၂၀၂၃ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ဖက်ဒရယ်ခရီး မဝေးတော့တာ သေချာနေပြီဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန နှင့် EdX ပညာရေးအဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သင်တန်းအမျိုးအစားပေါင်း (၁၃၂) မျိုးကို EdX MOOC တွင် အဆင့်မြင့် ပညာကဏ္ဍမှ ကျောင်းသားများလေ့လာနိုင်
📌 ၄။ ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုရ NUG ကြားကာလပညာသင်ကြားရေး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စုံညီပွဲတော်ကျင်းပ
📌 ၅။ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်း သို့ သွားရောက်ကာ လက်နက်များ တပ်ဆင်ပေးခဲ့
📌 ၆။ သရက်မြို့ ကပစ ၁၂ တပ် သရက်ခရိုင် PDF တပ်ရင်း ၄ တပ်ဖွဲ့မှ ၉၀ မမ ရှော့တိုက်ဒုံးနဲ့ ယမန်နေ့ညပိုင်းကပစ်ခတ်ခံရ
📌 ၇။ အိမ်ပြန်လမ်း Android အခြေအနေစကောင်းနေပြီဖြစ်ပြီး ယခု ဝင်ငွေ တစ်ရက်လျှင် ကျပ်တစ်သိန်းကျော် ဝင်ငွေရရှိနေတယ်လို့ Click2 Donate အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ဖက်ဒရယ်ခရီး မဝေးတော့တာ သေချာနေပြီဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဖေဖော်ဝါရီ ၁၆
ဖက်ဒရယ်ခရီး မဝေးတော့ တာ သေချာနေပြီဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီလအတွင်း အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းဆိုခဲ့တာဖြစ်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအတွင်း စုစုစည်းစည်းနဲ့ ပိုမိုပေါင်းစပ်လုပ်ဆောင်မှုတွေနဲ့ အားဖြည့်ဖို့ လိုအပ်သလို တော်လှန်ရေး ဦးဆောင်အဖွဲ့များ အားလုံးနဲ့လည်း ပိုမို လက်တွဲ လုပ်ဆောင်နိုင်မှုတွေအတွက် ကြိုးပမ်းအားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဖက်ဒရယ်ခရီးဟာ နီးတယ် မဆိုနိုင်ပေမယ့် မဝေးတော့ တာ သေချာနေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးကို KIA၊KNU စတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ရေး၊ နိူင်ငံရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်
ဖေဖော်ဝါရီ ၁၆
ဖေဖော်ဝါရီ ၁၆ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကအခုလိုအသိ ပေးထုတ်ပြန်ထားပါတယ်။
"အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်အပ်ပါတယ်။အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများလိုအပ်ပါတယ်"လို့ဖော်ပြပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားဖြင့် ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့် telegram သို့ ဆက်သွယ် သတင်းပေးပို့ကြပါရန်တိုက်တွန်းအပ်ပါတယ်လို့ဆိုထားပါတယ်။ ဒါအပြင် စစ်ကောင်စီရဲ့ သစ္စာခံလုပ်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲရှိတော့တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဖေဖော်ဝါရီလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။
"ဒီကနေ့ အချိန်ထိ စစ်ကောင်စီရဲ့ သစ္စာခံလုပ်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့...။ သူတို့ရွေးချယ်ရဖို့က လမ်း နှစ်လမ်းပဲရှိတော့တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ တလမ်းကတော့ ဒီအကြမ်းဖက်စစ်တပ် တခုလုံး အလုံးစုံပျက်သုဥ်းသွားတဲ့အထိ အသေခံပြီးတော့မှ ဒီစစ်အုပ်စုကို ကာကွယ်ပေးမလားသို့မဟုတ် ပြည်သူနဲ့ အချိန်မီ ပူးပေါင်းမယ်၊ ပြည်သူ့ဘက်က အချိန်မီရပ်တည်ပြီးတော့မှ တော်လှန်ရေးကို အလုပ်အကျွေးပြုကြမလား။ အဲ့ဒါ သူတို့အတွက်ရွေးချယ်စရာကတော့ ဒီ နည်းလမ်း နှစ်ခုပဲ ရှိတော့တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန နှင့် EdX ပညာရေးအဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သင်တန်းအမျိုးအစားပေါင်း (၁၃၂) မျိုးကို EdX MOOC တွင် အဆင့်မြင့် ပညာကဏ္ဍမှ ကျောင်းသားများလေ့လာနိုင်
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန နှင့် EdX ပညာရေးအဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သင်တန်းအမျိုးအစားပေါင်း (၁၃၂) မျိုးကို EdX MOOC ၌ အဆင့်မြင့် ပညာကဏ္ဍမှ ကျောင်းသားများ လေ့လာနိုင်ပြီလို့ ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် NUG ပညာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနှင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထား သော ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် နိုင်ငံတကာပညာရေး အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို အစဉ်တစိုက် ကြိုးပမ်းလျက် ရှိပါတယ်။EdX ပညာရေး အဖွဲ့အစည်းနှင့် ပူးပေါင်း၍ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော အဆင့်မြင့် ပညာကဏ္ဍမှ ကျောင်းသားများအတွက် သင်တန်းအမျိုးအစားပေါင်း (၁၃၂) မျိုးကို EdX MOOC တွင် လေ့လာနိုင်ရန် သဘောတူညီမှုများ ရရှိခဲ့ပြီး ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ သင်တန်း (၁၃၂) မျိုးအနက် EdX နှင့် မိတ်ဖက်ဖြစ်သည့် နိုင်ငံတကာ တက္ကသိုလ်များမှ အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော သင်တန်းအမျိုးအစား (၈၈) မျိုးတွင် ကျောင်းသားဦးရေ (၅၀၀၀) အထိ တက်ရောက် သင်ယူနိုင်မှာဖြစ်ပါတယ်။ တက်ရောက်ခွင့်ရရှိသူ ကျောင်းသားများသည် US ဒေါ်လာဖြင့် ပေးသွင်းရသော သင်တန်းများအား အခကြေးငွေ လုံး၀ပေးသွင်းစရာ မလိုဘဲ တက်ရောက်နိုင်မည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြုသင်တန်း ပြီးဆုံးကြောင်းလက်မှတ်များအား အခမဲ့ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၄။ ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုရ NUG ကြားကာလပညာသင်ကြားရေး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စုံညီပွဲတော်ကျင်းပ
ဖေဖော်ဝါရီ ၁၆
ဖေဖော်ဝါရီ ၁၆ ရက်မှာ ဒေသခံသတင်းအရင်းအမြစ်များ၏ အတည်ပြုပြောဆိုချက်အရ "စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုရ NUG ကြားကာလပညာသင်ကြားရေး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စုံညီပွဲတော်ကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပခဲ့တယ်"လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကြားကာလ ပညာသင်ကြားရေးအစီအစဥ်ကိုအကောင်အထည်ဖော်ဆောင်လျက်ရှိပြီးတော့ မကြာခဏာ ပညာရေးစုံညီပွဲတော်နဲ့ ကျောင်းသားအားကစားပွဲများကျင်းပလျက်ရှိပါတယ်။
========================
📌📌 ၅။ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်း သို့ သွားရောက်ကာ လက်နက်များ တပ်ဆင်ပေးခဲ့
တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်း သို့ သွားရောက်ကာ လက်နက်များ တပ်ဆင်ပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၆ ရက်မှာ နဂါးနီစစ်ကြောင်းက လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၏ နဂါးနီစစ်ကြောင်း သို့ သွားရောက်ကာ တိုက်ပွဲဝင်ရဲဘော်များအား လက်နက်များ တပ်ဆင်ပေးအပ်ခဲ့တယ်"လို့ဖော်ပြပါတယ်။
ထို့ပြင် စစ်ဒေသခွဲ အမှတ် ၃ အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ပြီး နွေဦးတော်လှန်ရေး၏ ၂ နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကားပြောဆို၍ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာကျင်းပနိူင်ခဲ့ပါတယ်။
========================
📌📌 ၆။ သရက်မြို့ ကပစ ၁၂ တပ် သရက်ခရိုင် PDF တပ်ရင်း ၄ တပ်ဖွဲ့မှ ၉၀ မမ ရှော့တိုက်ဒုံးနဲ့ ယမန်နေ့ညပိုင်းကပစ်ခတ်ခံရ
ဖေဖော်ဝါရီ ၁၆
ဖေဖော်ဝါရီ ၁၆ ရက်မှာ စစ်ရေးသတင်းကိုသရက်ခရိုင် PDF တပ်ရင်း ၄ တပ်ဖွဲ့က အခုလိုအသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီလ ၁၅ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန် သရက်မြို့ ကပစ ၁၂ တပ်အား သရက်ခရိုင် PDF တပ်ရင်း ၄ တပ်ဖွဲ့မှ ၉၀ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်ရာတွင် ၁ လုံးအား အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး ၁ လုံးမှာချို့ယွင်းသွားခဲ့တယ်လို့ဖော်ပြပါတယ်။
ပစ်ခတ်နိုင်ခဲ့သော ရှော့တိုက်ဒုံး ၁ လုံးမှာ ကပစ ၁၂ လူပျိုဆောင် နှစ်ခုကြား ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လူနှင့် အဆောက်အဦးများ ပျက်စီးထိခိုက်မှု ရှိ ၊ မရှိကို ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ အိမ်ပြန်လမ်း Android အခြေအနေစကောင်းနေပြီဖြစ်ပြီး ယခု ဝင်ငွေ တစ်ရက်လျှင် ကျပ်တစ်သိန်းကျော် ဝင်ငွေရရှိနေတယ်လို့ Click2 Donate အသိပေး
ဖေဖော်ဝါရီ ၁၆
ဖေဖော်ဝါရီ ၁၆ ရက်မှာ Click2Donate က အခုလိုအသိပေးဆိုထားပါတယ်။
"အိမ်ပြန်လမ်း android လည်း အခြေအနေစကောင်းနေပြီခင်ဗျာ။ အရင်ရက်တွေက တနေ့မှ သုံးထောင်ကျပ်လောက်ဝင်နေရာကနေ ဒီနေ့ဆိုရင် တစ်သိန်းကျော်နေပါပြီခင်ဗျာ။ ဒါကြောင့် iphone ရော android ရော ကောင်းနေပါပြီခ။main အနေနဲ့ ဝိုင်းကလစ်ကြပါစို့ခင်ဗျာ။iphone ကတော့ aungpwe ရော eain pyan lann ရော ကြော်ငြာတက်နေတာမို့ ရှယ်သာကလစ်ထားကြပါခင်ဗျာ"လို့ဆိုထားပါတယ်။ Click2donate ဟာ ပြည်သူများ ကလစ်နှိပ်ရာမှ ရရှိလာသော ငွေကြေးများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်ထောက်ပို့ ပေးအပ်ခြင်းဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment