၂၀၂၃ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပမ်းကျလာမယ့် အချိန်ကိုစောင့်နေတာမို့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို
📌 ၂။ စိုးမိုးနိုင်သည့် ဒေသများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအသိပေးပြောကြား
📌 ၃။ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ (၂) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူသို့ ရှင်းလင်းတင်ပြ
📌 ၄။ ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်မှ ကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်သားများအား ချပ်သင်းအရှေ့ဘက်တွင် ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့
📌 ၅။ စစ်ကောင်စီက အရာတော်မြို့နယ် မင်းရွာကို Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းက တိုက်ခိုက်၍ မြေပြင်စစ်ကြောင်းက ရွာကိုမီးရှို့
📌 ၆။ ပြည်ကြီးတံခွန်မြို့နယ် လဝက ရုံးအား အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်
📌 ၇။ “ကော်ဘရာစစ်ကြောင်းနှင့် စကစ ထိတွေ့မှုဖြစ်ပွားရာ စကစတပ်က ဗိုလ်မှူး (၁) ဦးအပါအဝင် (၂) ဦးသေဆုံး၊ (၄) ဦးဒဏ်ရာရ
📌 ၈။ MRTV -4 သရုပ်ဆောင်ခြူးလေးနဲ့ ၄င်းနဲ့ပတ်သတ်တဲ့ လူများရဲ့ စီးပွားရေးကို Boycott လုပ်ဖို့ ရေဘဝဲလူငယ်အဖွဲ့တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပမ်းကျလာမယ့် အချိန်ကိုစောင့်နေတာမို့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို
အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပမ်းကျလာမယ့် အချိန်ကို စောင့်နေတာမို့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ (၂၂) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ ဆိုလိုက်ပါတယ်။
"အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပမ်းကျလာမယ့် အချိန်ကိုစောင့်နေတာမို့ ကျနော်တို့အားလုံး တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပြီး ဆက်လက်ကြိုးစား လုပ်ဆောင်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးဟာ ၂ နှစ်တာ ကာလပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ စိုးမိုးနိုင်သည့် ဒေသများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအသိပေးပြောကြား
စိုးမိုးနိုင်သည့် ဒေသများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်လျက် ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အသိပေးပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ မှာဝန်ကြီးကဆိုပါတယ်။
"စိုးမိုးနိုင်သည့် ဒေသများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ တော်လှန်ရေးတွင် ညီညီညာညာ လက်တွဲ ဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ပေါ်လွင်ရန်လိုအပ်ကြောင်း၊ လုပ်ဆောင်ချက်များ သကိုထိထိရောက်ရောက်ဆောင်ရွက် ပြသရန်ဖြစ်ကြောင်း၊ မြေပြင်မှ လိုအပ်ချက်များအပေါ် ဆွေးနွေးကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအားလုံး လုံခြုံရေး၊ ကျန်းမာရေးကို ဂရုပြုကြရန်" ဝန်ကြီးကဆိုပါတယ်။
ဆက်လက်ပြီး တရားရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ဌာန၏ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူဝါဒနှင့်ထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ (၂) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူသို့ ရှင်းလင်းတင်ပြ
ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ (၂) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူသို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ (၂)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ ပြည်သူသို့ရှင်းလင်းတင်ပြအား အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို အစီအစဉ် (၁၃) ရပ်ဖြင့် ကျင်းပခဲ့ပြီး သဘာပတိအဖြစ် ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဆောင်ရွက်ကာ အခမ်းအနားမှူးအဖြစ် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် CRYH အဖွဲ့ဝင် ဒေါ်ခိုင်မာဌေးက ဆောင်ရွက်ခဲ့ပါတယ်။
အခမ်းအနားတွင် သဘာပတိ မိန့်ခွန်းပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာကို အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမေဝင်းမြင့်က ဖတ်ကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ (၂)နှစ်တာလုပ်ငန်းဆောင်ရွက် ချက်များ ပြည်သူသို့ အစီရင်ခံတင်ပြသည့်အခမ်းအနားသို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် (၅၇) ဦးတက်ရောက်ခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC)၊ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်နှင့်တိုင်း လွှတ်တော် ကိုယ်စားပြုကော်မတီများမှ ကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် နိုင်ငံရေးမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၄။ ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်မှ ကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်သားများအား ချပ်သင်းအရှေ့ဘက်တွင် ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့
ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်မှ ကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်သားများအား ချပ်သင်းအရှေ့ဘက်တွင် ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက် ၄ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်မှ ကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၄ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်မှ ကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်သားများအား ချပ်သင်းအရှေ့ဘက်တွင် ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းရာဇာအဖွဲ့မှ သိရတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုတွင် စကစတပ်က နှစ်ဦးသေဆုံးကြောင်း သိရပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီက အရာတော်မြို့နယ် မင်းရွာကို Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းက တိုက်ခိုက်၍ မြေပြင်စစ်ကြောင်းက ရွာကိုမီးရှို့
စစ်ကောင်စီက အရာတော်မြို့နယ် မင်းရွာကို Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းက တိုက်ခိုက်၍ မြေပြင်စစ်ကြောင်းက ရွာကိုမီးရှို့ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ မှာ စစ်ရေးသတင်းကို မြေပြင်တော်လှန်ရေးအင်အားစုများက အတည်ပြုဆိုပါတယ်။
"အရာတော်မြို့နယ်၊ မင်းရွာကို ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က Mi 35 စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာပါ"လို့ဆိုပါတယ်။ ဒါ့အပြင် စစ်သုံးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ပြီးနောက် မင်းရွာကြီးကို စစ်ကောင်စီတပ်က မြေပြင်မှာ မီးရှို့ခဲ့ပါတယ်။
========================
📌📌 ၆။ ပြည်ကြီးတံခွန်မြို့နယ် လဝက ရုံးအား အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လဝက ရုံးအား အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် မှာ စစ်ရေးလုပ်ဆောင်ချက်ကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ကအသိပေးဆိုပါတယ်။
" ဖေဖော်ဝါရီလ၂၂ရက်နံနက် ၁၁နာရီ၂၅မိနစ် အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် ဆ ရပ်ကွက် ၁၂၈ လမ်း ၆၂×၆၃ လမ်းကြား ရှိ ပြည်ကြီးတံခွန်မြို့နယ် လဝက ရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့"လို့ဆိုပါတယ်။ လတ်တလောမှာ ထိခိုက်ပျက်စီးမှုကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ “ကော်ဘရာစစ်ကြောင်းနှင့် စကစ ထိတွေ့မှုဖြစ်ပွားရာ စကစတပ်က ဗိုလ်မှူး (၁) ဦးအပါအဝင် (၂) ဦးသေဆုံး၊ (၄) ဦးဒဏ်ရာရ
"ကော်ဘရာစစ်ကြောင်းနှင့် စကစထိတွေ့မှုဖြစ်ပွားရာ စကစတပ်ကဗိုလ်မှူး (၁) ဦးအပါအဝင် (၂) ဦးသေဆုံး၊ (၄) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းကဆိုပါတယ်။
"ဖေဖော်ဝါရီ ၂၂ နေ့လည် ၂ နာရီ ၁၀ မိနစ်တွင် ၅၈၅ တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ်(၃)စီးဟာ ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေသော ဖလူးဝေါ်လေလမ်းမမှ ဖြတ်သန်းရာ ကော်ဘရာစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ပွဲမှာ ၁၅ မိနစ်ခန့်သာ ကြာခဲ့သော်လည်း ရန်သူဘက်မှ ဗိုလ်မှူး (၁) ဦးနှင့် အခြားအဆင့်(၁)ဦး သေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။
စကစများက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် နေထိုင်ခိုလှုံနေသော ပြည်သူ (၁) ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ ကော်ပရာစစ်ကြောင်းဘက်မှ (၁) ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိဘူးလို့ဆိုပါတယ်။
========================
📌📌 ၈။ MRTV -4 သရုပ်ဆောင်ခြူးလေးနဲ့ ၄င်းနဲ့ပတ်သတ်တဲ့ လူများရဲ့ စီးပွားရေးကို Boycott လုပ်ဖို့ ရေဘဝဲလူငယ်အဖွဲ့တိုက်တွန်း
MRTV -4 သရုပ်ဆောင်ခြူးလေးနဲ့ ၄င်းနဲ့ပတ်သတ်တဲ့ လူများရဲ့ စီးပွားရေးကို Boycott လုပ်ဖို့ ရေဘဝဲလူငယ်အဖွဲ့ တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက အတည်ပြုဆိုပါတယ်။
"သရုပ်ဆောင်ခြူးလေးဟာ နွေဦးတော်လှန်ရေးအရ အစပိုင်းမှာသာ အပေါ်ယံပါဝင်ခဲ့တာကို တွေ့ရပြီး စစ်ကောင်စီအားပေးများနှင့် လက်တွဲနေတာကို သိရှိရတဲ့အတွက် လူမှုရေးပြစ်ဒဏ်အနေနဲ့ရော စီးပွားရေးပြစ်ဒဏ်အနေနဲ့ရော ပြည်သူလူထုအနေနဲ့ အဖက်မလုပ်ဖို့၊ ရှောင်ကြည်ဖို့၊ အားမပေးအသုံးမပြုဖို့၊ အဲ့လိုလူတွေ ဘာဖြစ်ဖြစ်ဝင်မပါကြဖို့ အသိပေးရခြင်းဖြစ်ပါတယ်ရှင်"လို့ ဆိုပါတယ်။
လူမှုရေးပြစ်ဒဏ်နဲ့ စီးပွားရေးပြစ်ဒဏ်အား (MRTV -4 သရုပ်ဆောင်ခြူးလေးအပါအဝင် သူနှင့်ပက်သက်သူများ၏ ပိုင်ဆိုင်မှုများကို သပိတ်မှောက်ရန် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ဆိုပါတယ်။ သပိတ်မှောက်ရန် စီးပွားရေးလုပ်ငန်းများမှာ MRTV-4၊ Brave Bar၊ Beauty In The Pot၊ Xiaomi Resellers၊ Canton Paradise၊ Worldwide KTV၊ Black Canyon၊ Golden Hour Entertainment၊Hotel SS စသဖြင့် ပါဝင်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment