28th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာ အဆုံးတိုင်သွားရမယ့် တော်လှန်ရေးခရီးဖြစ်ပြီး ပန်းတိုင်မြင်နေရပြီလို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၂။ NUG အစိုးရက ၂နှစ်အတွင်းမှာ လူသားချင်းစာနာတဲ့အကူအညီ ၆ဘီလီယံနီးပါး ထောက်ပံ့ကူညီနိူင်ခဲ့

📌 ၃။ တစ်နိုင်တစ်ပိုင် သစ်ခိုးထုတ်သူ လူဦးရေသိန်းနဲ့ချီကို ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်အသိပေး

📌 ၄။ စစ်ကောင်စီရဲ့ တရားရုံးတွေမှာ အသက်မပြည့်သေးတဲ့ ကလေးကအစ မတရားစီရင်ခံနေရတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၅။ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးမယ်လို့ ဗြိတိသျှသံရုံးရန်ကုန်ယာယီသံရုံးတာဝန်ခံဆို

📌 ၆။ ရခိုင်နယ်စပ် လုံခြုံရေးက အများကြီးစိတ်ချရတဲ့ အနေအထားမျိုးတော့ မဟုတ်ဘဲ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့နှစ်ဖက် စစ်ရေးပြင်ဆင်ထားမှုရှိတယ်လို့ဆို

📌 ၇။ "ရောင်နီလာရာလမ်း" ရုပ်ရှင်ကို မတ်လ ၁၈ ရက် လန်ဒန်မှာပြသမယ်

📌 ၈။ Project ဝရဇိန်ကမ်ပိန်းမှ ဆယ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၄၀၀၀၀ ရရှိထား

📌 ၉။ အကြမ်းဖက်စစ်အုပ်စုကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၆၂) ဦးအထိရှိလာ

📌 ၁၀။ မုံရွာမြို့နယ် မြို့သစ်ရပ်ကွက်နေသူ စစ်မူထမ်းဟောင်းတစ်ဦး စကစတပ် သတင်းပေး၍ ရှင်းလင်းခံရပြီး လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိ

📌 ၁၁။ ရေစကြိုမြို့နယ် မင်းရွာရှိ ပျူစခန်းအားကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ အဆုံးတိုင်သွားရမယ့် တော်လှန်ရေးခရီးဖြစ်ပြီး ပန်းတိုင်မြင်နေရပြီလို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


နွေဦးတော်လှန်ရေးဟာ အဆုံးတိုင်သွားရမယ့် တော်လှန်ရေးခရီးဖြစ်ပြီး ပန်းတိုင်မြင်နေရပြီလို့ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။ ဖေဖော်ဝါရီလအတွင်းကျင်းပတဲ့ (One Day Challenge)နှင့် မြေပြင် အခင်းအကျင်း မေးမြန်းတွေ့ဆုံပွဲမှာ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။


"ဒီတော်လှန်ရေးသည် အဆုံးတိုင်သွားရမယ့်ခရီးဖြစ်ပါတယ်။ ပန်းတိုင်လည်း မြင်နေရပါပြီ။ မြင်နေရတဲ့ အတွက် အကုန်လုံးအားတင်းပြီး ကျနော်တို့ ချီတက်ကြပါ"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တက်ဘာ ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲကာ စစ်ရေး၊ နိုင်ငံရေး၊ သံတမာန်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံဖွင့်ကာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလျက်ရှိပါတယ်။


========================


📌📌 ၂။ NUG အစိုးရက ၂နှစ်အတွင်းမှာ လူသားချင်းစာနာတဲ့အကူအညီ ၆ဘီလီယံနီးပါး ထောက်ပံ့ကူညီနိူင်ခဲ့


NUG အစိုးရက နှစ်အတွင်းမှာ လူသားချင်းစာနာတဲ့အကူအညီ ဘီလီယံနီးပါး ထောက်ပံ့ ကူညီနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။ ဖေဖော်ဝါရီလအတွင်း ကျင်းပတဲ့ (One Day Challenge) နှင့်မြေပြင် အခင်းအကျင်း မေးမြန်းတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကပြောပါတယ်။


"ပြည်သူက ပြည်သူအကူအညီနဲ့ပဲ ဆောင်ရွက်ခဲ့တာ ၂နှစ်ပြည့်ခဲ့ပြီ။ ၂နှစ်အတွင်းမှာ ဆောင်ရွက်နိုင်ခဲ့တာ ၆ဘီလီယံ ကျပ်နီးပါး ထောက်ပံနိူင်ခဲ့ပြီးပြီဖြစ်တယ်။ လိုအပ်ချက်ကတော့ ဒီ့ထက်မကဘူး။ လိုအပ်ချက်ကို သိဖို့ဆိုပြီးတော့ အဓိက ဒုက္ခရောက်နေတဲ့ စစ်ကိုင်း၊ မကွေးဒေသအပါအဝင် တိုင်းရင်းသား ဒေသများကို လေ့လာဆန်းစစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့နေရာများကို လေ့လာဆန်းစစ်၍ အစီရင်ခံစာထုတ်ကာ နိုင်ငံတကာအကူအညီများ ရရှိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။


========================


📌📌 ၃။ တစ်နိုင်တစ်ပိုင် သစ်ခိုးထုတ်သူ လူဦးရေသိန်းနဲ့ချီကို ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်အသိပေး


တစ်နိုင်တစ်ပိုင် သစ်ခိုးထုတ်သူ လူဦးရေသိန်းနဲ့ချီကို ထိန်းချုပ်ဖို့ခက်ခဲနေတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကပြောပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကျင်းပတဲ့ Global Town Hall Meeting မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။


"အလောင်းတော် ကဿပလိုနေရာမျိုးမှာ ဧရိယာအကုန်လုံးကို ထိန်းသိမ်းဖို့က ကျနော်တို့ လူနည်းနည်းနဲ့ ဘယ်လိုမှ မဖြစ်နိူင်ပါဘူး။ အခုဆို လူတွေက တောထဲမှာ စက်အသေးတွေနဲ့ တစ်ကိုယ်စာ ထုတ်နေတဲ့ သစ်တွေကို ကျနော်တို့ ထိန်းချုပ်ဖို့ခက်ခဲပါတယ်။ ဒီဟာတွေကိုပြန်ပြီးဝယ်တဲ့ လက်ကြီးသမားတွေကိုပဲ ထိန်းချုပ်ဖို့ပေါ့။ တချို့တဝက်ကို လမ်းမှာ ကျနော်တို့ဖမ်းမိတာရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိအချိန်အထိ ခိုးထုတ်တဲ့ သစ်တန်ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့ပြီးတော့ အဆိုပါသစ်များကို ပြည်သူများထံ ပြန်လည်မျှဝေခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်းနဲ့ ဗုံးခိုကျင်းများအတွက် အသုံးပြုခြင်းတို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ တရားရုံးတွေမှာ အသက်မပြည့်သေးတဲ့ ကလေးကအစ မတရားစီရင်ခံနေရတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


စစ်ကောင်စီရဲ့ တရားရုံးတွေမှာ အသက်မပြည့်သေးတဲ့ ကလေးကအစ မတရားစီရင်ခံနေရတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကျင်းပတဲ့ Global Town Hall Meeting မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


"အခုဆို ဖမ်းသွားတယ်။ သေဖို့က များနေတဲ့အခြေအနေဖြစ်နေတယ်။ ကိုယ့်အိမ်မှာနေတာမီးရှို့တယ်။သတ်ဖြတ်တယ်။ ထွက်ပြေးနေရတဲ့ဘဝမှာ တရားဥပဒေစိုးမိုးမှုတော့ရှိမှာမဟုတ်ဘူး။ ဒါဆိုတရားရုံးတွေကရော အားကိုးရလားဆိုရင် တရားရုံးတွေမှာဘဲ မတရားသေဒဏ်ပေးခံရတဲ့ ကိုဂျင်မီတို့အမှုတွေရှိတယ်။တရားရုံးမှာပဲ စီရင်လိုက်ပြီးတော့ မမျှမတနဲ့ ထောင်ဒဏ်နှစ် ၂၀၀ ကျော်ကျတဲ့ NLD ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရှိပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးကအစ မတရားစီရင်ခံရတာရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် အဆိုပါ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်အုပ်စုများကို နိုင်ငံတကာ တရားစီရင်ရေးကဏ္ဍများမှာ အရေးယူနိုင်ဖို့အရေး NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးမယ်လို့ ဗြိတိသျှသံရုံးရန်ကုန်ယာယီသံရုံးတာဝန်ခံဆို


မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးမယ်လို့ ဗြိတိသျှသံရုံးရန်ကုန်ယာယီသံရုံးတာဝန်ခံ Mr Ken O’Flaherty က ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ ဗြိတိသျှသံရုံး ရန်ကုန်က အသိပေးဖော်ပြပါတယ်။


မြန်မာနိုင်ငံမှာယူကေကို ကိုယ်စားပြုခွင့်ရခြင်းဟာ အခွင့်ထူးပါပဲ။ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးဖို့ မျှော်လင့်နေပါတယ်"လို့ ဆိုပါတယ်။


Mr Ken O’Flaherty က ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးတွင် ယာယီသံရုံးတာဝန်ခံအဖြစ် တာဝန်ယူလိုက်တာ ဖြစ်ပါတယ်။ Mr O’ Flaherty ဟာ သံတမန်တစ်ဦးဖြစ်ကာယခင်က ပါရီ၊ တိုကျို၊ ရောမနှင့် ဘရပ်ဆဲလ်တို့တွင် တာဝန်ယူခဲ့ပါတယ်။


========================


📌📌 ၆။ ရခိုင်နယ်စပ် လုံခြုံရေးက အများကြီးစိတ်ချရတဲ့ အနေအထားမျိုးတော့ မဟုတ်ဘဲ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့နှစ်ဖက် စစ်ရေးပြင်ဆင်ထားမှုရှိတယ်လို့ဆို


ရခိုင်နယ်စပ် လုံခြုံရေးက အများကြီး စိတ်ချရတဲ့အနေအထားမျိုးတော့ မဟုတ်ဘဲ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့နှစ်ဖက် စစ်ရေးပြင်ဆင်ထားမှုရှိတယ်လို့ ရခိုင့်တပ်တော်AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက် ကျင်းပတဲ့ ULA/AA သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကဆိုပါတယ်။


"ရခိုင်နယ်စပ် လုံခြုံရေးက အများကြီးစိတ်ချရတဲ့အနေအထားမျိုးတော့ မဟုတ်ပါ။ စစ်ကောင်စီဘက်ကလည်း သူတို့ဘက်က ဖြတ်သန်း သွားလာတဲ့အခါ ကျနော်တို့ဘက်ကို အကြောင်းကြားတာ အသိပေးတာမျိုး ရှိပါတယ်။ စစ်ကောင်စီဘက်က လူသူ လက်နက်ရိက္ခာဖြည့်တာရှိပါတယ်။ အခြားတစ်ဖက်မှာ စစ်ရေးပြင်ဆင်နေတာရှိပါတယ်။ စစ်ရေးမှာ သူ့ဘက်ကိုယ့်ဘက် ပြင်ဆင်နေတာရှိပါတယ်"လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး၊ ပြည်သူပေါင်း ၇၀၀ ခန့်ထိခိုက်ဒဏ် ရရှိခဲ့ပါတယ်။


========================


📌📌 ၇။ "ရောင်နီလာရာလမ်း" ရုပ်ရှင်ကို မတ်လ ၁၈ ရက် လန်ဒန်မှာပြသမယ်


"ရောင်နီလာရာလမ်း" ရုပ်ရှင်ကို မတ်လ ၁၈ ရက် လန်ဒန်မှာ ပြသမယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ ဒါရိုက်တာကိုပေါက်ရဲ့ ရုပ်ရှင်ပြသရေးကော်မတီက အသိပေးထားပါတယ်။


"မသောက်မိသောမိုးခါးရေ"ရုပ်ရှင်ကိုလှုပ်လှုပ်ရှားရှားဂယက်တွေ ထအောင် First day first showမှာ ဝိုင်း ဝုန်းပေးခဲ့ကြတဲ့ London က ပရိတ်သတ်ကြီးကို ကိုပေါက်က မတ်လ ၁၈ ရက်နေ့ "ရောင်နီလာရာလမ်းလေး""မှာထပ်ဆုံချင်ပါတယ်တဲ့ UK တဝှမ်း က အမျိုးများအားပေးကြပါဦး"လို့ဆိုပါတယ်။


ဒါရိုက်တာ ကိုပေါက်ရဲ့"ရောင်နီလာရာလမ်း" Documentaryရုပ်ရှင်ကို London Comedy Show ပြပွဲရုံမှာ မတ်လ ၁၈ ရက်နေ့ ပြသမှာဖြစ်ပါတယ်။ လက်မှတ်များကို နီးစပ်ရာ Fundraiser များမှ ၎င်း၊ MEUK page မှ သော်၎င်း ဝယ်ယူရရှိနိုင်ပါတယ်။


========================


📌📌 ၈။ Project ဝရဇိန်ကမ်ပိန်းမှ ဆယ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၄၀၀၀၀ ရရှိထား


“Project ဝရဇိန်ကမ်ပိန်းမှ ဆယ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၄၀၀၀၀ ရရှိထားတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ ၈၈မျိုးဆက် မနီလာသိန်းက အသိပေးဖော်ပြထားပါတယ်။


“Project ဝရဇိန်အတွက်နိုင်ငံ zone အလိုက် Fundraiser များကိုလည်း မနီလာသိန်းရဲ့ လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။


အောင်မြင်ထိရောက်တဲ့ မြေပြင်မစ်ရှင်တွေ များများဖော်ဆောင်နိုင်ဖို့၊ Fixed wing drone တွေ များများ တပ်ဆင်နိုင်ဖို့၊ ဒရုန်းတပ်ဖွဲ့တွေ အင်အားတောင့်တင်းဖို့၊ ဒရုန်းနည်းပညာတွေ အဆင့်မြင်မားလာဖို့ Project ဝရဇိန် မှာ ပါဝင်အားဖြည့်ပေးနိူင်မှာဖြစ်ပါတယ်။


========================


📌📌 ၉။ အကြမ်းဖက်စစ်အုပ်စုကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၆၂) ဦးအထိရှိလာ


အကြမ်းဖက်စစ်အုပ်စုကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၆၂) ဦးအထိရှိလာပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPPက အသိပေးဖော်ပြပါတယ်။


"၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၆၂) ဦးရှိခဲ့ပြီဖြစ်တယ်"လို့ဆိုပါတယ်။


ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာနှင့် ကောင်မဲတင်းကျေးရွာတို့ကို ဖယ်ခုံမြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စု၏ အမှတ်()စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် တောင်စလုံးကျေးရွာမှ အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၁၀။ မုံရွာမြို့နယ် မြို့သစ်ရပ်ကွက်နေသူ စစ်မူထမ်းဟောင်းတစ်ဦး စကစတပ် သတင်းပေး၍ ရှင်းလင်းခံရပြီး လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိ


မုံရွာမြို့နယ် မြို့သစ်ရပ်ကွက်နေသူ စစ်မူထမ်းဟောင်းတစ်ဦးစကစတပ် သတင်းပေး၍ ရှင်းလင်းခံရပြီး လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက် မုံရွာ_ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့က အသိပေးဆိုပါတယ်။


"စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မြို့သစ်ရပ်ကွက်နေသူ စစ်မူထမ်းဟောင်း ဦးသန်းနိုင်က နမခ လူယုံဖြစ်ပြီး စားနပ်ရိက္ခာနှင့် စကစ သတင်းပေးလို့သိရပါတယ်။ ပြည်သူများ သတင်းပေးပို့ခြင်းကြောင့် ကျွန်တော်တို့စောင့်ကြည့်ခဲ့ရာ ကြာပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


စစ်ဆင်ရေးကို မုံရွာ_ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့() Black Falcon ‌မြို့တွင်း‌ ပျောက်ကျားတပ်ဖွဲ့ Brave Heart Army-BHA နှင့် Special Forces-11PDF တို့မှပူးပေါင်း၍ ဒုတပ်ကြပ် (စစ်မူ့ထမ်းဟောင်း) ဦးသန်နိုင်ဆိုသူအား ရှင်းလင်းခဲ့ပြီး မှတ်ပုံတင်အချက်အလက်များနှင့် လက်ပစ်ဗုံး သံပုရာသီးတစ်လုံးသိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၁၁။ ရေစကြိုမြို့နယ် မင်းရွာရှိ ပျူစခန်းအားကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်


မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာရှိ ပျူစခန်းအားကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ စစ်ရေးသတင်းကို ThwayThauk Revolution Forces ကအတည်ပြုဆိုပါတယ်။


"ရေစကြိုမြို့နယ် မင်းရွာပျူရွာ ပျူစခန်းအား  ဖေဖော်ဝါရီ၂၇ရက်နံနက်တွင် ThwayThauk Revolution Forces ပခုက္ကူခရိုင် တပ်ရင်း၁၀ တပ်ခွဲ၂ နှင့်လက်ရုံးတပ်များမှ မင်းရွာပျူကျေးရွာ အတွင်းသို့  ဝင်ရောက် တိုက်ခိုက်ပြီး နာရီတိတိအချိန်ထိ ၅၇မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


ထိပ်တိုက်တွေ့ဆုံအပြန်အလှန်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ရာ ရန်သူဘက်မှ အထိခိုက်အကျဆုံးများနိုင်ခြေရှိပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment