၂၀၂၃ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်နဲ့ သူ့လက်အောက်ကလူတွေ အတော့်ကို အခြေအနေမကောင်းဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌 ၂။ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိန်းအမှတ် အခမ်းအနားအနေနဲ့ NUG နဲ့ NUCC တို့ ပူးပေါင်း၍ ဆွေးနွေးပွဲ ကျင်းပမယ်
📌 ၃။ NDAA ဟာ NUG, NUCC, ERO တွေကို ကူညီပေးနိုင်မယ့် လမ်းကြောင်းကို ဖော်ပေးလိုက်တာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၄။ ဖေဖော်ဝါရီ ၁၃ ရက်တွင် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာဖွင့်လှစ်မယ်
📌 ၅။ အင်းတော်မြို့နယ် မဲဇာရွာရှိ မဲဇာရဲစခန်းရှေ့တွင် ပြည်သူတစ်ယောက် ပစ်သတ်ခံလိုက်ရ
📌 ၆။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံး
📌 ၇။ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ထည့်ဝင်ထားတဲ့ အစုရှယ်ယာတွေကို ကနေဒါ ရေနံကုမ္ပဏီ MTI Energy လက်အောက်ခံ ကုမ္ပဏီတစ်ခုကို Chevron ကုမ္ပဏီက ရောင်းချ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်နဲ့ သူ့လက်အောက်ကလူတွေ အတော့်ကို အခြေအနေမကောင်းဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
ဖေဖော်ဝါ ရီလ ၈ ရက် ကျင်းပတဲ့CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုဆိုလိုက်ပါတယ်။
"အာဏာရူးစစ်အာဏာရှင်ကလည်း သူ့လက်အောက်က လူတွေအပါအဝင် သူတို့ကိုယ်တိုင်က အတော့်ကို အခြေအနေမကောင်းဖြစ်နေပါတယ်။ သူ့လက်အောက်ကလူတွေ ပျက်စီးဖို့ ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ ယခုလည်း ဒီလူတွေပျက်စီးဖို့ရာ သူဖန်တီးသွားမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကလည်း သူ့လက်အောက်ကသူတွေကို ပျက်စီးဖို့ရာ သူ့ဘာသူဖန်တီးနေတာပဲ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစတပ်မှ အရာရှိအပါအဝင် လက်အောက်ငယ်သားများမှာ PDFနဲ့ ပူးပေါင်းအဖွဲ့များထံတွင် ဖမ်းဆီးခံရမှုတို့ရှိနေပါတယ်။
========================
📌📌 ၂။ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိန်းအမှတ် အခမ်းအနားအနေနဲ့ NUG နဲ့ NUCC တို့ ပူးပေါင်း၍ ဆွေးနွေးပွဲ ကျင်းပမယ်
ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိန်းအမှတ် အခမ်းအနားအနေနဲ့ NUGနဲ့NUCCတို့ ပူးပေါင်း၍ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ (စနေနေ)၊ မြန်မာစံတော်ချိန် ညနေ ၇:၀၀ နာရီတွင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။
ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိန်းအမှတ် အခမ်းအနားအနေဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ ပူးပေါင်းပြီး "ဖက်ဒရယ်အရေး ….. ရဲရဲတွေး ….. ရဲရဲဆွေးနွေး" ခေါင်းစဉ်ဖြင့် တော်လှန်လူငယ် ဟောပြောပွဲအား အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် Public Voice Television Facebook စာမျက်နှာများ နှင့် အခြားသော မီဒီယာ စာမျက်နှာများတွင် တိုက်ရိုက် ထုတ်လွှင်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၃။ NDAA ဟာ NUG, NUCC, ERO တွေကို ကူညီပေးနိုင်မယ့် လမ်းကြောင်းကို ဖော်ပေးလိုက်တာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
NDAA ဟာ NUG, NUCC, EROတွေကို ကူညီပေးနိုင်မယ့် လမ်းကြောင်းကို ဖော်ပေးလိုက်တာဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဆိုခဲ့ပါတယ်။
"NDAA ဟာ NUG, NUCC, EROတွေကို ကူညီပေးနိုင်မယ့် လမ်းကြောင်းကို ဖော်ပေးလိုက်တယ်။ ဘယ်လိုလုပ်ရမလဲ၊ ဘယ်သူကစမလဲလို့ နဝေတိမ်တောင်ဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ငါတို့လည်း လုပ်ဖို့လိုအပ်ပြီဆိုတဲ့ စိတ်ဓါတ်မျိုး ပေါက်ဖွားလာစေခဲ့တယ်။ တစ်နိုင်ငံကစလို့ နောက်ထပ်နိုင်ငံတွေ လိုက်ပါလာဖို့ တွန်းအားပေးလိုက်တာလည်းဖြစ်တယ်။ တစ်နိုင်ငံချင်းလုပ်ဆောင်ဖို့လိုသလို ဟန်ချက်ညီညီစုပေါင်းလုပ်ဆောင်ဖို့လည်း လိုပါသေးတယ်"လို့ဝန်ကြီးက ဆိုပါတယ်။
အမေရိကန်နိုင်ငံက အတည်ပြုပြဌာန်းလိုက်တဲ့ NDAA တွင် Burma Act ပါဝင်ပြီး လက်နက်မဟုတ်သော နည်းပညာအကူအညီနဲ့ ငွေကြေးထောက်ပံမှုတို့ ပါဝင်မှာဖြစ်ပါတယ်။
========================
📌📌 ၄။ ဖေဖော်ဝါရီ ၁၃ ရက်တွင် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာဖွင့်လှစ်မယ်
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားသို့ NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်မှာဖြစ်ပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု၍ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုရာတွင် ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နိူင်ငံ၊ ချက်နိူင်ငံ၊ သြစတြေးလျနိူင်ငံ၊ နော်ဝေနိူင်ငံတို့ပါဝင်ပါတယ်။
========================
📌📌 ၅။ အင်းတော်မြို့နယ် မဲဇာရွာရှိ မဲဇာရဲစခန်းရှေ့တွင် ပြည်သူတစ်ယောက် ပစ်သတ်ခံလိုက်ရ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာရွာရှိ မဲဇာရဲစခန်းရှေ့တွင် ပြည်သူတစ်ယောက် ပစ်သတ်ခံလိုက်ရတယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ၉ရက် အင်းတော်မြို့နယ် မဲဇာရွာရှိ မဲဇာရဲစခန်းရှေ့တွင် ပြည်သူတစ်ယောက် ပစ်သတ်ခံလိုက်ရကြောင်း သိရပါတယ်။ ပစ်သတ်ခံရသူမှာ အသက် ၄၅နှစ်အရွယ် အလယ်ဆိပ်ရွာသား ကိုစိုးနိုင်ဖြစ်ပြီး ည၁၀ နာရီအချိန်တွင် မဲဇာရွာမှ အလယ်ဆိပ်ရွာသို့အပြန် မဲဇာရဲစခန်းရှေ့တွင် စစ်ကောင်စီမှ ပစ်သတ်လိုက်တာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အင်းတော်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးထုတ်ပြန်တဲ့၃၇မြို့နယ်မှာ အပါအဝင်ဖြစ်ပါတယ်။
========================
📌📌 ၆။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံး
ဖေဖော်ဝါရီလအတွင်းမှာ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးဗဟို၏ ထုတ်ပြန်ချက်အရကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးခဲ့ပါတယ်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ ကို အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်များအကြား နေတိုင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ (၂) နှစ်တာ တိုက်ပွဲများအတွင်း တိုင်းပြည်လွတ်လပ်ရေးအတွက် ရဲရဲဝံဝံ တိုက်ပွဲဝင်ရင်း (၂၁၉) ဦးမှာ အသက်ပေးလှူခဲ့ရပြီး (၆၀၅) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ထည့်ဝင်ထားတဲ့ အစုရှယ်ယာတွေကို ကနေဒါ ရေနံကုမ္ပဏီ MTI Energy လက်အောက်ခံ ကုမ္ပဏီတစ်ခုကို Chevron ကုမ္ပဏီက ရောင်းချ
ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမေရိကန်အခြေစိုက် ရှက်ဗရွန် (Chevron) ရေနံကုမ္ပဏီက အခုလိုသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရှက်ဗရွန်ရဲ့ရှယ်ယာတွေကို MTI Energy က သူ့ရဲ့ ဘာမြူဒါကျွန်းအခြေစိုက် လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Et Martem Holdings လုပ်ငန်းကတစ်ဆင့် ဝယ်ယူတာလို့ မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့က ပြောပါတယ်။
ဗြိတိန်ပိုင် ဘာမြူဒါကျွန်းစုဒေသဟာ နိုင်ငံခြားကုမ္ပဏီတွေ အခွန်ကင်းလွတ်ခွင့် ရရှိတဲ့ဒေသဖြစ်ပြီး လျှို့ဝှက်တဲ့ စီရင်ပိုင်ခွင့်နယ်မြေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက အကြီးမားဆုံး ရတနာဓာတ်ငွေ့ စီမံကိန်းမှာ ထည့်ဝင်ထားတဲ့ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ရောင်းချဖို့ သဘောတူထားပြီး ဒီသဘောတူညီချက်ပါ အချက်အလက်တွေကို လျှို့ဝှက်ထားတယ်လို့ ရှက်ဗရွန်ကုမ္ပဏီက ပြောတဲ့အကြောင်း Argus စီးပွားရေးသတင်းက ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment