၂၀၂၃ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယခုအချိန်ကာလမှာ သမိုင်းတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားအနည်းဆုံးနဲ့ ချိနဲ့ပြိုလဲကျဖို့ အကောင်းဆုံး အချိန်ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ နွေဦးတော်လှန်ရေးကို NUG တဖွဲ့တည်းအင်အားနဲ့ ဆင်နွှဲနေတာ မဟုတ်ဘဲ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများလည်းပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဆို
📌 ၃။ ပြည်သူကို မျက်နှာမူ တဲ့ နိုင်ငံရေးပါတီ တိုင်းကမင်းအောင်လှိုင်ရဲ့အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်စရာမရှိဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၄။ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များကို NUG အစိုးရ၏ အရေးပေါ်ကုစားငွေအား သွားရောက်ထောက်ပံ့ ပေးအပ်
📌 ၅။ CDM များနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ကျင်းပမယ်
📌 ၆။ "PDF တွေကို ဂုတ်ဆွဲပြီးဖမ်းပြမယ်" ဟု ကြိမ်းဝါးနေတဲ့အကြမ်းဖက် တပ်မ (၄၄) စစ်မှူထမ်းဟောင်း မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်အား ရှင်းလင်းခံရ
📌 ၇။ ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာတွင် ညအိပ်ခဲ့ကြသောစကစတပ်များ ယနေ့မနက်ခင်းအစောပိုင်း လောင်းရှည်ရွာကိုမီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယခုအချိန်ကာလမှာ သမိုင်းတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားအနည်းဆုံးနဲ့ ချိနဲ့ပြိုလဲကျဖို့ အကောင်းဆုံး အချိန်ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဖေဖော်ဝါရီ ၁၅
အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားအနည်းဆုံးအချိန်ဖြစ်နေပြီလို့ ဖေဖော်ဝါရီလ (၁၄) ရက် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၆/၂၀၂၃မှာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။
"တကယ်ဆိုရင် ဒီအချိန်ကာလဟာ သမိုင်းတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားအနည်းဆုံး နဲ့ ချိနဲ့ပြိုလဲကျဖို့ အကောင်းဆုံး အချိန်ဖြစ်နေပြီဆိုတာ အားလုံး သဘောပေါက်နေကြပြီး ဖြစ်မှာပါ။ ဒီလို အချိန်မှာ ကျွန်တော်တို့ အချင်းချင်းကြားမှာ ယခုထက်ပိုပြီး ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ သဘော တူညီချက်တွေ ရှိနေဖို့ လိုအပ်မှာ အမှန်ပဲ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ကြိုတင်ပြင်ဆင်ရမယ့် အခန်းကဏ္ဍတွေအတွက် ပြင်ဆင်ဖို့နဲ့ အားစိုက်ကြရမယ့် အခန်းကဏ္ဍများကို အပြည့်အဝ အားစိုက်ကြဖို့ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးကို NUG တဖွဲ့တည်းအင်အားနဲ့ ဆင်နွှဲနေတာ မဟုတ်ဘဲ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများလည်းပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဆို
နွေဦးတော်လှန်ရေးကိုအင်အားစုများနဲ့ပူးပေါင်းပါဝင်တော်လှန်နေကြောင်းကို ဖေဖော်ဝါရီလအတွင်း မေးမြန်းခန်းတစ်ခုမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုခဲ့ပါတယ်။
"ဒီတော်လှန်ရေးကို NUG တဖွဲ့တည်းအင်အားနဲ့ ဆင်နွှဲနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ PDF တပ်မတော်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အတူပူးပေါင်းပြီး စစ်ရေးအရ တခုတည်းသော စနစ်ကျတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်ကာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပုံဖော်ထားတဲ့ “စစ်ဒေသ” တွေရဲ့ စစ်ရေးခေါင်းဆောင်၊ “စစ်ဒေသမှူး” များအဖြစ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ဝါရင့် စစ်ရေးထိပ်တန်းခေါင်းဆောင်ကြီးများကပဲ တာဝန်ယူထားကြတာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရက စစ်ဒေသများအလိုက် အမိန့်ပေးကွပ်ကဲမှု စနစ်နဲ့ လက်နက်တပ်ဆင်ပေးမှုများကိုဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ပြည်သူကို မျက်နှာမူ တဲ့ နိုင်ငံရေးပါတီ တိုင်းကမင်းအောင်လှိုင်ရဲ့အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်စရာမရှိဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
ဖေဖော်ဝါရီ ၁၅ ရက်
ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလိုဆိုလိုက်ပါတယ်။
"ပြည်သူကို မျက်နှာမူ တဲ့ နိုင်ငံရေးပါတီ တိုင်းက မင်းအောင်လှိုင် လုပ်မဲ့ ရွေးကောက်ပွဲ ဝင်စရာ အကြောင်းမရှိဘူး။ ထောက်ခံစရာ အကြောင်းလဲ မရှိဘူး။ NLD မကြိုက်တာနဲ့ မင်းအောင်လှိုင် မူကို လက်ခံတာဟာ ဒီမိုကရေစီ အခြေခံမူအရ အလွဲကြီးလွဲနေပြီ"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်ဟာ ၂၀၂၃ ခုနှစ်မှာ အတုအယောင်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ကြေညာထားပါတယ်။
"ကျနော်တို့တော်လှန်နေတာ လူမဟုတ်ဘူး၊ မူကို တော်လှန်နေတာပါ။ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ ထာဝရ စစ်ကျွန်ပြုရေး မူကို တော်လှန်နေတာ ဖြစ်တယ်။ အဲ့ဒီ မူကို ထောက်ခံနေတဲ့ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို တော်လှန်ရေးရဲ့ ရန်သူ့ဘက်တော်သားတွေ ဖြစ်သွားနိုင်ပါတယ်"လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များကို NUG အစိုးရ၏ အရေးပေါ်ကုစားငွေအား သွားရောက်ထောက်ပံ့ ပေးအပ်
ဖေဖော်ဝါရီ ၁၅
စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များကို NUGအစိုးရ၏ အရေးပေါ်ကုစားငွေအား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
"၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ရက်နေ့က ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များကို ပုလဲမြို့နယ် လူသားစာနာတာဝန်ခံနှင့်အတူ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က NUGအစိုးရ၏ အရေးပေါ်ကုစားငွေအား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို NUG အစိုးရ၏ လမ်းညွှန်မှုနဲ့အတူ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၅။ CDM များနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ကျင်းပမယ်
ဖေဖော်ဝါရီ ၁၅
CDM များနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ၁၉ရက်နေ့ကျင်းပမယ်လို့ cdm successကော်မတီကသတင်းရရှိပါတယ်။ အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ CRPH မှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်မှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလဆန်းက CDM ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပရာ CDMဝန်ထမ်း ၁၃၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၆။ "PDF တွေကို ဂုတ်ဆွဲပြီးဖမ်းပြမယ်" ဟု ကြိမ်းဝါးနေတဲ့အကြမ်းဖက် တပ်မ (၄၄) စစ်မှူထမ်းဟောင်း မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်အား ရှင်းလင်းခံရ
ဖေဖော်ဝါရီလ ၁၅
ဖေဖော်ဝါရီ ၁၅ ရက်မှာ S.O.F တပ်ဖွဲ့က အခုလိုအတည်ပြုဆိုပါတယ်။
"နန်းထိုက်အောင်စင်ဆင်ရေး အဖြစ် "PDF တွေကို ဂုတ်ဆွဲပြီးဖမ်းပြမယ်" ဟု ကြိမ်းဝါးကာ အကြမ်းဖက်နေသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ပေါင်မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ) ပေါပီအား ယနေ့နံနက် ( ၇း၁၅ ) နာရီတွင် S.O.F တပ်ဖွဲ့ဝင်များမှ ရင်းငြိမ်ကျေးရွာ၊ တောင်ဘက်ခြမ်း ငွေလျံလ္ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့တယ်"လို့ဆိုပါတယ်။ လ္ဖက်ရည်ဆိုင်အတွင်း အခြား ပျူတပ်ဖွဲ့ဝင်များရှိနေသော်လည်း လက်နက်/ကျည်အားနည်းသည့်အတွက် တစ်ဦးသာရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ရှာဖွေသိမ်းဆည်းခွင့်မရခဲ့ဘူးလို့သိရပါတယ်။
========================
📌📌 ၇။ ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာတွင် ညအိပ်ခဲ့ကြသောစကစတပ်များ ယနေ့မနက်ခင်းအစောပိုင်း လောင်းရှည်ရွာကိုမီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ ၁၅ ရက်
ဖေဖော်ဝါရီ ၁၅ ရက် မှာ စကစတပ်များဟာ ရွာကိုမီးရှို့ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။ "ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာတွင် ညအိပ်ခဲ့ကြသော အကြမ်းဖက် စကစတပ်များ ဟာ ယနေ့မနက်ခင်းအစောပိုင်းအချိန်တွင် လောင်းရှည်ကျေးရွာအား မီးထပ်ရှို့နေပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စကစတပ် များ စတင်ဝင်ရောက်သည့်နေ့တွင်လည်း မီးရှို့ခဲ့ရာ ယခုအကြိမ်သည် ဒုတိယမြောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment