၂၀၂၃ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင် ယန္တရားနဲ့ စစ်အုပ်စုကို အမြစ်ပြတ် သုတ်သင် ခြေမှုန်နိူင်ရေးဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက ဘုံရည်မှန်းချက်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး (၆/၂၀၂၃) ကျင်းပ
📌 ၃။ အရွေ့ရှိတဲ့တော်လှန်ရေးမှာ CDMer များ ပါဝင်နေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်
📌 ၄။ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ်အဖွဲ့ကို မှတ်တမ်းတင် ဂုဏ်ယူကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောမရွာ (ရဲစခန်း) နှင့် စက်မှု(၂) ကြား၌ ဖောကားဖြင့် ကူးသန်းလာသောစကစတပ်နဲ့ပျူများပစ်ခတ်ခံရ၍ နှစ်ဦးသေဆုံး
📌 ၆။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှပျူ စောထီးများ အရပ်သားများကို ဆက်တိုက်သတ်ဖြတ်
📌 ၇။ ကျုံဒိုးမြို့နယ် အခြေစိုက် ခမရ ၅၄၅ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်၍ အပြစ်မဲ့ပြည်သူ တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့
📌 ၈။ နွားထိုးကြီးမြို့ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာတဲ့ စကစတပ်ကားကို မိုင်းဆွဲရာ နှစ်ဦးသေဆုံး၍ လေးဦးပြင်းထန်ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင် ယန္တရားနဲ့ စစ်အုပ်စုကို အမြစ်ပြတ် သုတ်သင် ခြေမှုန်နိူင်ရေးဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက ဘုံရည်မှန်းချက်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
စစ်အာဏာရှင် ယန္တရားနဲ့ စစ်အုပ်စုကို အမြစ်ပြတ် သုတ်သင် ခြေမှုန်နိူင်ရေးဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက ဘုံရည်မှန်းချက်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဖေဖော်ဝါရီလ (၉)ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ (၂)နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။
"အထူးသဖြင့် နေ့စဥ်ရက်ဆက် ရွာပေါင်းများစွာကို မီးရှို့ ဖျက်ဆီးသတ်ဖြတ်နေတဲ့ သန္ဓေယုတ် မြန်မာစစ်တပ်ကို နိူင်ငံရေးအရ အသက်ရှုပေါက်ပေးလို့ မရပါဘူး။စစ်ရေးအရလည်း ထွက်ပေါက်မရှိအောင် လုပ်ထားရပါလိမ့်မယ်။စစ်အာဏာရှင် ယန္တရားနဲ့ စစ်အုပ်စုကို အမြစ်ပြတ် သုတ်သင် ခြေမှုန်နိူင်ရေးဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက ဘုံရည်မှန်းချက်ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိ ကြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကျော်ကာလအတွင်း စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး (၆/၂၀၂၃) ကျင်းပ
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ( ၆/၂၀၂၃) ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) ကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၅/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ အရွေ့ရှိတဲ့တော်လှန်ရေးမှာ CDMer များ ပါဝင်နေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်
အရွေ့ရှိတဲ့တော်လှန်ရေးမှာ CDMer များပါဝင်နေကြတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၈ ရက် ကျင်းပတဲ့ CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။
"ဒီတော်လှန်ရေးဟာ အရွေ့ရှိတဲ့တော်လှန်ရေးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့အောင်မြင်မှုကိုရခဲ့တာရှိတယ်။ အောင်မြင်မှုကို တွေ့နေတာရှိတယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးဟာ ရပ်တန့်နေတာ၊ ဆုတ်ယုတ်နေတာမဟုတ်ဘူး။ အရွေ့ရှိတဲ့တော်လှန်ရေးမှာ CDMerများပါဝင်နေကြတယ်ဆိုတာကို အားရှိစေဖို့ ကျနော့်အနေနဲ့ အားပေးစကားပြောကြားချင်ပါတယ်။ ကျနော်တိူ့မှာ ပြတ်သားတဲ့ Road Mapရှိတယ်။ မဟာဗျူဟာရှိတယ်။ လုပ်ငန်းစဥ်တွေရှိတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိ နွေဦးတော်လှန်မှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ ရင်းနဲ့မြို့နယ် ပကဖအဖွဲ့ပေါင်း၂၆၀ ကျော် ဖွဲ့စည်းပြီးဖြစ်ကာ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ ကျော် ရရှိထားပြီးဖြစ်ပါတယ်။
========================
📌📌 ၄။ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ်အဖွဲ့ကို မှတ်တမ်းတင် ဂုဏ်ယူကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်အဖွဲ့ကို မှတ်တမ်းတင် ဂုဏ်ယူကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ၏ သပိတ်ရက်ပေါင်း (၇၀၀) ပြည့် ဖေဖော်ဝါရီလ ၉ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကျေးဇူးတင်စကားဆိုပါတယ်။
"ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်ကော်မတီရဲ့ ရွာပေါင်းစုံသပိတ်အဖွဲ့တွေကို စကားပြောခွင့်ရတာ အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ၁ရက်မပျက် ရက်ပေါင်း ၇၀၀တိတိ တော်လှန်ရေးမှာ သပိတ် ထွက်နိူင်ခဲ့တဲ့ ယခုလို သပိတ်အဖွဲ့မျိုးဟာ အလွန်ကို ရှားပါးတာဖြစ်ပါတယ်။ ကျနော်တို့ ဒီနေ့နွေဦးတော်လှန်ရေး အခြေအနေ အချိန်အခါမျိုးမှာတောင် ရက်ပေါင်း ၇၀၀မပျက် ထွက်ဖို့ဆိုတာ တော်တော်ကို ခက်ခက်ခဲခဲ ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒါကြောင့် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ်အဖွဲ့ကို မှတ်တမ်းတင် ဂုဏ်ယူပါတယ်"လို့ဝန်ကြီးက ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာလုယူမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုများဟာ ယခုထက်ထိတိုင်ရှိနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၅။ မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောမရွာ (ရဲစခန်း) နှင့် စက်မှု(၂) ကြား၌ ဖောကားဖြင့် ကူးသန်းလာသောစကစတပ်နဲ့ပျူများပစ်ခတ်ခံရ၍ နှစ်ဦးသေဆုံး
မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောမရွာ (ရဲစခန်း) နှင့် စက်မှု(၂) ကြား၌ ဖောကားဖြင့် ကူးသန်းလာသော စကစတပ်နဲ့ ပျူများပစ်ခတ်ခံရ၍ နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီအချိန် မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောမရွာ (ရဲစခန်း) နှင့် စက်မှု (၂) ကြား၌ ဖောကားဖြင့် ကူးသန်းလာသောစကစတပ်နဲ့ ပျူများကို တိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဆိုပါတယ်။
"မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောမရွာ (ရဲစခန်း) နှင့် စက်မှု(၂) ကြား၌ ဖောကားဖြင့် ကူးသန်းလာသော စကစတပ်နဲ့ ပျူများကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) နှင့်အတူ ကျားသစ်နက်တပ်မတော် တပ်ခွဲ ( ၇ )၊ပခုက္ကူခရိုင်တပ်ရင်း ၁၅ ၊ တပ်ခွဲ ၃ ၊ပြည့်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ ၇၀၃ တပ်ရင်းနှင့် GOBA တို့ ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်၍ စကစတပ်နဲ့ပျူ နှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိကာ ကားကိုမောင်းပြေးသွားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှပျူ စောထီးများ အရပ်သားများကို ဆက်တိုက်သတ်ဖြတ်
စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှပျူစောထီးများ အရပ်သားများကို ဆက်တိုက်သတ်ဖြတ်နေတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၉ ရက်မှာ AAPP က သတင်းထုတ်ပြန်ဖော်ပြပါတယ်။
"ဖေဖော်ဝါရီလ ၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ယင်းမကျင်းကျေးရွာတွင် နေထိုင်သည့် ဦးပေါဌေးအား ကြွယ်ပုံကျေးရွာမှ အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေ ပျူစောထီးအဖွဲ့က စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တယ်"လို့ဖော်ပြပါတယ်။ ဦးပေါဌေး၏ ရုပ်အလောင်းကို ကြွယ်ပုံကျေးရွာအနီးရှိ သရက်ခြံအတွင်း၌ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တွေ့ရှိခဲ့ပါတယ်။
ထို့ပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အဆိုပါပျူစောထီးအဖွဲ့မှ ကြွယ်ပုံကျေးရွာအနီးရှိ သရက်ခြံအတွင်း အလုပ်လုပ်နေသည့် စံသစ်ကျေးရွာသား ဦးဝင်းအောင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဦးဝင်းအောင်၏ ရုပ်အလောင်းကို အဆိုပါသရက်ခြံအတွင်း၌ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၇။ ကျုံဒိုးမြို့နယ် အခြေစိုက် ခမရ ၅၄၅ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်၍ အပြစ်မဲ့ပြည်သူ တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့
ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် အခြေစိုက် ခမရ ၅၄၅ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ အပြစ်မဲ့ပြည်သူတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဂဠုန်စစ်ကြောင်းက အသိပေးဖော်ပြပါတယ်။
"ဖေဖော်ဝါရီ ၈ ရက်ညနေ ၆ ခန့်တွင် ကျုံဒိုးမြို့နယ် အခြေစိုက် ခမရ ၅၄၅ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ရာ ကျုံဒိုးမြို့နယ်၊ ကျောက်ဖျာကျေးရွာအတွင်းသို့ ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါလက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ နွားထိုးကြီးမြို့ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာတဲ့ စကစတပ်ကားကို မိုင်းဆွဲရာ နှစ်ဦးသေဆုံး၍ လေးဦးပြင်းထန်ဒဏ်ရာရ
နွားထိုးကြီးမြို့ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာတဲ့ စကစတပ်ကားကိုမိုင်းဆွဲရာ နှစ်ဦးသေဆုံး၍ လေးဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စစ်ရေးသတင်းကို နွားထိုးကြီး PDF က အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီ ၉ရက် နံနက် ၁၁နာရီဝန်းကျင်အချိန့်၌ နွားထိုးကြီးမြို့၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာသော (စကစတပ်)ကားသေးတစ်စီးအား ကျွန်ုပ်တို့ NPDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ စကစတပ်ဘက်က နှစ်ဦး နေရာတင်သေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment