းထုတ်ပြန်တဲ့သတင်း


အကြမ်းဖက်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက ပြည်သူလူထုရဲ့ လူနေအိမ်ခြေ ၄၁,၀၀၀ ကျော်ကို ၂၀၂၂ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ စာရင်းများအရ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ မီးရှို့ဖျက်ဆီးသည့် အမှု ပေါင်း ,၀၅၈ မှု တွင် လူနေအိမ်ခြေပေါင်း ၄၁,၃၅၅ လုံးကျော် ပျက်စီးခဲ့ပြီဖြစ်တယ်လို့  အန်ယူဂျီ မီးသတ်ဦးစီးဌာနကဆိုပါတယ်။

အဆိုပါ စာရင်းထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက  လွတ်လပ်သော မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထု ပေးပို့လာသည့် အချက်အလက်များကို စိစစ်ကာ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်ဆီးမှုများမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကာ နေအိမ် ၃၁,၄၀၀ လုံးကျော်၊ မကွေးတိုင်းတွင် နေအိမ် ,၅၀၀ ကျော်နှင့် မန္တလေးတိုင်းတွင် နေအိမ် ၄၈၀ ကျော် မိးရှို့ခဲ့တာ ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်စာရင်းတွေကိုတော့ သတင်း ပေးပို့မှုများကို အခြေခံ ထားခြင်းဖြစ်ပြီး မြေပြင်မှာတော့ ဖျက်ဆီးခံရသည့် အိမ်အရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့လည်း ရေးသားပါတယ်။ စာရင်းအရ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၅ ခုအနက် ၁၂ ခုတွင် စစ်ကောင်စီကဖျက်ဆီးပစ်ခဲ့ကာ ယခုအချိန်ထိ အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်း မီးရှို့မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များကတော့ စစ်ကောင်စီရဲ့ ယခုလို ပြည်သူလူထုရဲ့ ရပ်ရွာနေအိမ်များအား လာရောက် မီးရှို့မှုကို  အပြင်းအထန် ခုခံလျက်ရှိကြပါတယ်ရှင်။


========================


📌📌 ၅။ ကေအန်ယူတပ်မဟာ နယ်မြေက စစ်ကောင်စီဝန်ထမ်းတွေ ၁၀ ရက်အတွင်း ရာထူးမှ နုတ်ထွက်ဖို့သတိပေးလိုက်တဲ့သတင်း


ကရင်ပြည်နယ်၊ KNU တပ်မဟာ နယ်မြေမှာ စစ်ကောင်စီဝန်ထမ်းတွေ ၁၀ ရက်တွင်း ရာထူးကနှုတ်ထွက်ကြဖို့နှင့် အာဏာသိမ်းစစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကိုလည်း လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ ဇန်နဝါရီလ ရက်နေ့ ရက်စွဲနဲ့ KNLA က ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ရာမှာ  KNU  တပ်မဟာ နယ်မြေရှိ  စစ်တပ်စခန်းများ ရုပ်သိမ်းရန် ဒေသခံများကလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် မပူးပေါင်းရန်၊ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်များအားလုံးကလည်း ဇန်နဝါရီလ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အပြီးအပိုင် နှုတ်ထွက်ဖို့အချက်များပါဝင်ပါတယ်။

KNU တပ်မဟာ နယ်မြေဖြစ်တဲ့ ဖာပွန်၊ ကမမောင်း မြို့တို့ နှင့် ရပ်ကွက်၊ ကျေးရွာများမှာ စစ်ကောင်စီရဲ့  အုပ်ချုပ်ရေးယန္တရားများ တည်ရှိမှု ကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ အားလုံးထွက်သွားရန် နည်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်မှာဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ယခု ထုတ်ပြန်ချက်ကို လေးစားကြရန်နှင့် မလေးစား မလိုက်နာပါက အရေးယူနိုင်သည့် လူပုဂ္ဂိုလ်များ ကို ဥပဒေနှင့်အညီ အရေးယူမှာဖြစ်ပြီး အရေးမယူနိုင်တဲ့  ပုဂ္ဂိုလ်များအတွက် နောက်ဆက် တွဲဖြစ်ပေါ်လာမယ့် အကျိုးဆက်များသည် ၎င်းတို့အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း သတိပေးစာမှာ ဖော် ပြပါတယ်။ ယခု ထုတ်ပြန်သည့် အမိန့်ဟာ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ကြောင်း KNLA တပ်မဟာ ဌာနချုပ်၊ စစ်ရေးချုပ်ရုံးက သတိပေးထားတယ်လို့သိရပါတယ်ရှင်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်တွေအပေါ်အခြေခံပြီး Radio NUG သတင်းထောက် လွတ်လပ်နွေဦးက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment