၂၀၂၃ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီဝင်များ တွေ့ဆုံတိုင်ပင်ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ် နိုင်ဖို့ အင်မတန် အရေးကြီးတယ်လို့ ဝန်ကြီးချုပ်ဆို
📌 ၂။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၃၀၀၀ ဦးအထိ ရှိနေခဲ့ပြီလို့ AAPP ထုတ်ပြန်
📌 ၃။ တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာမိသားစု၏ မြန်မာပြည်မှစစ်ဘေးသင့်သွေးချင်းများ အတွက် ရန်ပုံငွေရှာဖွေပွဲ Online preorder များ အားလုံးနီးပါး ရောင်းကုန်
📌 ၄။ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်နှင့်ဇီကုန်းတိုက်နယ်မှ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခွဲခန့် အရေးပေါ်အကူအညီလိုအပ်
📌 ၅။ "လွတ်လပ်ခါမှ အမျှဝေမယ်"နွေဦးတော်လှန်ရေးအတွင်း ဖြစ်ရပ်မှန် ဇာတ်လမ်း ထိုင်းနိူင်ငံမှာ မတ်လ ၁၂ ရက်နေ့ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီဝင်များ တွေ့ဆုံတိုင်ပင်ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ် နိုင်ဖို့ အင်မတန် အရေးကြီးတယ်လို့ ဝန်ကြီးချုပ်ဆို
ဖေဖော်ဝါရီ ၁၈
ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ အစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ် ဆောင်ရွက်နိုင်ဖို့အတွက် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအခုလို ပြောကြားခဲ့ပါတယ်။
"ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီမှာ ပါဝင်နေတဲ့ ဝန်ကြီးဌာနတွေဟာ အင်မတန် အလုပ်များကြပြီး မြေပြင်မှာ စီမံခန့်ခွဲမှုတွေ ပြုလုပ်ရတာလည်း အင်မတန် မလွယ်ကူကြတဲ့ ဝန်ကြီးဌာနတွေ ဖြစ်နေပါတယ်။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီတို့လို ကော်မတီတွေဟာလည်း တော်လှန်ရေးမှာ အလွန်တရာ အရေးကြီးတဲ့ ကော်မတီတွေ ဖြစ်နေတာကြောင့် အလုပ်များကြပေမယ့် တွေဆုံတိုင်ပင်ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ် နိုင်ဖို့ဆိုတာလည်း အင်မတန် အရေးကြီးပါတယ်"လို့ဆိုပါတယ်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေများမှာ မြို့နယ်တရားရုံးများဖွင့်လှစ်ထားရှိပြီး ပြည်သူ့တရားစီရင်ရေးလုပ်ငန်းများ စတင်လျက်ရှိပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၃၀၀၀ ဦးအထိ ရှိနေခဲ့ပြီလို့ AAPP ထုတ်ပြန်
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက်ရှိရာမှာ ဖေဖော်ဝါရီ ၁၇ ရက်အထိ စာရင်းတွေအရ ကျဆုံးခဲ့ရသူ ၃၀၀၀ ဦးအထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၅,၈၈၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၄,၃၉၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ပြစ်ဒဏ်ကျခံရသူထဲမှ (၁၀၃) ဦးက သေဒဏ်ချမှတ်ခံထား ရတာပါ။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံ ထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရသူ ၁၄၄ ဦးရှိ ပြီဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
အာမခံနဲ့ လွတ်မြောက်လာသူက ၂၄ ဦး ရှိပြီး၊ ပြန်လည်လွတ်မြောက်လာတဲ့ အရေအတွက်က ၃၈၃၃ ရှိတယ်လို့ ဆိုပါ တယ်။ ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေက AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့အချက်အလက်နဲ ကိန်းဂဏန်းအရေအတွက်တွေက ယခုထက်ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားသလို အချက်အလက်တွေ ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမား တွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထား ရတာတွေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အ လက်တွေကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ဆက်သွယ်ဖို့လည်း ဖော်ပြထားပါတယ်။
========================
📌📌 ၃။ တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာမိသားစု၏ မြန်မာပြည်မှစစ်ဘေးသင့်သွေးချင်းများ အတွက် ရန်ပုံငွေရှာဖွေပွဲ Online preorder များ အားလုံးနီးပါး ရောင်းကုန်
ဖေဖော်ဝါရီ ၁၈ ရက်
အမေရိကန်နိူင်ငံ တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာမိသားစု၏ မြန်မာပြည်မှစစ်ဘေးသင့်သွေးချင်းများ အတွက် ရန်ပုံငွေရှာဖွေပွဲ Online preorder များ အားလုံးနီးပါး ရောင်းကုန်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ LA NUG Supporters ကအသိပေးဆိုပါတယ်။
"လာမယ့် February 19 တနင်္ဂနွေနေ့ မှာ ကျင်းပမည့် တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာမိသားစု၏ မြန်မာပြည်မှစစ်ဘေးသင့်သွေးချင်းများ အတွက် ရန်ပုံငွေရှာဖွေပွဲ Online preorder များ အားလုံးနီးပါး ရောင်းကုန်အောင် အားပေးကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။
ပွဲနေ့ ဆိုင်ခင်းရောင်းချကြမယ့် မြန်မာအစားအသောက်မျိုးစုံ၊ အဝတ်အထည်နှင့် အသုံးအဆောင်များ၊ အားဆေးများအပါအဝင် စုံလင်အောင် တတ်အားသ၍ ကြိုးစားစီစဉ်ထားတဲ့ ကုန်ပစ္စည်းများကို ဝယ်ယူအားပေးရင်း မြန်မာပြည်အတွက် လှူဒါန်းနိုင်ကြဖို့ကြွလှမ်းခဲ့ရန်လည်း ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၄။ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်နှင့်ဇီကုန်းတိုက်နယ်မှ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခွဲခန့် အရေးပေါ်အကူအညီလိုအပ်
ဖေဖော်ဝါရီ ၁၈ ရက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်နှင့်ဇီကုန်းတိုက်နယ်မှ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခွဲခန့် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဖေဖော်ဝါရီ၁၈ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ် အင်းလယ်ကြီးရွာတွင် ညအိပ်သော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစုပေါင်းအင်အား၁၂၀ခန့် ရွာ၏အရှေ့တောင်ဘက်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ပြီး သရက်တာနှင့်အင်္ဂါထောင့်ရွာဘက်သို့ ဦးတည်ခဲ့ပါတယ်။၎င်းစစ်ကောင်စီစစ်ကြောင်းသည် မနက် ၁၀ နာရီ 30 မိနစ်ခန့်တွင် ကိုင်းရိုးရွာအနီးရှိတောထဲ တဲတိုက်တွင် အသက် ၂၂နှစ် နှင့် ၃၂ နှစ်အရွယ် အပြစ်မဲ့ပြည်သူအမျိုးသားနှစ်ဦးအား ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် အင်းလယ်ကြီးရွာမှ အသက်မပြည့်သေးသည့် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်၂၀ ကျော် အမျိုးသမီးတစ်ဦးအားလဲ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပြီး ပြန်လည်လွှတ်ပေးခြင်းရှိမရှိ ဆဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ထိုစစ်ကောင်စီတပ်နှင့်ပျူများစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်ရှိ အင်းလယ်ကြီး၊သရက်တာရွာအပါအဝင် စုစုပေါင်းရွာ (၁၈)ရွာမှ ပြည်သူ ၁၅၀၀၀ ခန့်စစ်ဘေးရှောင်နေရတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ "လွတ်လပ်ခါမှ အမျှဝေမယ်"နွေဦးတော်လှန်ရေးအတွင်း ဖြစ်ရပ်မှန် ဇာတ်လမ်း ထိုင်းနိူင်ငံမှာ မတ်လ ၁၂ ရက်နေ့ပြသမယ်
"လွတ်လပ်ခါမှ အမျှဝေမယ်"
နွေဦးတော်လှန်ရေးအတွင်း ဖြစ်ရပ်မှန် ဇာတ်လမ်း ထိုင်းနိူင်ငံမှာ မတ်လ ၁၂ ရက်နေ့ပြသမယ်လို့ KTJ Supporting Group ကအသိပေးဆိုပါတယ်။
"လွတ်လပ်ခါမှ အမျှဝေမယ်"နွေဦးတော်လှန်ရေးအတွင်း ဖြစ်ရပ်မှန် ဇာတ်လမ်း ထိုင်းနိူင်ငံမှာ ပြသပါတော့မယ်။ကရင်နီ ဒေသတစ်ခုမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလွတ်လပ်ခါမှ အမျှဝေမယ်ဒါရိုက်တာနဲ့ ထုတ်လုပ်သူ စိန်သီး၊ အောင်သော်မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်က ထောက်ပံ့ ကူညီပေးထားပြီး ထိုင်းနိူင်ငံတွင် KTJ Supporting Group မှတာဝန်ယူပြီးပြသမှာဖြစ်ပါတယ်"လို့ဆိုပါတယ်
တော်လှန်ရေး ရဲဘော်များ ပါဝင် သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကိုမတ်လ ၁၂ ရက် နေ့မှာနံနက် ပွဲစဉ် ၁ (မနက် ၁၁ နာရီ)၊ပွဲစဉ် ၂ (နေ့လည် ၁ နာရီ) အထိပွဲစဉ် ၃ (ညနေ ၃နာရီ) တို့ဖြစ်ပြီး ပြည်သူများရဲ့အချိန် အားလပ်မှုအလိုက် လာရောက်ကြည့်ရှုနိူင်အောင် စီစဉ်ပေးထားပါတယ်။
လက်မှတ် တစ်စောင် ၂၀၀ ဘတ်နူန်းဖြင့် အားပေးနိူင်ပြီးရရှိလာတဲ့ အမြတ်ငွေများအား MODနဲ့ CDM အနုပညာရှင်များကို ထောက်ပံ့ပေးသွားမှာပဲ ဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment