၂၀၂၃ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး ဖယ်သွားနိုင်ရေးဟာ နံပါတ် ၁ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် Labour Party လွှတ်တော်အမတ် Catherine West နှင့်တွေ့ဆုံ
📌 ၄။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီး
📌 ၅။ "အတူထောက်ကူဒို့ပြည်သူနေ့" ရံပုံငွေစျေးရောင်းပွဲနှင့် "Undaunted" နွေဦးတော်လှန်ရေး မှတ်တမ်းရုပ်ရှင်တိုပြပွဲကို ပါရီမြို့တွင်ကျင်းပ
📌 ၆။ နွေဦးအောင်လံကမ်ပိန်း ပြီးဆုံးသော်လည်း ဒရုန်းများအတွက် ထောက်ပို့လိုပါက ဆက်လက်လှူဒါန်းထောက်ပို့နိူင်
📌 ၇။ မန္တလေးနှင့် မုံရွာမှ တော်လှန်ရေးအင်အားစုများမှ ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များသို့ နိုင်ငံရေးသိကောင်းစရာများ ဟောပြောပို့ချခဲ့
📌 ၈။ အိန္ဒိယနိုင်ငံ နယ်စပ်မြို့များမှာ ခိုလှုံနေတဲ့ မြန်မာပြည်သူများကို ပြစ်ဒဏ်ချမှတ်မှုများ နှင့် ဖမ်းဆီးထောင်ချမှုများ၊ စစ်အုပ်စုလက်ထဲသို့ ပြန်ပို့သည့် လုပ်ရပ်များ ရပ်တန်းကရပ်ရန် ပြည်နယ်အစိုးရအား ဖိအားပေးရန်ပြင်ဆင်
📌 ၉။ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ၍ စကစတပ်နဲ့ပျူများ ၁၀ဦးခန့်သေဆုံးကာ လက်နက်များသိမ်းဆည်းရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး ဖယ်သွားနိုင်ရေးဟာ နံပါတ် ၁ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး ဖယ်သွားနိုင်ရေးဟာ နံပါတ် ၁ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။
"ကျွန်တော်တို့ နိုင်ငံမှာ ဖြေရှင်းစရာ အရေးကိစ္စတွေ အများကြီး ရှိနေပါတယ်။ အဲဒီထဲမှာမှ အခု အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး ဖယ်သွားနိုင်ရေးဟာ နံပါတ် ၁ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကျွန်တော်တို့နိုင်ငံက ပြဿနာတွေ အားလုံးရဲ့ အရင်းအမြစ် ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိရှိပြီးသားဖြစ်ပါတယ်။ ဒီအတွက် တစ်စုတစ်စည်းတည်း အားကုန်ကြိုးစားနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ဘက်ပေါင်းစုံကနေ အားထည့်လုပ်ဆောင် သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်"လို့ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေဟာ အခုလိုနေ့စဉ်နဲ့အမျှ အစွမ်းကုန် ရက်စက်ယုတ်မာမှုတွေ ပြုနေတဲ့၊ လက်နက်မိုးပြီး အုပ်ချုပ်နေတဲ့ စစ်တပ်အပေါ် အခြေအနေတွေအရ ခေါင်းငုံပြီး နေနေရပေမယ့် အခွင့်အခါရရင် ရသလို ဆန့်ကျင်နိုင်ဖို့ ကြိုးစားနေကြတယ်ဆိုတာကို ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ် အောင်မြင်မှုကို ကြည့်ရင် သေချာစွာ သိမြင်နိုင်မှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအသိပေးဖော်ပြပါတယ်။
တူရကီနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Mustafa Sentop နှင့် ဆီးရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Mammouda Sabbagh တို့ထံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မနေ့က တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင် သတင်းအား ကြားသိရသည့်အတွက် များစွာတုန်လှုပ်မိပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် မိမိတို့အနေဖြင့် ခက်ခဲလှသည့် ယခုအချိန်တွင် တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံ အစိုးရ၊ လွှတ်တော်၊ မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့်အတူ ရပ်တည်ပါကြောင်း၊ အသက်ဆုံးရှုံးသွားရသူတို့၏ မိသားစုဝင်များအတွက် ဝမ်းနည်းရပါကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့သူများအနေဖြင့် အမြန်ဆုံး သက်သာပျောက်ကင်း နိုင်ပါစေကြောင်း” ဖြင့် ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် Labour Party လွှတ်တော်အမတ် Catherine West နှင့်တွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် Labour Party လွှတ်တော်အမတ် Catherine West နှင့်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် Labour Party လွှတ်တော်အမတ်နှင့် Shadow Minister for Asia and the Pacific ဖြစ်သူ Catherine West နှင့် ဖေဖော်ဝါရီ ၆ ရက်နေ့ ယူကေစံတော်ချိန် ညနေ (၅) နာရီတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြပါတယ်။
ပြည်ထောင်စုဝန်ကြီး၏ ယူကေခရီးစဥ်အတွင်း တွေ့ဆုံခဲ့ကြသည့် အဆိုပါတွေ့ဆုံမှုတွင် မြန်မာအရေးနှင့် စပ်လျဥ်းသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး၊ မြန်မာ့အရေးအတွက် နိုင်ငံတကာမှ ပိုမိုတက်ကြွစွာထောက်ပံကူညီနိုင်ရေးကို အထူးအလေးထားဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၄။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီး
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၇ ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးကို နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တော်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား အစီအစဉ် (၁၁) ရပ်ဖြင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးအဖွင့်၌ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင် လူ ကျောင်းသား ပြည်သူ အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် ဧရာဝတီလွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက (၈) စက္ကန့် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
ထို့နောက် ဧရာဝတီတိုင်းလွှတ်တော်နာယက ဦးကျော်ဆန်းမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တစ်နှစ်စာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRAH)၏ ဘဏ္ဍာရေးကော်မတီမှ တစ်နှစ်စာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ပေါင်းစည်းချိတ်ဆက်ရေးကော်မတီမှ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ လူမှုအထောက်အကူပြုကော်မတီမှ ပညာရေးကဏ္ဍ တစ်နှစ်စာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ လူမှုအထောက်အကူပြုကော်မတီမှ လူသားချင်းစာနာမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကဏ္ဍအတွက် တစ်နှစ်စာလုပ်ငန်းဆောင်ချက်အစီရင်ခံစာ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နွေဦးတော်လှန်ရေးကာလအတွင်း ဆောင်ရွက်ချက်များအား မှတ်တမ်းတင်နိုင်ပါရန် အဆိုတင်သွင်းမှု တို့ကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်ခဲ့ပါတယ်။
========================
📌📌 ၅။ "အတူထောက်ကူဒို့ပြည်သူနေ့" ရံပုံငွေစျေးရောင်းပွဲနှင့် "Undaunted" နွေဦးတော်လှန်ရေး မှတ်တမ်းရုပ်ရှင်တိုပြပွဲကို ပါရီမြို့တွင်ကျင်းပ
"အတူထောက်ကူဒို့ပြည်သူနေ့" ရံပုံငွေစျေးရောင်းပွဲနှင့် "Undaunted" နွေဦးတော်လှန်ရေးမှတ်တမ်းရုပ်ရှင်တိုပြပွဲကို ပါရီမြို့တွင်ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၅) ရက် တနင်္ဂနွေနေ့တွင် ပြင်သစ်နိုင်ငံရောက်မြန်မာများအသင်းမှ ကျင်းပခဲ့သော "အတူထောက်ကူဒို့ပြည်သူနေ့" ရံပုံငွေစျေးရောင်းပွဲနှင့် "Undaunted" နွေဦးတော်လှန်ရေးမှတ်တမ်းရုပ်ရှင်တိုပြပွဲကို ပါရီမြို့တွင်ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါပွဲတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက ပြင်သစ်ရောက် တော်လှန်ရေး ညီအကိုမောင်နှမများနှင့် မြန်မာ့အရေးတွင် ပါ၀င်ကူညီပေးနေကြသော ပြင်သစ်လူမျိုးများကို ကျေးဇူးတင်အားပေးစကားပြောကြားပေးခဲ့ပါတယ်။
တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ဖြစ်ပေါ်တိုးတက်လျက် ရှိသောအကြောင်းအရာများနှင့်အတူ တော်လှန်ရေးအမြန်အောင်မြင်ရေး နိုင်ငံတကာရှိ ပြည်သူများပါဝင်နိုင်မှုနှင့် နိုင်ငံတကာ၏ အားပေးထောက်ခံ ကူညီမှုရယူနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်များကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ နွေဦးအောင်လံကမ်ပိန်း ပြီးဆုံးသော်လည်း ဒရုန်းများအတွက် ထောက်ပို့လိုပါက ဆက်လက်လှူဒါန်းထောက်ပို့နိူင်
နွေဦးအောင်လံကမ်ပိန်းပြီးဆုံးသော်လည်း ဒရုန်းများအတွက် ထောက်ပို့လိုပါက ဆက်လက်လှူဒါန်းထောက်ပို့နိူင်တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီလအတွင်း နွေဦးအောင်လံ ကမ်ပိန်းကအသိပေးဆိုပါတယ်။
"ဒရုန်း အတွက် ကံစမ်းမဲလုပ်တဲ့ ကမ်ပိန်းပြီးသွားပေမယ့် DRONE အတွက် လှူချင်ရင် အမြဲလှူလို့ရပါတယ် ။ပွဲကအမြဲကနေရတဲ့အတွက် အလှူငွေက အမြဲလိုအပ်နေလို့ပါ"လို့ဆိုထားပါတယ်။
'နွေဦးအောင်လံလွှင့်တင်ဖို့ Federal drone တွေ ဝဲပျံစို့' Campaign မှ စုစုပေါင်း အမေရိကန် ဒေါ်လာ 102998 ( တစ်သိန်းနှစ်ထောင်ကိုးရာကိုးဆယ့်ရှစ် USD) ရရှိခဲ့ပါတယ်။ အဆိုပါကမ်ပိန်းဟာ Federal Wings ရဲ့ drone project ဖြစ်ပြီးတော့ စစ်ဆင်ရေးများအတွက် အသုံးပြု ဖြန့်ဝေမှာလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ မန္တလေးနှင့် မုံရွာမှ တော်လှန်ရေးအင်အားစုများမှ ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များသို့ နိုင်ငံရေးသိကောင်းစရာများ ဟောပြောပို့ချခဲ့
မန္တလေးနှင့် မုံရွာမှ တော်လှန်ရေးအင်အားစုများမှ ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များသို့ နိုင်ငံရေးသိကောင်းစရာများ ဟောပြောပို့ချခဲ့ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မှာ တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"မန္တလေးနှင့် မုံရွာမှ တော်လှန်ရေးအင်အားစုများမှ ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း/ဖွဲ့တစ်ချို့နှင့် ပကဖ အဖွဲ့များသို့ နိုင်ငံရေးသိကောင်းစရာများ ဟောပြောပို့ချခဲ့ပါတယ်။ ဖက်ဒရယ်ဆိုင်ရာအသိ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာအကြောင်းအရာများနှင့် မှန်ကန်သော သတင်းအချက်အလက်ပေးမှု၊ အဖွဲ့လိုက်စုပေါင်းလုပ်ဆောင်မှုများအား အဓိကထားပြီး ဆွေးနွေးပို့ချခဲ့တယ်"လို့ဖော်ပြပါတယ်။ ဒါ့အပြင် မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(MPDF) မှ ခေါင်းဆောင်တစ်ဦးကလည်း ပြည်တွင်းစစ်များအကြောင်းနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်တွင် အဓိကကျသော COC နှစ်ရပ်ကို ဆွေးနွေးပို့ချခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် အခြေခံနိုင်ငံရေးအသိ နှင့် စစ်ရေးအသိရှိကြရန် အထူးလိုအပ်သည်ဟု ထင်မြင်သည့်အတွက် ယခုလို နိုင်ငံရေးနှင့်သက်ဆိုင်သော သင်တန်းများ ဆွေးနွေးပေးခဲ့ခြင်း ဖြစ်ပြီး၊ ကျန်ရှိနေသော ဒေသများတွင်လည်း သင်တန်းများပြုလုပ်နိုင်ရန် ကြိုးပမ်းသွားမယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ အိန္ဒိယနိုင်ငံ နယ်စပ်မြို့များမှာ ခိုလှုံနေတဲ့ မြန်မာပြည်သူများကို ပြစ်ဒဏ်ချမှတ်မှုများ နှင့် ဖမ်းဆီးထောင်ချမှုများ၊ စစ်အုပ်စုလက်ထဲသို့ ပြန်ပို့သည့် လုပ်ရပ်များ ရပ်တန်းကရပ်ရန် ပြည်နယ်အစိုးရအား ဖိအားပေးရန်ပြင်ဆင်
အိန္ဒိယနိုင်ငံ နယ်စပ်မြို့များမှာ ခိုလှုံနေတဲ့ မြန်မာပြည်သူများကို ပြစ်ဒဏ်ချမှတ်မှုများ နှင့် ဖမ်းဆီးထောင်ချမှုများ၊ စစ်အုပ်စုလက်ထဲသို့ ပြန်ပို့သည့် လုပ်ရပ်များ ရပ်တန်းကရပ်ရန် ပြည်နယ်အစိုးရအား ဖိအားပေးရန်ပြင်ဆင်နေတယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ India4Myanmar က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
"အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်အတွင်း တရားမ၀င် ၀င်လာသော မြန်မာပြည်သူများကို နိုင်ငံသားတွေက လက်ခံထားရှိပါက တရားဥပဒေအတိုင်းအရေးယူမည်ဖြစ်ကြောင်းနှင့် မြန်မာတွေကို ဖမ်းပေးတဲ့ ရဲဌာနကိုကျေးဇူးတင်ကြောင်း စာရင်းနဲ့တကွလူမှုကွန်ရက်မှာ လှုံ့ဆော်လာပါတယ်"လို့ဆိုပါတယ်။
အဆိုပါ မြန်မာပြည်သူများအပေါ် ခိုး၀င်၊ ခိုးကူး၊ တရားမ၀င်၊ နယ်စပ်ဖြတ်ကျော်၊ အထောက်အထားမဲ့ စသည့် အသုံးအနှုန်းများ သုံးစွဲပြီးပြစ်ဒဏ်ချမှတ်မှုများ နှင့် ဖမ်းဆီးထောင်ချမှုများ၊ ပြည်နှင်ဒဏ်ပေး၍ စစ်အုပ်စုလက်ထဲသို့ ပြန်ပို့သည့် လုပ်ရပ်များ ရပ်တန်းကရပ်ရန် ပြည်နယ်အစိုးအား ဖိအားပေးကြရမယ်လို့ India4Myanmarကအသိပေးကြေညာပါတယ်။
========================
📌📌 ၉။ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ၍ စကစတပ်နဲ့ပျူများ ၁၀ဦးခန့်သေဆုံးကာ လက်နက်များသိမ်းဆည်းရရှိ
ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ၍ စကစတပ်နဲ့ပျူများ၁၀ဦးခန့်သေဆုံးကာ လက်နက်များသိမ်းဆည်းရရှိခဲ့ပါတယ်။ဖေဖော်ဝါရီ ၇ ရက် မှာ စစ်ရေးသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဖေဖေါ်ဝါရီ (၄) ရက် ညနေ(၄)နာရီခွဲအချိန် ပခုက္ကူ - ရေစကြို ကားလမ်းပိုင်းတွင် ကားနှစ်စီးနဲ့လိုက်ပါလာတဲ့ စစ်အုပ်စုနဲ့ပျူ (၁၄)ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ပခုက္ကူခရိုင် တပ်ရင်း(၃) က ပစ်ခတ်ခဲ့တာလို့သတင်းရရှိပါတယ်။
သိမ်းဆည်းရမိတဲ့လက်နက်များမှာ - carbine (ကာဘိုင်သေနတ်) (၆)လက်၊ carbine ကျည်ဘောက် (၆)ဘောက်၊ ကာဘိုင်ကျည် (၁၄၆)တောင့်၊ (MA-4) (သေနတ်) တစ်လက်၊ (MA-4) ကျည်ဘောက် (၅)ဘောက်၊ (၅.၅၆)ကျည် (၉၄)တောင့်၊ လက်ပစ်ဗုံး (၃)လုံး၊ (40-mm) ဗုံးသီး (၄)လုံး၊ ဖုန်း(၃)လုံး၊ power bank (၁)လုံး၊ equipment (၁)ခု၊ ရေဗူး တစ်ဗူး၊ super custom ကားတစ်စီး၊ ဗလာကျည် (၃)တောင့်သိမ်းဆည်းရမိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment